ဘ၀မှာ အသက်မွေးဝမ်းကျောင်းအလုပ်ကလဲ အဓိက အချက်ထဲမှာပါတာမို့ ကိုယ်ကလဲ အမြဲပဲ လေးလေးစားစား လုပ်ခဲ့တယ်။ ကိုယ်ဝါသနာ မပါတဲ့အလုပ်ဖြစ်စေဦး၊ ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်မို့ ဗမာပီပီ စေတနာရှိရှိ ရိုရိုသေသေပဲ လုပ်ခဲ့၊ လုပ်နေတယ်။ အလုပ်ကို တာဝန်ကျေချင်တာလဲ တကြောင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အနေနဲ့ မှန်မှန်ကန်ကန် လုပ်ချင်တာလဲ တကြောင်းပေါ့။
အလုပ်လို့ စဉ်းစားလိုက်မိရင် အရင်ဆုံး သတိရမိတာက ကိုယ်လဲ ၀ါသနာပါပြီး၊ အပျော်ရွှင်ဆုံးလဲ ဖြစ်တဲ့ ကိုယ့်ပထမဆုံးအလုပ်ပေါ့။ သင့်ဘ၀မဂ္ဂဇင်း မှာ လုပ်ခဲ့တာပါ။ အဲဒီတုန်းက အသက်က ၂၃နှစ်။ ကိုယ့်ဆရာတွေက ဆရာဦးတင်မောင်သန်း နဲ့ ဆရာ မောင်သစ်ဆင်း တို့ပေါ့။ ဆရာမောင်သစ်ဆင်းကိုတော့ အေးလွန်းလို့ ကိုယ်က ဆရာမောင်သစ်တုံး လို့ ခေါ်တယ်။ ငွေစာရင်းကိုင်တဲ့ ဦးတင်အောင်ဝင်းဆိုတဲ့ ဦးတယောက်လဲရှိတယ်၊ ဒီဇိုင်းတွေလုပ်တဲ့ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်လဲ ရှိပါတယ်။
အဲဒီမှာ ကိုယ်က ကျောပိုးအိတ်တလုံးနဲ့ လမ်းတကာ လျှောက်သွားပြီး အားလုံးကို လိုက် လော ရတော့တာပဲ။ မဂ္ဂဇင်း ပုံမှန် အချိန်မီ ထွက်နိုင်ဖို့ စာမူဖတ်ရတယ်၊ စာမူရွေးပြီး ဆရာတွေဆီ တင်ရတယ်၊ ဆရာတွေ ရွေးပြီဆိုရင် ကွန်ပျူတာ စာစီဖို့ ပို့ရတယ်။ အဲဒီတုန်းက ကွန်ပျူတာဆိုတာကလဲ ရှားသေးတော့ အမြန်ဆုံး ကိုယ့်စာမူရိုက်ဖို့ အချိန်မီဖို့ ပြောရ၊ လောရ တယ်။ ၀င်းမောက် ပုံနှိပ်စက်က ဦးနဲ့ အမကြီးဆို ကိုယ့်ဒဏ်ကို ကောင်းကောင်း ခံခဲ့ရတာ။
နောက် ဒီဇိုင်း။ အရင်က သင့်ဘ၀က ရိုးရိုးပဲ စာကို အဓိကထားခဲ့တော့ ဒီဇိုင်းမှာလဲ နည်းနည်းတော့ ပြင်ပြင်ဆင်ဆင်လေး ဖြစ်အောင် ကြိုးစားရသေးတယ်။ ဒီစာပေလောက ဆိုတာကလဲ ကိုယ်ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့ရတာဆိုတော့ အားလုံးက အဖေ့ကို ချစ်ခင်တဲ့ စိတ်နဲ့ ကိုယ် လော သမျှ၊ အနိုင်ကျင့်သမျှ သည်းခံကြတယ်။ အထူးသဖြင့် စာမူတွေကို သရုပ်ဖော်တဲ့ ဒီဇိုင်းဆရာ၊ ပန်းချီဆရာတွေပေါ့။
ဒီဇိုင်းဆရာ၊ ပန်းချီဆရာဆိုတာကလဲ သူတို့ ဈာန်ဝင်စားရာ ဆွဲတတ်ကြတာ။ ဥပမာ ပန်းချီဆရာတယောက်က သရုပ်ဖော်ပုံကို ဒီလမှာ ပိုးကောင်လေး ဆွဲတယ် ဆိုပါတော့၊ နောက်တလလဲ သူ့ကို အပ်တော့ ပိုးကောင်လေးက ဒေါင်လိုက်လေး ပြေးနေတယ်။ နောက်တလကျတော့လဲ ပိုးကောင်လေး ပဲ၊ ထောင့်လေးမှာ ကပ်ပြီး ဘေးတိုက်လေး သွားနေတယ်။ ဒါဆို ကိုယ်နဲ့ တွေ့ပြီ။ နောက်တခါ ပိုးကောင်လေး ချိုသင်းတို့ သင့်ဘ၀မှာ လာမဆွဲနဲ့ မမြင်ချင်ဘူး ပြောပစ်လိုက်တာ။ ပန်းချီဆရာကလဲ အေးပါ အေးပါဟာ ဆိုပြီး ရီလို့။
နောက်တယောက်ကတော့ အဲဒီတုန်းက မုဒ်ဝင်နေလို့ဆိုလား၊ ကြိုးတွေချည်း ဆွဲတယ်။ ပထမ ကဗျာက မြစ်အကြောင်းဆိုတော့ ကြိုးပုံကောက်ကောက်လေး ဆွဲတော့ မြစ်လိုလို ဖြစ်နေတာမို့ ရှိစေတော့။ နောက်ထပ်ကဗျာကတော့ မီးရထားနဲ့ ခရီးသွားတဲ့အကြောင်း။ အဲဒါလဲ ကြိုးပုံပဲ။ အင်း..ရထားလမ်းလိုလို ဖြစ်နေပါတယ်လေ ဆိုပြီး မပြောသေးဘူး။
နောက်တပုဒ်ကျတော့ သားအဖနှစ်ယောက်၊ ခေတ်နှစ်ခေတ်အကြောင်း စပ်ထားတာ။ အဲဒါကိုတော့ သူဆွဲတဲ့ဘေးမှာ သွားထိုင်ကြည့်နေလိုက်တယ်။ ပန်းချီဆရာကလဲ သိတယ်။ သူ့ကို ပြောဖို့စောင့်နေပြီဆိုတာ။ စပ်ဖြဲဖြဲနဲ့ ပန်းချီဆွဲတယ်။ ကြိုးလေး မျှင်မျှင် လဲ လုပ်ချင်သေးတယ်။ ဘေးကနေ အဟမ်း၊ အဟမ်း လုပ်လိုက်မှ တခြားပုံ ပြောင်းသွားတယ်။
နောက်တယောက်ကတော့ ဘော်လုံးလေးတွေချည်း ဆွဲတာ။ လူဆိုရင် မျက်လုံးနှစ်လုံး ဘော်လုံးလေးမှာ တပ်လိုက်တာ။ ဒါပဲ.. ပြီးပြီ။ ကိုယ်က အနုပညာနားမလည်တော့ ဒါမျိုးဆို သိပ်မကြိုက်ဘူး။ အရမ်းလွယ်တယ် ထင်နေတယ်။ ကိုယ်ဆိုးတာ ပြောပါတယ်။ ဒါနဲ့ လာပြန်ပြီလား ဒီဘော်လုံးလို့ ပြောတော့ ကျနော် ဒီလို ဘော်လုံးလေး ထောင်နေဖို့ တော်တော်ကျင့်ထားရတာ တဲ့။ မျက်နှာလေး ငယ်ပြီး ပြောတယ်လေ။
ကိုယ်တို့မှာ စာမူကလဲ နှစ်မျိုးနှစ်စား ရှိတယ်။ တောင်းစာမူနဲ့ ရွေးစာမူ တဲ့။ တောင်းစာမူ ကတော့ စာရေးဆရာကြီးတွေဆီက တောင်းရတာ။ ကိုယ့်မဂ္ဂဇင်းမှာ သူ့စာမူ ပါချင်လွန်းလို့ တရိုတသေတောင်း၊ အိမ်အထိ သွားယူရတာ။ ဒါပေမဲ့ ကိုယ်လုပ်ခဲ့တဲ့အချိန်မှာတော့ ဆရာကြီးတွေက လာယူလှဲ့ လို့ ချိန်းရင် မပြီးသေးလို့ဆိုပြီး ပြန်လှည့်လာခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကိုယ့်အပေါ်မှာ စေတနာထား အချိန်မီရေးပေးခဲ့ကြတာ တကယ်ပဲ မမေ့နိုင်ဘူး။
အထူးသဖြင့် ဆရာ ဦးမြသန်းတင့်ပါ။ အင်မတန်ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်တဲ့ ဆရာပါ။ ဘယ်နေ့ စာမူ လာယူရမလဲဆရာ လို့ မေးရင် သူပြီးမဲ့အချိန်ပဲ ပြောတယ်။ ဘယ်တော့မှ ဂတိမပျက်ခဲ့ဘူး။ ဗုဒ္ဒဟူးနေ့လာခဲ့ သမီးရေ ဆိုရင် အတိအကျကို ရတယ်။
တခါတလေ ဆရာအလုပ်များနေလို့ မပြီးသေးရင်လဲ အိမ်ပေါ်ထပ်မှာ လက်နှိပ်စက်လေးနဲ့ တဂျောက်ဂျောက် လက်တမ်းရိုက်နေတယ်။ စာမူကို စောင့်ယူရတယ်။ နောက်နေ့မှ လာယူ၊ မပြီးသေးဘူးလို့ ပြောလိုက်လဲ ရနေတာပါပဲ။ ဒါပေမဲ့ တက်ကြွနေတဲ့ လူငယ်စိတ်ကလေးကို စိတ်မပျက်သွားစေချင်လို့ အလုပ်တွေ များရက်နဲ့ ဂတိတည်အောင် ကြိုးစားခဲ့တယ်လို့ ဆရာ့စေတနာကို နားလည်ခံစားမိပါတယ်။
ကိုယ်လုပ်တဲ့ အချိန် ၉၄ခု တုန်းက မိန်းကလေး အယ်ဒီတာဆိုတာ ငယ်ငယ်ရွယ်ရွယ် ဒီလိုပြေးလွှား၊ လျှောက်သွားနေတာမျိုး သိပ်မရှိသေးဘူး။ ဒါကြောင့် ဆရာက ကိုယ်စာမူရလို့ ပြန်တော့မယ်ဆိုတိုင်း “ဖြစ်ရဲ့လား၊ ဘတ်စ်ကားစီးရတာ အဆင်ပြေရဲ့လား” အမြဲမေးတတ်တာပါ။ နေပူတုန်းပဲ သမီး၊ သမီးအံတီနဲ့ ကော်ဖီသောက်ရင်း နေအေးကို စောင့်လိုက်ပါအုံး လို့လဲ ပြောတတ်တာပါ။
ဆရာဆုံးတော့ ကိုယ်က စင်ကာပူမှာ..။ ဆရာလိမ့်ကျတယ်ဆိုတဲ့ အဲဒီ လှေကားလေးကနေ စာမူလေးကိုင်ပြီး ဆရာဆင်းလာတာကို မတ်တပ်ရပ်ရင်း၊ ပြုံးရင်း ကြိုခဲ့ဖူးတာမို့ ကိုယ်မြင်ယောင်ပြီး ငိုခဲ့ရတယ်။ မြန်မာစာပေလောကရဲ့ ကျေးဇူးရှင်ကြီး ဆုံးရှုံးလိုက်ရလို့ပေါ့။
နောက် - မြန်မာပြည်မှာ မဂ္ဂဇင်းလုပ်ပြီဆိုရင် မပါမဖြစ်က စာပေစိစစ်ရေးပဲ။ ကိုယ့်ကို စာပေစိစစ်ရေးရဲ့ လုပ်ပုံကိုင်ပုံတွေကို သင်ပေးခဲ့တာ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်ပါ။ (အခု သူက နံမည်ကြီး ဒီဇိုင်းဆရာ ဖြစ်နေပြီ။) ကိုယ့်မဂ္ဂဇင်းကလဲ သူတို့ မျက်စိ စပါးမွှေးစူးစရာ အချွန်အတက်နဲ့ချည်း။ သင့်ဘ၀တို့ စာပေဂျာနယ်တို့ဆိုတာ သူတို့ အမဲပဲ။
စာပေစိစစ်ရေးက ဆရာသမားများကလဲ အမြဲ ၀င်ထွက်နေတော့ လူကိုတော့ ခင်ပါတယ်၊ စာကိုတော့ မခင်နိုင်ပါ ဆိုတဲ့ မူ ကို ကျင့်သုံးကြတယ် ထင်ပါရဲ့။ သင့်ဘ၀ဆိုရင် မှန်ဘီလူးနဲ့ ကြည့်ကြတယ်။ တခါတလေတော့လဲ တွေးမိတယ်။ ဘယ်လောက်များ ငရဲကြီးလိုက်မလဲ လို့။ စာပေသားသတ်ရုံကြီးထဲ ၀င်သွားရသလိုပဲ။ အဲဒီကို သွားရတာ ကိုယ်ဘယ်တော့မှ မပျော်ခဲ့ဘူး။
သင့်ဘ၀မှာ ကိုယ်အပျော်ဆုံးအလုပ်က အင်တာဗျူး လုပ်ရတာပါ။ အဲဒီအတွေ့အကြုံတွေက ကိုယ့်ဘ၀ကို အများကြီး အထောက်အကူပြုတယ်လို့ ယုံကြည်ပါတယ်။ မဂ္ဂဇင်းအတွက် cover story ကို ဆရာနှစ်ယောက်ကပဲ ပင်တိုင်ရေးကြပါတယ်။ သူတို့ရေးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းရ၊ အင်တာဗျူးရတယ်။
ကိုယ်က နားထောင်ရတာ သဘောအကျဆုံး။ အင်တာဗျူးလုပ်ရတဲ့ ပုဂ္ဂိုလ်ကြီးတွေက အစုံပဲ။ ဆရာတွေကမေး၊ ကိုယ်က အသံဖမ်း၊ သိချင်တာ ၀င်မေးပေါ့။ တိပိဋိက ဆရာတော် ဦးသုမင်္ဂလ ကိုလည်း မုသားဆိုတာ ဘာလဲ တဲ့။ မုသားတွေပေါတဲ့ အချိန်ကြီးမှာ အချိန်ကိုက်ပါပဲ။ ဆရာတော်က အဲဒီတုန်းက မော်စကိုက ပြန်လာခါစလေ။
တက္ကသိုလ်ပါမောက္ခ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ပညာရဲ့ အရေးပါပုံ အခန်းဆက် ဆောင်းပါးတွေလဲ စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ ဒါနဆိုတဲ့ ဆောင်းပါးအတွက် ဘဘဦးသုခကိုလည်း မေးရပြီး အတတ်ပညာရှင် အနုပညာရှင်တွေနဲ့လဲ ထိတွေ့ရတယ်။ cover story အတွက် စာပုဒ်လေး တပုဒ်ရဖို့ ပညာရှင်တွေနဲ့ တွေ့ဆုံရသလို AIDS လိုဆောင်းပါးအတွက် ပြည့်တန်ဆာလေးတွေနဲ့လဲ တွေ့ရတာပါပဲ။ မိဘမဲ့ကလေးကျောင်းလေး ကိုသွားတော့ အင်တာဗျူးရင်း၊ နားထောင်ရင်း မျက်ရည်စက်လက်နဲ့ပါ။
အလုပ်ဆိုတာကို ၀န်ထုပ်ဝန်ပိုးတခုလို မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင် စိတ်ပါဝင်စားပြီး လုပ်ရတာ ကိုယ့်ဘ၀မှာ တကယ့်ကို အမှတ်တရ ဖြစ်ခဲ့တာပေါ့။ ကိုယ့်ကို အသိပညာလဲပေး၊ စိတ်ချမ်းသာမှုလည်း ပေးတဲ့ ဒီပထမဆုံးအလုပ်ကို ဘယ်မေ့နိုင်ပါ့မလဲ။ ဘ၀မှာ အရေးပါတဲ့ အခန်းတခုအနေနဲ့ အဲဒီအချိန်တွေကို တန်ဖိုးထားနေခဲ့ပါတယ်။
နောက်..ကိုယ်က ရောင်နောက် ဆံထုံးပါ၊ ဘိုကေနောက် ဆံရှည်ပါ ဆိုတော့ လက်ထပ်ပြီး စင်ကာပူလိုက်သွားမယ်ဆိုတော့ နေ့စဉ် နေ့တိုင်း စိတ်ရောကိုယ်ပါ ကြိုးစားလုပ်ခဲ့တဲ့ အလုပ်ကလေးကို တိကနဲ ဖြတ်လိုက်တာ။ ရွှေတိဂုံဘုရားလမ်းက အခန်းလေးကို လုံးလုံး လှည့်မကြည့်တော့ဘူး။ ဆရာတွေက မျှော်နေသေးတယ်။ ကိုယ်ကတော့ အလုပ်သံယောဇဉ်ကို စိတ်မခိုင်လို့ မကြည့်တော့ဘူး။
ဒီလိုနဲ့ ကိုယ့်ကို ကိုယ်ပိုင် အလင်းရောင်လေးပေးခဲ့တဲ့ ဒီအလုပ်ကလေးကို သေတ္တာထဲ တမြတ်တနိုး သိမ်းထားလိုက်ပြီ။ ကိုယ့်မင်္ဂလာဆောင်မှာ စာပေမိတ်ဆွေတွေက စ နောက်ပြီး သင့်ဘ၀မှာ ကိုယ်မရှိတော့မှာမို့ “သင့်ဘ၀ အတွက်ပဲ တွေးကာပူမိသည်” လို့ ဆိုကြတာကိုတော့ အခုအချိန်မှာ ပြန်တွေးရင်တောင် ကျေနပ်နေမိပါသေးတယ်။
မိုးချိုသင်း