ပျော်စရာကောင်းလို့ အောက်မေ့တယ်..

ကိုယ်တို့ငယ်ငယ်တုန်းက မိဘတွေက အရမ်းကို လွတ်လပ်ခွင့်ပေးထားတဲ့ သဘောမှာရှိတယ်။ ကလေးပဲ ဆော့ပါစေ ဆိုပြီး ဘယ်လောက်ဆော့ဆော့ မပြောဘူး။ ခုခေတ်ကလေးတွေလိုလဲ စာတွေက မဖိစီးသေးဘူး။ ဒါမှမဟုတ် မိဘတွေက ကြီးကြီးမားမား သိပ်မမျှော်လင့်တာလဲ ဖြစ်ချင်ဖြစ်မယ်လေ။ အဲဒီတော့ ငယ်ငယ်တုန်းကဘ၀တွေက ပြန်တွေးရင် ပျော်စရာ အကောင်းသား။

ပျော်ဆို အဖော်ကလဲ ကောင်းတယ်လေ။ မောင်နှမ ၅ယောက်ဆိုတော့ အုပ်တောင့်တယ် ဆိုရမှာပေါ့။ ဘာကစားကစား၊ ဘယ်သွားသွား တတွဲကြီးဆိုတော့ အိမ်ကလဲ စိတ်မပူဘူးပေါ့။ ကိုယ်တို့က အငယ်တွေဆိုတော့ အကြီးတွေလုပ်ရင် အကုန်လိုက်လုပ်ပဲ။ အထင်လဲကြီးတယ်။

ကိုယ့်အမတွေထဲက အမအလတ် မအေးက ဟာသ သမား။ သူက အိမ်ကို ဧည့်သည်တယောက် လာလည်လို့ ပြန်တာနဲ့ သူက အဲဒီဧည့်သည်ရဲ့ အမူအယာကို ချက်ချင်း ပြန်လုပ်ပြနိုင်တယ်။ အဖေတို့ အမေတို့ဆိုရင် သူလုပ်ပြတာ ရီရလွန်းလို့ ငါ့သမီးရယ် တော်ပါတော့ ပြောရတယ်။ အမြဲတွေ့နေကျအဖေက သတိမထားမိဘဲ သူက ကလေးပေမဲ့ တချက်ကြည့်တာနဲ့ အဲဒီလူရဲ့ အမူအရာကို တကြောင်းဆွဲလုပ်ပြတတ်တယ်။အဖေတို့မှာ နောက်တခါ အဲဒီလူနဲ့တွေ့ရင် မရီမိအောင် မနည်းသတိထားနေရတာ။ မောင်နှမအားလုံးထဲမှာ ဟာသဥာဏ် အရွှင်ဆုံးလို့ ပြောရမှာပေါ့။

အဲဒီတော့ ဧည့်သည်လာရင် ကိုယ်တို့က အိမ်ထဲက အမြဲချောင်းကြည့်တာ။ သူပြန်ရင် မအေး ဘယ်လိုလုပ်ပြမလဲ သိချင်လို့၊ ရီချင်လို့။ နောက်တခုက ဧည့်သည်ကို ကျွေးတဲ့မုန့်တွေ ပိုရင် စားချင်လို့။ အမေက ဘယ်တော့မှ ကိုယ်တို့ကို အစားအသောက်နဲ့ ပတ်သက်ရင် မကန့်သတ်ဖူးဘူး။ ကြိုက်သလောက်စား ပဲ။ ဒါပေမဲ့ ကလေးဆိုတော့ ဘယ်လောက်စားရစားရ ဧည့်သည်ကို ကျွေးတယ်ဆိုရင် အမွန်အမြတ်ပဲ၊ ကိုယ့်ဟာထက် ပိုကောင်းတယ်ပဲ ထင်တာကိုး။

အဲဒါနဲ့ လိုက်ကာကြားထဲက ချောင်းကြည့်နေတတ်တာပေါ့။ အဖေ့မိတ်ဆွေတွေကလဲ ချောင်းကြည့်နေတာ သိမှာပါ။ ဒါပေမဲ့ ကလေးတွေဆိုတော့ ဘာပြောမှာလဲ။ ကြည့်..ကြည့်ပစေပေါ့။ တခါတလေများ တယောက်ပြီးတယောက် ထပ်ပြီး ကြည့်ကြတော့ လိုက်ကာတန်းပြုတ်ကျပြီး တထွေးကြီး အရှိန်လွန်ပြီး ဧည့်သည်ရှေ့ ၀မ်းလျားမှောက် သွားတာကလဲ ရှိသေးတာ။ အဲဒါဆိုလဲ အဖေက အော် ငါ့သမီးတွေ တယ်ဆော့တာကိုး လောက်ပါပဲ။ ကိုယ်တွေကလဲ ကုန်းထ ပြီး ပြန်ဝင်ပြေးကြတာပဲ။

ဧည့်သည်ပြန်ရင်တော့ အိမ်ရှေ့လောက်ရောက်တာနဲ့ ပြေးပြီး မုန့်တွေ ၀ိုင်းလု စားကြတာ။ တခါတလေ ဧည့်သည်က ထီးကျန်ခဲ့လို့ပဲ ဖြစ်ဖြစ်၊ အိတ်ကျန်ခဲ့လို့ပဲ ဖြစ်ဖြစ် ဧည့်ခန်းထဲကို ပြန်ဝင်လာရင် ပက်ပင်းမိတော့တာပါပဲ။ အဲဒီတော့လဲ ဘယ်တတ်နိုင်ပါ့မလဲလေ။ ကလေးကိုး။

နောက်တခါ ထုပ်စီးတိုးတို့၊ ခြေတပေါင်ကျိုးတို့ ကစားရတာ ပျင်းရင် ခြံထဲမှာ ရှိတဲ့ သူငယ်ချင်းတွေ အကုန်လုံး စုလိုက်ကြတယ်။ ကလေးတအုပ်ကြီး ပေါ့။ အဲဒါကို မအေးက ဦးဆောင်ပြီး လမ်းမှာ ဖြတ်သွားတဲ့ လူကြီးတယောက်ယောက်ကို ခပ်တည်တည်နဲ့ လမ်းမေးတယ်။
"ဦး အင်းလျားဆောင်ကို ဘယ်လို သွားရလဲဟင်" ပေါ့။ "သမီးတို့ အဒေါ်ဆီကို သွားချင်လို့" ပေါ့။ အဲဒါဆို အဲဒီအမေးခံရတဲ့ လူကြီးက စိတ်အရမ်းပူသွားပြီ။ သမီးတို့ လူကြီးမပါဘူးလား၊ ဘာလုပ်ဖို့ သွားမှာလဲ ဘာညာပေါ့။ ကြည့်လိုက်တော့ စိတ်လဲ ပူချင်စရာလေ။ ကိုယ်တို့ ကလေးအသေးလေးတွေကလဲ နောက်မှာ ပါသေးတယ်၊ ကွိကျိ ကွိကျိနဲ့ တအုပ်လုံး ကလေးတွေချည်း။ တကယ်တော့ သူဒီလို စိတ်ပူအောင် ဖန်တီးထားတာ မသိရှာဘူး။

အဲဒါနဲ့ အဲဒီလူကြီးလဲ ကလေးတွေဆိုတော့ လမ်းပျောက်ကုန်မှာလဲ စိုးတယ်၊ ဖြစ်နိုင်ရင် အင်းလျားဆောင်က အဒေါ်ဆိုတာဆီ လိုက်တောင် ပို့လိုက်ချင်တယ်၊ ဒါပေမဲ့ သူ့မှာကလဲ သွားရအုံးမှာ ရှိသေးတယ်။ အဲဒီတော့ သူက လမ်းမမှားအောင် အသေအချာ ကို ရှင်းပြတော့တာပါ။ တကယ်တော့ အဲဒီ အင်းလျားဆောင်တို့ဆိုတာ ကိုယ်တို့က ညတရေးနိုး ထ မေးတောင် သွားတတ်ပါတယ်။ ဒီနယ်မြေမှာ မွေးခဲ့တာ၊ ကြီးတာဆိုတော့ တက္ကသိုလ်တခုလုံး ကိုယ်တို့ ဆော့ခဲ့တဲ့ ခြေရာချည်းလေ။

"ကဲ သမီးတို့၊ ရှေ့ကပုဂံလမ်းလေးကို တွေ့လား၊ အဲဒီကနေ တည့်တည့်ကြီးသွား၊ ဘယ်ကိုမှ မကွေ့နဲ့နော်..ပြီးတော့ လမ်းဆုံးရောက်ရင် ညာဖက်ကို ချိုးလိုက်၊ သိပြီလား သမီး၊ ဘယ်ဘက်လဲ.."
"ဟုတ်ကဲ့ ညာဖက်ပါ ဦး၊ ညာဖက်ဆိုတာ ဒီဖက် မဟုတ်လားဟင်" (ညာဖက်ဆိုပြီး ဘယ်ဘက်ကို ပြပြီး တလွဲလုပ်လိုက်သေးတာ..)
"အင်း ငါ့နှယ်၊ စိတ်ပူပါ့ကွာ၊ ကဲ လာလာ ဦးလိုက်ပြမယ်.."

အဲဒီတော့ မျက်နှာသေလေးတွေနဲ့ သူလမ်းပြတာ လိုက်သွားကြတယ်။ သူပြတဲ့ လမ်းအတိုင်းလဲ ဆက်သွားသလိုလို လုပ်လိုက်သေးတယ်။ သူကလဲ သူ့ခရီးသူ ဆက်မသွားနိုင်သေးဘဲ ကိုယ်တို့အုပ်ကြီးကို မျှော်ကြည့်လို့॥။ ပြီးမှ ကိုယ်တို့လဲ ခွိခွိ ခွိခွိ ဆိုပြီး ပြန်ပြေးလာကြရော၊ သူ့ဘေးက ဖြတ်ပြီး ခြံထဲတောင် ပြေးဝင် သွားသေး။ သူလဲ ပထမတော့ အံ့အားသင့်လို့။ ပြီးမှ နောက် မှန်း ရိပ်မိပြီး ပွစိပွစိနဲ့ ထွက်သွားတော့တာလေ။

တခါတလေကျတော့လဲ တမျိုး ကစားကြသေးတယ်။ ကိုယ်တို့ခြံရှေ့မှာ ဘတ်စ်ကားမှတ်တိုင် ရှိတော့ အဲဒီတုန်းက ၁၆ ကားကြီးတွေ ပြေးတယ်။ ပုဂံလမ်းထိပ်ပေါ့။ ဒီလိုပဲ ကလေးတွေ တအုပ်ကြီး ခြံထိပ်မှာထိုင်ပြီး ဘာလုပ်ကြရင် ကောင်းမလဲ စဉ်းစားနေကြတာ။ နောက်တော့ မအေးက အကြံရတယ်။

ဘတ်စ်ကားလာရပ်တဲ့အချိန်မှာ အချိန်ကိုက်ပြီး ဘတ်စ်ကားဆီ ပြေးကြတာကိုး။ ဘတ်စ်ကားကလဲ စီးမယ်ထင်ပြီး စောင့်တယ်။ စပယ်ယာကလဲ ဟိုး ဆရာရေ့..၊ ကလေးတွေ လိုက်မယ် တဲ့။ ဆယ်ပြားတွေ လိမ့်လာတယ် တဲ့။ (အဲဒီခေတ်တုန်းက ဘတ်စ်ကားခက ဆယ်ပြားကိုး)။ ကိုယ်တို့လဲ ဘတ်စ်ကားနားရောက်တော့ တက်မလိုလိုနဲ့ တခါတည်း ဘတ်စ်ကားကို ကျော်ပြီး ပြေးသွားတယ်။

စပယ်ယာကလဲ ကြောင်ပြီး ကြည့်လို့။ စောင့်နေတာ..စောင့်နေတာ။ တက်မယ် ထင်လို့။ ကိုယ်တို့ကလဲ ဟိုရှေ့မှာပဲ သိပ်အရေးကြီးနေသလိုလို ပုံလုပ်ပြီး သူ့ကိုကျော်ပြီး ပြေးသွားကြတာ။ စပယ်ယာလဲ စိတ်ဆိုး၊ ဒရိုင်ဗာလဲ စိတ်ဆိုးပြီး ၀ူးကနဲ မောင်းထွက်သွားတာ။ ကိုယ်တို့မှာ တခွိခွိ ရီမဆုံးဘူး။

နည်းနည်းကြီးလာတော့ ဒါမျိုးတွေ မလုပ်တော့ပါဘူး။ တကယ်ပြောတာပါ။ ငယ်ငယ်တုန်းက ဆော့ခဲ့တာလေးတွေ သတိရလို့ ပြန်ပြောပြတာ။ တခါတလေကျတော့လဲ ဖြူစင်ပြီး အပူအပင်ကင်းတဲ့ ကလေးဘ၀ကို ပြန်သတိရမိတာပါလေ..။

မိုးချိုသင်း

18 comments:

ဂျစ်တူး - gyit_tu said...

ဟယ် အမတို့က တော်တော်ဆိုးး)

ဒါပေမယ့် တခုရှိတာ ငယ်ငယ်က ဆိုးသမျှဟာ ဘယ်သူ့ ကိုမှ နစ်နာစေချင်တာမျိုး လုံးဝမပါတဲ့ ဖြူစင်မှုအပြည့်နဲ့ပဲ ။

khin oo may said...

မိုးချိုသင်း အရေးကောင်းလို. တို. လဲ အတွေးတွေ ဆန့်သွားလိုက်တာ. မောင်နှမ တွေ ကို လွမ်းလိုက်တာ. ။ ..မရှိတော့တှဲုံ အဖေနဲ. အမေ ကို လဲ သတိရ လိုက်တာ.။ ဘာဘဲဖြစ်ဖြစ် ဘလော.ဖြစ်နေပြီ MCT ရေ.။

ဇနိ said...

အမရယ် လိုက်ကာတန်းကြီးပြုတ်ကျတယ်တဲ့။ ရယ်လိုက်ရတာ တယောက်ထဲအသံတွေထွက်လို့။
လူကြီးတွေကို အတော်နောက်ခဲ့တာနော် ဟား ဟား ဟိုလမ်းပြတဲ့ဦးကြီးတော့ ကလေးအုပ်ကြီးကို လိုက်ထုချင်နေလောက်တယ်။
“ဒို့ငယ်ငယ်တုန်းအရွယ် ယောင်ပေစူးလေးတွေနဲ့ ဘယ်ဘက်ကို ညာဘက်လုပ်ကာ ကျီစားခဲ့တယ်..
ပြေးလွှားပျော်ပါးတယ် ဆယ်ပြားတွေတလိမ့်ကြီးနဲ့ ဒရိုင်ဘာကြီးစိတ်ဆိုးအောင် ပြုစားပြန်တယ်...“
မဇနိ

Kay said...

မဇနိ ပြောသလိုပဲ- အသံထွက် ပြီး တောင် ရီ မိ တော့တယ်။
အဲလို ဘ၀ မျိုး တွေက..ကျမ တို့မျိုးဆက် မှာ..တော်တော်တူ ကြတယ်နော်။ မိသားစု တွေမှာ- မောင်နှမ က..၃ ယောက် ကနေ.. ၅ ယောက် ။ ဘေးနီးနားချင်း ကလေး တွေ နဲ့..ရော နှော ဆော့လှောင်။ မိဘ တွေ ကလည်း.. ခု ခေတ်လို အရိပ်တကြည့်၂ ပိုးမွေး ပြီး..ပူ မနေ ဘူး။ ကလေး ချင်း မောင်နှမ ချင်း ပြန် ထိန်းသွား တာပဲ။ ခု ခေတ်လို..ဂိမ်း စက် နား မှာ ထိုင် ဆော့ စရာ လည်း မရှိ။ မြေကြီး နဲ့ အမြဲ ထိစပ် ပြီး.. ဆော့လှောင် ပျော်ပါး နေ ကြ တာ ပဲ။

မျိုးဆက် တွေ..ခေတ် တွေမတူ တော့ဘူးနော်- အင်း လွမ်းတယ်..လွမ်းတယ်။

ပီတိ said...

တကယ်ပဲ အသံထွက်အောင်ရီရတယ်အမရေ…
ကြံကြံဖန်ဖတ်လည်း နောက်တတ်တယ်နော်….ဟားဟား

ဟုတ်တယ်.. ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ။ မောင်နှမ အရင်းတွေ ၀မ်းကွဲတွေနဲ့ တပြုံကြီးဆော့ကြတာ….

များသောအားဖြင့် အဒေါ်တယောက်အိမ်မှာ စုပြီး ဆော့လေ့ရှိတယ်လေ။ အဲဒီတုန်းက ခြောက်လမာလကာပင် (ကီလိုမာလကာလို့လည်းခေါ်တယ် - စိုက်ပြီး ခြောက်လဆို အသီးသီးတယ်ဆိုပြီး အပင်ကို ရောင်းတာလေ) ဆိုတာ ပေါ်ကာစ ခေတ်စားကာစပေါ့… အဲဒီအဒေါ်က ခြောက်လမာလကာပင်ကိုစိုက်ထားပြီး အရိပ်တကြည့်ကြည့်နဲ့ပေါ့။ မာလကာပင်ကတော့ ခြောက်လလည်းမသီး၊ တနှစ်လည်းမသီး နဲ့ပေါ့။ အသီးသီးမလို အပွင့်လေးပွင့်လိုက် အသီးမတင်လိုက်နဲ့ဖြစ်နေတာ။

တရက်ကျ ဆော့နေရင်း ပျင်းလာတော့ ဘာလုပ်ရင်ကောင်းမလဲပေါ့…. အဲဒါနဲ့ အဒေါ်ကိုစဖို့ အကြံရလာပါတယ်။ တခြားမာလကာပင်ကနေ အသီးနုနုလေးတွေခူးပြီး ခြောက်လမာကာပင်မှာ အပ်ချည်ကြိုးနဲ့ချည်ပြီးထားပါတယ်။ သူ့အပင်ကို အရိပ်တကြည့်ကြည့်နေတဲ့ အဒေါ်ကလည်း သူ့အပြင်ပေါ်မှာ အသီးလေးတွေရှိနေတာကို နေ့ချင်းသိသွားပြီး သူ့ရဲ့မာလာကာပင်က တနှစ်ပဲရှိသေးတာ သီးနေကြောင်းကို ရှိတဲ့လူတွေကို ၀မ်းသာအားရပြောပါတယ်။ ကျွန်တော်တို့ကတော့ နောက်ကနေ ကြိတ်ပြီး တခွိခွိနဲ့ရီနေတာ…

အဒေါ်လည်း အပင်နားသေချာသွားကြည့်ရော… ချည်ထားတဲ့ကြီုးကိုတွေ့ပြီး မာလကာသီးအတုတွေဖြစ်တာသိသွားပါတယ်။ ကျွန်တော်တို့ကလည်း တဟီးဟီးနဲ့ရီနေတော့ ဘယ်သူလုပ်တယ်ဆိုတာသိသွားပြီး ကောင်လေးတွေ လူကြီးကိုတော်တော်နောက်တယ် ဆိုပြီး စိတ်မဆိုးပဲ ခေါင်းကိုပုပ်သွားပါတယ်…. :P

myatnoe said...

အဟိအဟိ..
ခစ်ခစ် .. ခစ်..
နဲ့ ပြုံးသွားမိတယ်..။
အမရယ် ရီလိုက်ရတာ..အမကအရေးကလဲကောင်းတော့
မျက်စိထဲမှာ မြင်နေတာ..။

ဟီး
အမလိုရေးတတ်ချင်လိုက်တာ ...

မေသဇင် said...

ဟုတ်ပါ့မမိုးချိုသင်းရေ..မောင်နှမတွေအများကြီးနဲ့ဆိုတော့ငယ်ဘ၀ကတော်တော်ပျော်ခဲ့ရမှာပဲနော်။ ကျမတို့တွေတုန်းကလည်းကျောင်းပိတ်ရက်ဆိုလာသမျှမုန့်သည်တွေကိုအော်အော်ခေါ်ပြီးပြေးပုန်းနေခဲ့တာ။ မုန့်သည်တွေကအသံကြားပြီးရှာမတွေ့လို့ပွစိပွစိနဲ့လုပ်တော့လူကြီးတွေကအားနာလို့ဝယ်ကျွေးရတော့တာပေါ့။အဟဲ

ရွာသားလေးဝိုင်တီယူ said...

မစန္ဒာရဲ့ အရိပ်ထဲက အမာညိုက အမနဲ့တောင်တူသလိုလို။ တယ်လည်းဆော့သကိုး.....။ အမရေ ကျနော့ဆီမှာ အမှတ်တရလေးတွေလာရေး ပေးနေတာ ကျေးဇူးပါဗျာ။

တန်ခူး said...

မအေးက တော်တော်creativeဖြစ်အောင် နောက်တတ်တာပဲနော် မ… အဲလို အမတွေနဲ့ နေရတာ သိပ်ပျော်ဖို့ ကောင်းမှာပဲ… ငယ်ငယ်က အဆော့သန်တဲ့ ဘ၀ကို ပြန်လွမ်းသွားတယ်…

ပုံရိပ် / Pon Yate said...

အစ်မရေ... ပျော်စရာကြီး။ အစ်မတို့ ငယ်ဘ၀မှာ ပုံရိပ်လည်း ၀င်ပါချင်လိုက်တာ။

PAUK said...

ငယ်တုန်းက အိမ်ရှေ့က ပလက်ဖောင်းမှာ ကစားခဲ့ကြတာကို သတိရမိတယ်..
...
ပေါက်

rose said...

ဟုတ်တယ် သမီးလဲ ငယ်ငယ်တုန်းက ဧည့်သည်ကျွေးတဲ့မုန့်ကို အရမ်းစားချင်တာပဲ ဒါကြောင့် အခုလဲ ဧည့်သည်ပဲ လုပ်စားနေတယ်။ ဟားဟားဟား

GreenGirl said...

ငယ်ငယ်တုန်းက GreenGirlလည်း အဆော့ကောင်းလို့ လမ်းထိပ်က ကင်းတဲပေါ်ကတောင် ပြုတ်ကျပြီး တံတောင်ဆစ်နာသွားဖူးသေးတယ်...အဟိ :P

Ko Yoke Soe said...

ညီမရေ... အကို့ဘလော့ဂ်ကို လာလည်တဲ့ကျေးဇူးပါ။ ညီမဘလော့ဂ်က ပို့စ်တွေကို ဖတ်မိမှ တော်တော်အရေးကောင်းပြီး ရသတွေစုံတာကို သတိထားမိတယ်။ ကျေးဇူးညီမ၊ နောက်ထပ် အမြဲတမ်းလာလည်စရာ တိုးတာပေါ့။ အကို့ ဘလော့ဂ်မှာလဲ ညွှန်းပါရစေ...

khine said...

လာလည်သွားပါတယ်အစ်မ..

ဘုတ် said...

ဟဲလို မမိုးချိုသင်း..

အစ်မရေ... အမြဲလိုလို လာဖတ်ပေမယ့် အခုမှ ကွန့်မန့်ရေးတာ၊ အစ်မရေ.. အစ်မကို ဆက်သွယ်လို့ရတဲ့ အီးမေးလိပ်စာလေးကို ပေးလို့ရလားအစ်မ... အစ်မရဲ့ တလွဲတွေနဲ့ပဲ နေသားကျ ဆိုတဲ့ ဆောင်းပါးလေးကို ကျမတို့ ချိုးလင်းပြာ အမျိုးသမီးစာစောင်မှာ ပြန်ဖော်ပြချင်လို့ ခွင့်တောင်းချင်လို့ပါ။ ကျမအီးမေးက b0atb0at86@yahoo.com ပါအစ်မ။ ကျေးဇူးပြုပြီး ပြန်ဆက်သွယ်ပေးပါနော်အစ်မ။

khin oo may said...

ထပ်လာပါတယ်။

sailormoon said...

I also want to write as burmese language but i do not know how to write I did not see your blog before i abored on every sat and sunday now i am happying with your post because here i am only one burmese nationality which is barcelona in spain.

thank you very much