အထင်လွဲခြင်း

အခုတလော စာမရေးဖြစ်ဘူး။ အလုပ်များနေတာလဲ ပါတယ်။ စိတ်မကြည်လင်တာလဲ ပါမယ်။ စိတ်မကြည်ရင် စာမရေးချင်ဘူး။ ဒါနဲ့ ဘလော့ဂ်လေးတွေ လျှောက်လည် ပြီးတာနဲ့ စာမရေးဘဲ စောင်လေးခြုံပြီး အိပ်တာပဲ။ အိပ်လို့ကောင်းလိုက်တာလဲ အရမ်းပဲ။

တကယ်တော့ စိတ်ညစ်စရာက ဘာမှ မယ်မယ်ရရ ရှိတာလဲ မဟုတ်ပါဘူး။ စိတ်လေနေတယ် ဆိုပါတော့။ ဒါနဲ့ ဟိုနားလျှောက်၊ ဒီနားလျှောက်နဲ့ grocery store တခုကို ၀င်ပြီး ကြည့်မိတယ်။ လူတွေက ၀ယ်လိုက်ကြတာ တိုးတိုးကြိတ်ကြိတ်။ discount ချတဲ့ ဈေးနှုန်း အနီကဒ်လေးတွေကလဲ နေရာ အနှံ့အပြားပဲ။

ဒါနဲ့ လျှောက်ကြည့်မိတော့ အရင်က ၆ကျပ် ၇ကျပ်တန် ပန်းကန်လုံးလေးတွေက ၃၇ ပြား တဲ့။ ၈၉ ပြား တဲ့။ အဲဒါနဲ့ ဟုတ်မှ ဟုတ်ရဲ့လားလို့ အသေအချာ မျက်လုံး ပွတ်ကြည့်ရသေးတယ်။ ငါ အိပ်ချင်မူးတူးများ ဖြစ်နေသလားပေါ့။ ဒါကြောင့် လူများနေတာကိုးလို့လဲ ချက်ချင်း သဘောပေါက်ပြီး ဆိုင်ပြုတ်ပြီထင်တယ်လို့ တဆက်တည်း ဆက်တွေးလိုက်တယ်လေ။

ဘာဖြစ်လို့ အဲဒီလိုတွေးရလဲဆိုတော့ အခု အမေရိကားမှာ စီးပွားရေးတွေ ထိုးကျနေတော့ အိမ်ဈေးတွေလဲ ပြုတ်ကျ၊ အလုပ်တွေလဲ အလုပ်သမားတွေ လျှော့၊ ဆိုင်တွေလဲ သိမ်းကြတာဆိုတော့ နေ့မြင် ညပျောက်လိုပဲ။ ဒီနေ့ ဒီဈေးဆိုင်မှာ ဈေးဝယ်လို့ကောင်းတုန်း နောက်တပတ် အဲဒီနားရောက်တော့ နောက်တဆိုင် ရောက်နေပြီ။ ဒါကြောင့် ကိုယ်လဲ အဲဒီလို ထင်လိုက်မိတာ။

ဒါနဲ့ ဘေးနားမှာ ပစ္စည်းတွေ ပြန်စီနေတဲ့ ဆိုင်က ၀န်ထမ်းကို "နင်တို့ဆိုင် ပြုတ်လို့ အကုန် လျှော့ဈေးချနေတာလား" လို့ မေးလိုက်မိတယ်။ ဘာမှ မဟုတ်ပါဘူး။ စပ်စုချင်တာကြောင့် စကားရောဖောရော လုပ်လိုက်တာပါ။ ၀န်ထမ်းက အံ့သြလို့။ ပြီးတော့ မျက်မှောင်ကြီး အတွန့်ချိုးပြီး season တခုကုန်ခါနီးလို့ sale ချတာပါ တဲ့။ ငါတို့ဆိုင် မပြုတ်ပါဘူး တဲ့။

ဖြစ်ရမယ်လေ။ ကိုယ်က ဘာမှ သေချာ မသိဘဲနဲ့ အဲဒီလို အထင်နဲ့ ပြောလိုက်တော့ သူလဲ သူ့ဆိုင်ကို မဦးမချွတ် ဒီလိုပြောရပါ့မလားလို့ စိတ်ဆိုးသွားတာ ဖြစ်မှာပေါ့။ ကိုယ်လဲ ရယ်ကြဲကြဲနဲ့ ဆောရီးပြောပြီး အသာလစ်ထွက်ခဲ့ရတယ်။ သူ ရိုက်မထုတ်ခင်..။

ဒါနဲ့ လောကကြီးမှာ အထင်နဲ့ ပြောတာဟာ သူများကို ထိခိုက်စေတဲ့အပြင် ဘယ်သူမှလဲ အကျိုးမရှိဘူးလို့ စဉ်းစားမိတယ်လေ။ ဒါကြောင့်မို့ နားလည်မှုလွဲတဲ့ misunderstanding ဆိုတဲ့ စကားလုံးကြီးကို ကိုယ်တို့ နေရာတကာ တွေ့ နေရတာပေါ့။

မစိမ်းတစိမ်း၊ မကျက်တကျက်တွေနဲ့တင် မဟုတ်ဘဲ တခါတလေ ချစ်ခင် ရင်းနှီးကြတဲ့ သူတွေကြားမှာလဲ သူက ဘွားကနဲ ပေါ်လာတတ်တယ်။ ကိုယ်က ဒီလိုထင်တာ၊ သူက ဒီလိုပြောတော့ ဆိုတဲ့ စကားတွေနဲ့ပဲ ရှုပ်ထွေးနေတတ်တယ်။ အဲဒါကြောင့် အစည်းအဝေးတွေ၊ စကားဝိုင်းတွေ လုပ်ရပြီး တယောက်နဲ့ တယောက် နားလည်မှုတွေ ညှိယူရလေ့ရှိပါတယ်။ ပြေလည်သွားရင်တော့ စိတ်ပေါ့ပါးပြီး ပျော်စရာ ကောင်းသွားတာပေါ့။

အဲဒီလို အထင်အမြင်လွဲကြတာတွေ၊ နားလည်မှုလွဲကြတာတွေက နေ့တဒူဝ ဖြစ်နေတော့ ကိုယ့်ဘ၀မှာလဲ ဒီလို ခဏခဏ ကြုံရတယ်။ အထုံးလေးတွေ ဖြစ်သွားလိုက်၊ နားလည်မှု ရသွားရင် ပြန်ပြေသွားလိုက်။ နောက်အထုံးတထုံး ကိုယ်က ထုံးလိုက်မိ၊ သူက ဖြေလိုက်။ သူက ထုံးလိုက်ပြန်၊ ကိုယ်က ဖြေလိုက်ပေါ့။ တခါတလေကျတော့ အထုံး ထုံးတမ်းများ ကစားနေတာလားလို့တောင် ထင်လိုက်မိသေး။ လွဲ လွဲနိုင်လွန်းလို့လေ။

တခါကတော့ သူများက နားလည်မှုလွဲတာကို ကိုယ်က သိသိကြီးနဲ့ ပြန်မဖြေဘဲ ငြိမ်ပြီး အရသာရှိနေတဲ့ အခါတွေ ရှိခဲ့ဖူးတယ်။
အဲဒီတုန်းက ကိုယ်က မလေးရှား Johor Bahru မှာ နေစဉ်ကပေါ့။ မနက်ဆိုရင် Singapore မှာ သွားပြီး ရုံးတက်ရတယ်။ ကိုယ့်အမျိုးသားက မလေးရှားကို ပြောင်းလာတော့ ကိုယ်အလုပ်မပြောင်းခင် စပ်ကြား စင်ကာပူကို နေ့တိုင်း ကူးနေရတာပေါ့။ မနက်သွား အလုပ်လုပ်၊ ည ဒီဖက် ပြန်အိပ်ပေါ့။

ကိုယ်က အဲဒီတုန်းက အိုက်တတ်တော့ အကျီ င်္လေးတွေ ၀တ်ရင် ပွပွလေးတွေချည်း ၀တ်တာ။ လူကလဲ ၀၀လေးဆိုတော့ သူများတွေက ဘယ်လို နားလည်မှုလွဲသလဲ မပြောတတ်ပါဘူး။ ကိုယ် ဘတ်စ်ကားပေါ်တက်လာပြီဆိုရင် ထိုင်နေတဲ့သူတွေ ထ ပြီး နေရာပေးကြတော့တာပဲ။

ပထမတော့ ကိုယ်လဲ အံ့သြမိတယ်။ နောက်တော့ ငါက အထုပ်အပိုးတွေ သယ်လာလို့ ဖြစ်မှာပေါ့လေ လို့ ထင်မိတယ်။ နောက်နေ့တွေမှာ စီးတော့လဲ ဒီအတိုင်းပဲ။ မထိုင်ပါဘူး ပြောလဲ မရ၊ လူတွေအများကြီးကို ကျော်ပြီး ကိုယ့်ကိုပဲ အတင်းထိုင်ခိုင်းတာ။ အဲဒီ မလေးလူကြီးက ပါးစပ်ကလဲ ပြောတယ်။ ဘေဘီ ဘေဘီ တဲ့။ ကိုယ့်ဗိုက်ကို လက်ညှိုးထိုးပြီးလေ..။ အော်..ဒါ့ကြောင့်ကိုး။

ကိုယ့်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးထင်လို့ သူတို့က နေရာပေးနေတာကိုး။ ကိုယ်လဲ ကိုယ့်ဖာသာကိုယ် တော်တော်သဘောကျသွားတယ်။ ဘတ်စ်ကားကြီးပေါ်မှာ “မဟုတ်ပါဘူး မရှိပါဘူး” ငြင်းလို့လဲ မကောင်းတော့ သူများ နားလည်မှုလွဲတာကို ကိုယ်က ပျော်ပျော်ကြီး ကျေနပ်နေတာလေ။ ကောင်းလေစွ ကောင်းလေစွ ပေါ့။

ဒါနဲ့ ကိုယ့်ဘ၀မှာ အဖြစ်အပျက်တွေ တော်တော်များများ ကြုံဖူးတာမှာ သူများအထင်လွဲတာကို ပျော်ရတဲ့ အဖြစ်မျိုးလဲ ရှိပါသေးလားလို့ တွေးပြီး၊ ဒါလဲ အဆိုးထဲက အကောင်းပဲလို့ တွေးရပါသေးတယ်။

မိုးချိုသင်း

26 comments:

စူး said...

ဟားဟား။။အမကတော့ ဘာရေးရေးတွေးစရာနဲ့ ပြုံးစရာလေးတွေပေးတယ်..။

ဟုတ်တယ်အခုလဲ သူငယ်ချင်းနဲ့ အဲလိုနားလည်မှုလွဲနေလို့
ဒီပို့စ်လေးပေးဖတ်လိုက်ဦးမယ်။

လင်း said...

ဟီးဟီး ငြိမ်ခံနေလိုက်ရတဲ့ အမှားကောင်းလေးပေါ့လေ။ တကယ့်ဘေဘီလေးရအောင်ရော မကြိုးစားသေးဘူးလား

:P said...

ဒီနေ့မှအသစ်တင်တော့တယ် အမရာ..
ကြာလှပြီ..လာလာကြည့်နေတာ

လင်းလက်ကြယ်စင် said...

ရေးတတ်ပါပေတယ် မမရေ ။ အလွဲပေါင်းများစွာထဲက အကောင်းလေးများလို့ပဲ မှတ်သားရမှာပေါ့ :)

N Aung said...

အမကိုလာကြည့်တာနေ့တိုင်းပဲ။
ကျန်းမာပြီးအလုပ်တွေလည်းမရှုပ်ပဲ
နေ့တိုင်းရေးနိုင်ပါစေ။

မေသဇင် said...

ချိုသင်းရေ...ချိုသင်းပို့စ်လေးတွေ ဖတ်ပြီးတိုင်း စိတ်ထဲကျေနပ်သွားရတာချည်းပါပဲ။ ရှက်ပြုံးလေးပြုံးပြီး မိန့်မိန့်ကြီးထိုင်နေမယ့် ချိုသင်းပုံစံလေးကို ပြေးမြင်လိုက်တယ်။ အဟဲ။

Life is for Success said...

Life is always like that, oving on between bad and good day to day living....

တန်ခူး said...

ချိုသင်းရေ… တို့ လဲ သားမွေးပြီး အကျနှေးသွားတဲ့ ဗိုက်ကြောင့် အဲဒီလို နားလည်မှုလွဲတာ ခဏခဏ ဖြစ်တယ်… တခါတလေ တိုးတိုးလေးရှင်းပြလိုက်တယ်… တခါတလေကျတော့ မရဘူး ရှင်းလေ ရှုပ်လေ ဆိုတော့ မထူးဘူးဆို ထိုင်လိုက်ရတယ်… ခုနောက်ပိုင်း သိပ်မထိုင်ရဲတော့ဘူး… တနေ့ တနေ့ ဒီမျက်နှာတွေပဲ တွေ့ နေရတော့ ဒီဗိုက်က အမြဲ ဒီဆိုဒ်ဆိုတာ သိသွားလို့ လေ… အလုပ်တွေပြီးပြီး စိတ်တွေ အမြန်ဆုံးကြည်လင်ပါစေလို့ ….

ကလိုစေးထူး said...

အထင်လွဲတာတွေကို အမ ရေးလိုက်တော့လဲ ဖတ်ရတာ စိတ်ကိုပေါ့ပါးသွားတာပဲ။

ဇနိ said...

ဒီလို အထင်လွဲတာတော့ လွဲပါ့စေဗျာ
ဟ ဟ
း)

ဂျူနို said...

အင်း တချို့ ကြတော့ အထင်လွဲခံရအောင် ကိုဘဲ နည်းမျိုးစုံသုံးပြီး ကြိုးစားကြတာ။
အယ်ဇီ

Anonymous said...

အထုံးထုံးတမ်းကစားတာတဲ့လားအမရယ်......

Soe Mya Nandar Thet Lwin (Borros Roxo) said...

''လောကကြီးမှာ အထင်နဲ့ ပြောတာဟာ သူများကို ထိခိုက်စေတဲ့အပြင် ဘယ်သူမှလဲ အကျိုးမရှိဘူး''

''ချစ်ခင် ရင်းနှီးကြတဲ့ သူတွေ ကြားမှာလဲ သူက ဘွားကနဲ ပေါ်လာတတ်တယ်။ ကိုယ်က ဒီလိုထင်တာ၊ သူက ဒီလိုပြောတော့ ဆိုတဲ့ စကားတွေနဲ့ပဲ ရှုပ်ထွေးနေတတ်တယ်။''

မှန်တယ် မမချိုသင်းရေ။ Absolutely Agree!!

ဖတ်ပြီး စိတ်ထဲ ကျေနပ်သွားမိတယ်။ ဒီ Post ဖတ်ပြီး တွေးစရာလေး ရသွားသလို ပြုံးစရာလေးလဲ ရလို့ ကျေးဇူးပါ။

Keep Rolling!!
SMNTL

Unknown said...

အဲဒါမှ ဒုတ်ခပဲ။ ကျွန်တော်ကလည်း ခပ်၀၀ ဆိုတော့ အင်္ကျီ ပွပွ ၀တ်ပြီး ဘတ်စကားတောင် မစီးရဲတော့ဘူး။ တော်ကြာ ကျွန်တော့်ကိုပါ အဲလိုမျိုး အထင်လွဲ နေရင်တော့ ဂွပဲ။

P.Ti said...

အဲဒါ အလွဲကောင်းလေးတွေပေါ့... :P

khin oo may said...

လုပ်ပြန်ပြီ.။ တလွဲ.

မသူတော် said...

Hey ! Cho Thin
Well It depends!

My wife always say to me to please keep quite if you don't know what you are talking about.
I had that kind of problem 2 times in my life. :(
I used to go to the same bank for long time and all bank staffs and I know each other very well. One day I met the new cashier girl (n she is pretty. :) We say hi each other and I noticed that she wearing the clothes style that my wife used to wear when she pregnant.
So I decided to chit chat while I wait for her to check my account.
And I asked her "Congratulation! How many months already by the way"
She looks like " Excuse ME!"
And I asked again( How stupid ). " I mean, How many months of your pergnancy"
She is like " well.. I'm not" but you can see her face so red and angry..And all people in the bank looked at me like " whats wrong with this Guy Look".. I have no words at all..
And I said " Thank you" and run away..
after that I drove back home with "stupid! stupid!" in my mind. And I stopped at Burger King to grab something to eat.
While I'm waiting in the line, I saw one of American girl who used to work with our political activities. And she saw me and we say Hi each other. We talked a lot of topics and I noticed that she looked big..( u know what I mean) And since I had bad akward moment minutes ago, I shut my mind to ask same question. She asked me about my son and she said how time fly so fast. And accidently, I asked her how many months? He face became red and obviously she looked shy. (In my mind..I was like! This time I'm right ). But
She said " No.. this is Burger King's one"
Immediately, the roof is collapsing on the my head. I apologized her and explained her what happened before for me. And she was LOL. She said thats Ok. But you know,, I said her Bye with crazy face.

I told my wife and she said this clothes style is the new style and Girls wearing them alot nowadays.
She said the aboved words to me and I tell you what ...I'll never ever ask that kind of questions eventhough I saw Big belly.

hahahah
NL

မလေး(မြန်မာ) said...

ma moe cho thin,

when i read ur comments, it not appear myanmar font. How to do?

When i have unhappy, i always read ur posts. They make me to forget a while my problem. So i thank u so much. In my childhood, I worshiped Sayargyi in our native town, Thongwa. So we knew well him. He is one of teachers of my English teacher Sayar Yu. Such as Sayar Minn Tu Won, Sayar Minn Kyaw, Sayarmagyi Daw Nu yee. So we did respected them all. Then our teacher make us to interest to read to write the story, poems. From that time, We made a lot of poems books in our Sayar Kan Top Pwe. We each has poem poe.

Although we can not write well like u, we know and feel which is good or not.

Now i read ur bloger post then i miss sayar kyi and others. you r right. They all are very simple and frank. We do like their style.

Anyway i recommend to you that u are a very cute writer like sayargyee.

with love
ML

Moe Cho Thinn said...

မလေး သို့
ကျမလဲ comment တွေ ဗမာလို မပေါ်တာ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ကျမလဲ အဲဒါတွေနဲ့ မကျွမ်းကျင်လို့ပါနော်။ သိတဲ့လူတယောက်ယောက် ပြောပြရင်ကောင်းမှာပဲ။ ပို့စ်တွေတော့ ဖတ်လို့ရတယ်၊ comment ဖတ်မရဘူး အဲဒီလို မဟုတ်လား။
လုပ်ကြပါအုံးဗျို့။ ဒီမေးခွန်း မဖြေတတ်တော့ဘူး။ နံကြားထောက် ဖြေလို့လဲ မရ။ ခက်တော့ နေပါပြီ။ :)

မလေး(မြန်မာ) said...

Ma Cho Thinn yay... Now i can read all of ur comments with myanmar font. Hmuu.... I also have to try a little. while I m reading Niknayman, i find http://yeyintnge.blogspot.com/2008/09/amnesty-international-urgent-action-for.html. So reading this blog, he help my problem how to do. You can find it the above of his Cbox. Then just clip and install. I don't know how he do, but now i m ok to read mm font not only ur comments but also other blogspot. Pls try it my sis. if u have time just a minute, pls mention ur gmail or other mail address. I want to.

with love
Malay

မလေး(မြန်မာ) said...

Oh...... very surprise! I saw that every ur posts have so many comments. And very nice to read also. I feel very happy instead of you and proud of you. Great writer! :)

Tonight i will read all of ur posts to finish. Cos of i fight with my husband and don't call to him and no need to cook an do anything for him. :P
Heee. And also SSF wealther is in my side.

Moe Cho Thinn said...

ရသွားရင် ၀မ်းသာပါတယ် မလေး။
ကျမကိုတော့ မသဒ္ဓါက ပြပေးလို့ သူ့ဘလော့ဂ်ကနေ ဒေါင်းလုတ် လုပ်ထားတာပါ။ ကျမလဲ မိတ်ဆွေသင်ပေး ပြပေးလို့ သိရတာပါ။ သူတို့ကို အမြဲ ကျေးဇူးတင်နေ ပါတယ်။ တချို့ဟာတွေကျတော့ ကိုယ်လဲ နားမလည်တော့ နားလည်တဲ့သူတွေကို အကူအညီ တောင်းရတာပေါ့။ ကိုယ်ချင်းစာပါတယ်။

မလေး(မြန်မာ) said...

ညီမ ရေ.....

Thank u for ur prompt reply. Heee::: i copy " ညီမ " words from ur post and " ရေ " words from ur comments. Not so bad. I can copy MM font.:P
Ama will be online the whole night to read all post, all blogs, all games, all movies.
with love,
ML

nu-san said...

အမရဲ့ ပင်တိုင် စာဖတ်ပရိတ်သတ်ပါ။ ရေးသမျှ အသစ်တင်သမျှတွေကို စောင့်ပြီးဖတ်နေကျ.. အမပို့စ်တွေက ရသမျိုးစုံပေးလို့.. :)

Oway Myo said...

မချိုသင်းရေ..
ကောင်းဗျိုး.............လို့သာ
အော်ဟစ်အားပေးလိုက်ချင်တယ်ဗျာ..
ဒီလိုအပြစ်ကင်းတဲ့အလွဲလေးကိုရေးသွားတာ
ဖတ်ရလို့..ကျေးဖူးတင်ပါတယ်၊
နေ့တိုင်းလည်းလာကြည့်ပါတယ်။
ထူးအိမ်သင်ဆိုခဲ့သလို
"လွဲလွဲလေးလည်းကောင်းပါတယ်"..ပေါ့နော်.

ဒါနဲ့စကားမစပ်..Bay the wyne
ကိုမြောင်းမြလောက်ဖျားလိုတော့လွဲရဲပေါင်ဗျာ..
သတ္တိကြီးပါပေတယ်..ဒါမှ.တို့ဧရာဝတီသားကွ..(ဟီး..ကျနော် လည်း ဘိုကလေးသားမို့ အချင်းချင်းအားပေးတာ)
ဘိုင့်ဘိုင်

ချစ်ကြည်အေး said...

Har Har Har......:) I can't say anymore than that.