ဖြစ်သလို..

ဒီနေ့တော့ ဘလော့ဂ်လောကထဲ ရောက်ပါမှ ကောက်ရလိုက်တဲ့ ညီမလေးတယောက် ဖြစ်တဲ့ လင်းက အမ ဘာတွေ ဖြစ်သလို စားနေလဲ ရေးပေးပါ တဲ့။ tag လာတယ်။ စားတဲ့အကြောင်းဆိုတော့ ကိုယ်ကလဲ စားပဲ စားတတ်တာ၊ ရေးဖို့ကို ဖွယ်ဖွယ်ရာရာ မဖြစ်မှာစိုးပါတယ် မရွှေလင်းရေ။

ကိုယ့်တိုင်းပြည်က ထွက်လာကတည်းက ကိုယ်ကြိုက်တဲ့အစားအသောက်တွေနဲ့ ဝေးနေခဲ့ရတာ ကြာပြီ။ ဗမာပြည်က အစားအသောက်တွေကို စဉ်းစားလိုက်ရင် မျက်ရည်တောင် ၀ဲလာသလိုလိုပဲ။ မလုတို့ ရှင်မင်းတို့လိုလဲ မချက်တတ်၊ မဇနိတို့ ကိုအန်ဒီတို့လိုလဲ အရသာရှိရှိ လက်စွမ်းမပြတတ်လေတော့ သူတို့ ဘလော့ဂ်တွေမှာပဲ သွားသွားမော့ပြီး ခေါင်းငိုက်စိုက်နဲ့ ပြန်လာရတယ်။

ရန်ကုန်မှာဆိုရင်တော့ ဘာအရေးလဲ။ အိမ်မှာ မချက်ဖြစ်လို့ အပြင်သွားစားရင်တောင် ဘာစားစား ကိုယ့်အကြိုက်နဲ့ တည့်တာချည်း။ ညနေ မြို့ထဲ တရုတ်တန်းတလျှောက် လမ်းလျှောက်ရင်း တွေ့တဲ့ဆိုင်လေးတွေမှာ လျှောက်ထိုင်စားမလား၊ အင်းယားကန်မှာ ရခိုင်မုန့်တီနဲ့ အကြော်စုံ စားမလား၊ ဇီးကြံ လို့ခေါ်တဲ့ ကြံရည်နဲ့ ဇီးဖျော်ရည် ရောထားတာလဲ သောက်လို့ရသေးတယ်။ ပြောရရင်တော့ ကုန်မှာမဟုတ်ပါဘူးလေ..။ မစဉ်းစားတာပဲ ကောင်းပါတယ်။ ဂလု..။

ဒီမှာကျတော့ရော..။ ဒီကိုရောက်ပြီး နောက်တနေ့ အဖေ့မိတ်ဆွေတယောက်က အမေရိကန်စာ လိုက်ကျွေးတော့ သူတို့တွေစားကြတာ ပွဲအကြီးကြီးတွေမို့ အံ့သြလိုက်ရတာ။ ဒါကြောင့်မို့ သူတို့တွေ ထွားကြတာ နေမှာ လို့ တွေးမိတယ်။ အဲဒီနေ့က ကုန်တောင် မကုန်ခဲ့ဘူး။ အခုကျတော့လဲ အကျင့်ပါသွားလို့လား မသိဘူး၊ နည်းသလိုလိုတောင် ထင်မိသေး။ :)

ဒါပေမဲ့ ဘယ်လောက်ပဲ ကောင်းပါစေ၊ ကိုယ့်ဗမာပါးစပ်နဲ့တော့ ရေရှည် မစားနိုင်တာ အမှန်ပါပဲ။ အဲဒီလိုပြောလို့ ကိုယ်ကပဲ အိမ်မှာ ဗမာဟင်းတွေ အမျိုးမျိုး ချက်ပြုတ်လုပ်စားနေတဲ့ အတိုင်း။ တကယ်တော့ ကိုယ် ကောင်းကောင်းချက်တတ်တာတခုက ၀က်သားနှပ် တာလို့ ခင်တဲ့ မိတ်ဆွေတွေက ပြောကြတာပဲလေ။ (ခေါင်ကို တက်ကိုင်လိုက်တာ)

အဲဒီတခုကလဲ စနစ်တကျ ချက်တတ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က ၀က်ကို ကြိုက်တော့ ခဏခဏ စမ်းပြုနေရင်းက ကျွမ်းကျင်အဆင့်ထဲ ၀င်သွားရတာပါ။ ဒါတောင် တခါတလေ ဟင်းအရောင်က နီလိုက်၊ မဲလိုက်၊ ဖြူလိုက်ပါ။ နီတာက ငရုတ်သီးအရောင်တင် များသွားလို့။ မဲတာက ငံပြာရည် အနောက် သွန်ကျ သွားလို့။ ဖြူတာကတော့ မေ့ပြီး ဘာမှ မထည့်လိုက်မိလို့ပါ။

တကယ်တော့ ကိုယ်အကြိုက်ဆုံးက ဘဲဥ၊ ကြက်ဥပေါ့။ ကြက်ဥ ဘဲဥဆို ပြုတ်ပြုတ်၊ ကြော်ကြော် အကုန်ကြိုက်တာ။ ဒါပေမဲ့ ကိုယ်က အဖော်လေးနဲ့ နေတာဆိုတော့ကာ ကြက်ဥချည်း သူ့ကို ကြော်ကျွေးနေရင် ပြေးသွားမှာစိုးလို့ ကိုယ်ရှိန်သပ်ထားရတာပါ။ ကိုယ့်ချည်းဆိုရင်တော့ ပျင်းတာရော၊ ကြိုက်တာရောနဲ့ ကြက်ဥချည်း ကြော်စားနေမှာ။

ဒါပေမဲ့ တခါကတော့ ကိုယ် ကြက်ဥကို တော်တော်စိတ်ကုန်သွားဖူးတယ်။ အဲဒီတုန်းက သူနဲ့ကိုယ်နဲ့က ချစ်သူဘ၀ပဲ ရှိသေးတာ။ သူကလဲ ကိုယ်ကြက်ဥ ဘဲဥကြိုက်တာကို သိထားတယ်။ သူ့အကြိုက်၊ ကိုယ့်အကြိုက်တွေ ပြုစုတုန်းကာလ ကပေါ့။

တနေ့တော့ ကိုယ်က ဘာကိစ္စနဲ့လဲ မသိဘူး၊ စိတ်ဆိုးတာ တော်တော်နဲ့ မပြေဘူး။ ကိုယ်က စိတ်မကောက်တတ်ပေမဲ့ အကြောင်းရှိလို့ စိတ်ဆိုးပြီဆိုရင်လဲ တော်တော်နဲ့ မပြေတတ်တော့ သူလဲ ဘာလုပ်ရမှန်းမသိတာနဲ့ တညလုံး စဉ်းစားပြီးသကာလ မနက်ကျတော့ အကြံရပြီး ထမင်းကို ကိုယ်တိုင် ကြော်လာပါတယ်။ ကြက်ဥ နိုင်းချင်းနဲ့ပါ။

ကျောင်းရောက်တော့ ကိုယ့်ကို ချော့တဲ့အနေနဲ့ သူ့ထမင်းဗူးကို “ကိုယ်တိုင်ကြော်လာတာပါ” ဆိုပြီး လှမ်းပေးပါတယ်။ ကိုယ်ကလဲ အစားအသောက်ဆိုတော့ စိတ်ဆိုးနေပေမဲ့လည်း မငြင်းကောင်းတာနဲ့ လှမ်းယူလိုက်ရပါတယ်။ သူလဲ ထမင်းဗူးကို ကိုယ်ကယူတယ်ဆိုတော့ ပျော့ပြောင်းလာတဲ့သဘောမို့ ၀မ်းသာပြီး စား၊ စား တဲ့။ ကြက်ဥတွေလဲ အများကြီး ပါတယ် တဲ့။

ကိုယ်လဲ ကြက်ဥကြော်ဆိုတာနဲ့ မျက်လုံးလေး လက်ကနဲ ဖြစ်သွားပြီး နဂိုကလဲ ပြန်ခေါ်ချင်ချင်မို့ စိတ်ဆိုးပြေလိုက်တာပေါ့။ မနက်စောစော ထမင်းကြော်စားရမယ်ဆိုပြီးလဲ ပျော်သွားသေးတယ်။ ဒါနဲ့ ထမင်းဗူးဖွင့်လိုက်တော့ ထမင်းကို ပဲငံပြာရည်လေးထည့်ပြီး တတ်သ၍ မှတ်သ၍ လုပ်ချလာတာပါ။ သနားဖို့တောင် ကောင်းပါတယ်။ :P

သူပြောသလိုပါပဲ။ ကြက်ဥတွေလဲ အများကြီးပါတယ်။ ဒါပေမဲ့ ထမင်းကြော်ပြီးမှ ကြက်ဥတွေကို ဖောက်ပြီး ဖြန့်လောင်းချလိုက်တာမို့ ကြက်ဥအရည်တွေ မကျက်ဘဲ အရည်အတိုင်း စိုစိစိနဲ့ ထမင်းတွေနဲ့ လုံးထွေး ထားတယ်။ ကြက်ဥသိပ်ကြိုက်တဲ့သူတောင် ဟာ ကနဲ ဖြစ်ရတဲ့ အကွက်ပေါ့။ ကြက်ဥ စိမ်းနံ့ကလဲ ညှီလိုက်တာ မပြောပါနဲ့တော့။

အဲဒီတခါပဲ ကြက်ဥကို စိတ်ပျက်ဖူးပါတယ်။ အဲဒီကတည်းက ကိုယ်လဲ သိလိုက်တာပါပဲ။ သူ ဒီလောက် ဟင်းအကြောင်း နားမလည်ရင် ငါ ဟင်းချက် ညံ့လဲ မဆူလောက်ဘူးဆိုပြီး သူ့ကိုပဲ ယူဖို့ ဆုံးဖြတ်ခဲ့တာပဲလေ။ ကိုယ့်အထင်လဲ ခုထိတော့ မလွဲသေးဘူး ထင်တာပါပဲ။

ကဲ လင်းရေ၊ အစားအသောက်အကြောင်းဆိုပြီး ရေးလိုက်တာ ဘာတွေလျှောက်ရေးနေမှန်း မသိပါဘူး။ ရေးတော့ ရေးလိုက်မိပြီ ညီမရေ..။

မိုးချိုသင်း

32 comments:

ကိုအောင် said...

ဟုတ်ပ အမရေ ကျနော်တို့လည်း ဖြစ်သလိုဘဲ
ဟင်းချက်တယ်။ ဧည့်သည်လာရင် ရယ်ဒီမိတ်တွေ
ချကျွေးနေရတယ်။

Myo Win Zaw said...

အမစာရေးတာတွေကကောင်းတယ် ချက်ပြုတ်တာတော့ စံပါဘဲ စာရေးတဲ့နေရာမှာတော့ ဖတ်တဲ့သူကို ရယ်အောင်လုပ်လိုက် ငိုအောင်လုပ်လိုက်နဲ့ အခုလဲ ဆရာကြီးတင်မိုးကို သတိရပြီး စာဖတ်သူတွေ လွမ်းသွားကြတယ် အခုရယ်ရပြန်ပြီ ဘာဘဲပြောပြော ခံစားမှုနေရာမှာ မြန်မာတွေ ထိခိုက်လွယ်တယ် လို့ထင်တယ်

ဇနိ said...

အမရေ မဇနိကို သူချည်းပဲ လက်စွမ်းပြနေတာ ..ကျနော်လည်း တကယ်က စွမ်းတယ်ဗျ..ဟ ဟ
နောက်တော့မှ ကျနော့်လက်ရာကို ပြဦးမယ်...
---
အမရေ ဝက်သားလက်စွမ်းပြလေး ဘလော့ဂ်မှာတင်ပါဦး..
အကိုရဲ့ ကြက်ဥထမင်းကြော်လေးရောပေါ့...
း)

P.Ti said...

အမစာရေးတာကတော့ တကယ့်ကို ရီနေရတာပဲ...အဲဒီတော့ အမလည်း စိတ်ဆိုးပြေသွားသလား...

အမချက်တတ်တဲ့ ၀က်သားနှပ်လေးရေးပါဦး..

စူး said...

အမနဲ့သာနီးနေရရင် သိပ်ကောင်းမှာ
အမြဲရီနေရမှာတော့..။

အခုလဲ ဖတ်ပီးပြုံးပြန်သွားပါ၏

ဇနိ said...

အမချိုသင်းရေ အကိုကြော်တဲ့ထမင်းကြော်မျိုး ညီမလည်း စားဖူးတယ်။ အဆောင်မှာနေတုန်းက သူငယ်ချင်းကြော်တာ။ “နင့်ထမင်းကြော်ကလည်း ညှီလိုက်တာ” ဆိုတော့ “ဟီး ဟီး ငါ procedure မှားသွားလို့” တဲ့။ ထမင်းနဲ့ကြက်ဥကြော်တာကို procedure မှားရမလားဆိုပြီး တခွိခွိရယ်ရသေးတာ။
အမဆုံးဖြတ်ချက်ကို အတုယူရမယ်နော်။
အမရေ ညီမတို့ဟင်းချက်တယ်ဆိုတာ ကလေးကလားချက်တတ်တာပါ။ အမတို့လူကြီးတွေက ရယ်စရာလောက်နေမှာ။ အမတို့ဖြစ်သလိုဆိုတာက ရှယ်ချက်တတ်တာဖြစ်မယ်။
မဇနိ

စူး said...

မေ့လိုပလာထပ်ပြောတာပါ..
ရန်ကုန်မှာနေတုန်းက သူငယ်ချင်းတွေကို ပြောနေကြ စကားတခွန်းရှိတယ်

ဖြစ်သလို sedona မှာပဲ စားမယ်လို့

ဟီးဟီး
အခုလဲ ဖြစ်သလို ငါးပိကြော်လေးရယ် readymate မိဆို့ရှိရုဟင်းချိလေးရယ် ဆိုင်ကကြက်ကြောလေးရယ်နဲ့ စားလိုက်ဦးမယ်နော်..

Anonymous said...

အစ်မရေ....

ဒီထမင်းကြော်မျိုး ညီမလည်းစားဖူးတယ်.... သူများကြော်တာ မဟုတ်ဘူးးးး :P
ကိုယ်ကိုယ်တိုင်ကြော်တာ...ကြော်တုံးကတော့ ဟုတ်နေတာပဲ.. စားတော့မှ သာ :D

တခါတလေလည်း စဉ်းစားမိတယ်...ဖြစ်သလိုစားတတ်တာ တခါတလေတော့လည်း ကောင်းပါတယ်လို့ ဝန်မပိတော့ဘူးလေ (saving time ပေါ့)

ဆုံးမစကားတစ်ခု ကြားဖူးတယ်
ဖြစ်သလို စား/ဖြစ်သလို နေ တာ ..တခါတလေ ကောင်းပေမယ့် ဘယ်တော့မှ ဖြစ်သလို မပြောမိစေနဲ့တဲ့

လင်း said...

အမရေ ကျေးဇူးပါ(မြန်မြန်ရေးပေးလို့ ပိုချစ်သွားပြီ) ။ နောက်ပိုင်း အမစိတ်ကောက်ရင်ရော ကြက်ဥထမင်းကြော်နဲ့ ချော့သေးလားဟင်?
တကယ်ပဲမမြတ်နိုးပြောသလို နီးနီးလေးဆို သိပ်ကောင်းမှာ။ ရီရလွန်းလို့  ပါးစပ်တောင်ပိတ်ရမယ်မထင်ဘူး၊ အမ ဘလော့ကို လာရင်တောင် အမြဲတမ်း ရီနေရတာဆိုတော့။

Oway Myo said...

စာဖတ်နေရင်း..ဆာသလိုလိုမို့ကြက်ဥထမင်းကြော် လေးစားလိုက်ဦးမယ်မချိုသင်းရေ..
ဝက်သားနှပ်ကိုတော့..ဆဌမအာရုံထဲမှတ်ပြီးထားလိုက် တော့မယ်(ဂလွတ်..)

အတွေး !!!!!!!!(အင်း..ကြက်ဥထမင်းကြော်ကောင်းကောင်း လေးဖြစ်ပါစေ...!!!!!)

သစ်နက်ဆူး said...

မမိုးချို...
မမိုးတို့ အိမ်ကိုလမ်ကြုံရင်တော့ စာဝင်ဖတ်မယ်..
ထမင်းစားချိန် နီးပြီဆို ကျနော် လွတ်အောင်ပြေးဘို့  ဆုံးဖြတ်လိုက်ပါပြီ..။

သစ်နက်ဆူး said...

လမ်ကြုံ မဟုတ်ဘူးနော်...လမ်းကြုံ..
သြော်..ငါ့နှယ်...ကြက်ဥစိမ်းနံ့ ရတာနဲ့ 
စာလုံးပေါင်းတောင်မှားသွားတယ်..။

ကလိုစေးထူး said...

ဖြစ်သလိုဆိုတော့ အဲဒီက အစားအစာတွေ အကြောင်းရေးမယ် ထင်ထားတာ ကြက်ဥကြော် အလွဲအကြောင်း ဖြစ်နေတာကိုး...။ သွားရည်ယိုမလို့ ဟန်ပြင်ပြီး ဖတ်နေတာ သွားရည်မယိုရဘဲ ရယ်လိုက်ရတယ်။ ၀က်သားကြိုက်တာကတော့ ကျနော်နဲ့ အမ တူတယ်။ ဒါပေမယ့် မတူတာက ကျနော်က မချိုသင်းလို ၀၀လေး မဟုတ်ဘူး။ :D ပိန်ပိန်ကြီး။ :D

nu-san said...

အမရေ.. အခုရော အကိုက အမစိတ်ဆိုးရင် ကြက်ဥ ထမင်းကြော်နဲ့ပဲ ချော့တာလားဟင်.. :) အမရဲ့ ၀က်သားနှပ်နည်းလေးလည်း ပြောပြပါဦး..

Anonymous said...

အဟီးးး အမ အမျိုးသားရဲ့ လက်စွမ်းတွေကို ဖော်ကောင်လုပ်နေပြီပေါ့လေ ။ ရယ်လိုက်ရတာ ။

:P said...

သနားပါတယ်..ဆရာမရဲ့အမျိုးသား..
အပေါ့ အငန်ကတော့အနေတော်ပဲပေါ့နော်..
:)))))))

PAUK said...

အမရေ..
ကျွန်တော်လည်းအိမ်ကနေထွက်လာမှစချက်တတ်တာ..
အရင်အိမ်မှာနေတုန်းက..ထမင်းတောင်မချက်တတ်ဖူး
..အဟိ
အခုတော့..ဘာဟင်းလေးပဲဖြစ်ဖြစ်စမ်းချက်ချင်တယ်..

ATN said...

အကိုကတော့ ဖြစ်သလိုပဲဆိုရင် တရုပ်ဆိုင်မှာ ၀ယ်စားတယ်။ pork fried rice, chicken lomein, vegetable spring roll,and wanton soup

khin oo may said...

နောက်နေ.မှ ခံစားပြီးထပ်ရေးမယ်။ အခုတော.ဖတ်ဘဲသွားတယ်။

AP said...

Dear Cho Thinn


စာရေးတာတွေကကောင်းတယ်,ဘလော့ကို လာရင်တောင် အမြဲတမ်း ရီနေရတာ ဘဲ. အခုလဲ ဖတ်ပီးပြုံး နေရတယ်။
အခုတော့. အမျိုးသားရဲ့ လက်စွမ်းတွေကို
ဖော်ကောင်လုပ်နေပြီပေါ့လေ ။
သနားပါတယ်

M.Y. said...

မောင်သာရ ပြောဖူးတာထင်တယ်။
ရေးတတ်ရင်ဝတ္ထုဖြစ်တယ်..တဲ့
ရေးလိုက် သမျှ စာတွေအားလုံးက ရသ မြောက်တဲ့ ရွှေတွေ ချည့်ပါပဲလား..မိုးချိုရေ..

ဟာသမနှောတဲ့ ရသစာတမ်းလေးတွေလဲ လုပ်ပါဦး။ အချိန်ရရင် ကျွန်တော် ကြိုက်တဲ့ လေချွန်သံ နဲ့ ခင်မောင်ရင် ၀တ္ထုတို ၂ပုဒ်လဲတခြားသူတွေ ဖတ်ရအောင် တင်ပေးပါလား။ မူရင်းမဂ္ဂဇင်းတွေ ရှိသေးရင်ပေါ့။

ပုံရိပ် / Pon Yate said...

မချိုသင်း... ရယ်စရာ တော်တော် စဉ်းစားတတ်တယ်။ အစ်မ အိမ်ထောင်ဖက် ရွေးလိုက်တတ်တဲ့နည်းက တော်တော်ကောင်းတယ်...ဟဲ။

ကေကေ said...

ဖတ်ပြီးရယ်သွားပါတယ်..
အစ်မရေးထားတာကပေါ့ပေါ့ပါးပါး
နဲ့ ဖတ်လို့ကောင်းပါတယ်..

thwe thwe said...

မမ တစ်ယောက် ယောက်ျားကောင်းရပါတယ် အောက်မေ့နေတယ် သူက ဒီလိုနည်းနဲ့ ရွေးထားတာကို မှတ်ထားရအုံးမယ် ဟားဟားဟား

ဂျူနို said...

အသားမှာ ၀က်တဲ့။ ၀က်သားချက်တာ ကောင်းတယ်။ ကြက်ဥလည်းကြိုက်တယ်ဆို ဘာလိုသေးလဲချိုသင်းရဲ့ ။
ဒို့ လဲဝက်သားဆို ခေါင်းကစလို့ အမြီးထိ ဘယ်လိုချက်ချက်ကြိုက်တယ်။
အယ်ဇီ

Unknown said...

အိ...ဖတ်ရင်းဗိုက်ဆာလာပြီ အစ်မရေ။ ကြုံမှချက်ကြွေးခိုင်းအုံးမယ် :P

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ချိုသင်းရေ...

ကြက်ဥကြိုက်တယ်ဆိုတာသိရလို့  သက်ဝေရဲ့  ပိုစ့်အဟောင်းလေးတစ်ခုကို လာဖတ်ကြည့်ပါလို့  ပြောပါရစေ...။ ကြက်ဥတစ်လုံးရဲ့ အသုံးဝင်ပုံများ

ချစ်ခင်စွာဖြင့်
သက်ဝေ

သက်ဝေ said...

ချိုသင်းရေ...
Link ထည့်ရင်း မှားမှားသွားလို့  အပေါ်က Comment တွေကို Delete လုပ်လိုက်ရတာပါ။ :-P
Sorry ပါနော်...

တန်ခူး said...

ချိုသင်းရေ…ဖူးစာရှင်ရွေးနည်းလေးက တယ်မိုက်ပါလား…ဘာပဲဖြစ်ဖြစ် စေတနာတွေ ထည့်ကျော်ထားတော့ စေတနာကျော်လေးပေါ့… ချိုသင်းချက်တဲ့ ၀က်သားဟင်းလေး အကြောင်းလဲ ရေးပါဦး…

P.Ti said...

အလုပ်ရှုပ်နေတာနဲ့ မှတ်ချက်မရေးဖြစ်တာအမရေ... အမရေးရင် ဘာဖြစ်ဖြစ် ဖတ်လို့ကောင်းနေတော့တာပဲ... အမ ရေးတာ ထမင်းကြော်က ပုံပေါ်နေတော့ ညှီနံ့တောင်ရသွားတယ်... ထမင်းကြော်က အရေးမကြီး စေတနာကသာ အရေးကြီးတယ်ဆိုပြီး လက်ခံလိုက်ပုံပဲနော်.. :P