အကျဉ်းထောင်က အလင်းရောင်

ဒီနေ့ စက်တာဘာ ၂၃ ရက်နေ့မှာ သတင်းစာဆရာကြီး ဘဘ ဦးဝင်းတင် အပါအ၀င် ဒေါက်တာ မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းထိန် နဲ့ ဒေါက်တာ သန်းငြိမ်း စတဲ့ နိုင်ငံရေး အကျဉ်းသမားအချို့ အကျဉ်းထောင်မှ လွတ်မြောက်တယ်လို့ ကြားရ၊ ဖတ်ရတဲ့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်မိပါတယ်။

ဘဘဦးဝင်းတင်ဆိုတာ အထင်ကရ ပြည့်သူ့ သတင်းစာဆရာကြီးပါ။ လက်နက်မကိုင်၊ ကလောင်ကိုင်တဲ့ ဘဘကို ၁၉နှစ်ကျော် ထောင် ထဲမှာ ဖမ်းထားတယ်ဆိုတာ ကလေးကစားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ၁၉နှစ်ဆိုတဲ့ အချိန်က လူတယောက်ကို ကောင်းကောင်းကြီး လူလားမြောက်စေနိုင်တဲ့ နှစ်ပါပဲ။ တော်ရုံ ကြောက်ရွံ့ မှု မဟုတ်ဘူးဆိုတာ လူတိုင်း ခန့်မှန်းလို့ရပါတယ်။

ဒီမနက် DVB သတင်းမှာ သတင်းထောက် ကိုခင်မောင်စိုးနဲ့ အင်တာဗျူးလုပ်ထားတာ ဖတ်ပြီးတဲ့အခါမှာတော့ ရဲရင့်တဲ့ ပြတ်သားရှင်းလင်းတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို အလေးအမြတ် ပြုမိပါတယ်။ ဗမာပြည်ဟာ ထောင်ကျနေတာ တဲ့၊ လွတ်လပ်စွာ ပြောဆိုခွင့်မရဘူး။ လွတ်လပ်စွာ ရေးသားခွင့် မရဘူး ဒါကြောင့် ထောင်အ၀တ်အစားနဲ့ပဲ နေမယ် တဲ့။

ဘဘ အပြင်မှာ ရှိနေတာဟာ အင်မတန် တန်ဖိုးရှိတဲ့ အဖိုးတန်ခြင်းပါ။ သူဟာ ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်တဲ့သူ၊ မတရားမှုကို ရဲရဲရင့်ရင့် ဆန့်ကျင် ပြတ်သားသူ၊ လိမ်လည်မှုကို အရင်းအတိုင်း မြင်စေတတ်သူ၊ အခွင့်အရေးကို မျက်စ မပစ်တတ်သူ ဖြစ်ပါတယ်။ ဘဘရဲ့ ဂုဏ်ပုဒ်ကို မပြည့်စုံမှာစိုးလို့ မချီးကျူးရဲပါဘူး။

ဘဘ လွတ်လာတာကို မမြင်နိုင်ရှာတော့တဲ့၊ တိုင်းပြည်အေးချမ်းတာကို မစောင့်နိုင်ရှာတော့ပြီ ဖြစ်တဲ့ ဘဘရဲ့ ခင်မင်ရင်းနှီးလှတဲ့ မိတ်ဆွေကြီး က ဘဘအထဲမှာ ရှိတုန်း သတိတရ စပ်ထားတဲ့ ကဗျာပါ။ ဖတ်ကြည့်ကြပါအုံး။
အကျဉ်းထောင်က အလင်းရောင်

ထောင်စခန်းဆိုတာ
အမှောင်လမ်းပါပဲ
ဒါပေမဲ့ - အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည် စံမြန်းရာ။

သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ့ သူတွေရဲ့ နိဗ္ဗာန်ဘုံမို့
တိရစ္ဆာန်ရုံ မဟုတ်ပါ။

အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံး သွေး မို့
အရေးတော်ပုံရဲ့  သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ။

မြန်မာ့ စာနယ်ဇင်းလောကမှာ
အတောက်ပဆုံး ကလောင်ဘုရင်
ဟံသာဝတီ ဦးဝင်းတင် တဲ့
ဂန္ထ၀င်မြောက် စံတင်လောက်အောင်
ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ်ရဲ့  မင်းမဟော်လို့
ပူဇော်ထိုက်သူ အမှန်ပါ။

ပြည်သူကို သူက ချစ်
သူ့ကိုလဲ ပြည်သူက ချစ်
တို့ခေတ်ရဲ့  အလင်းရောင်
မီးရှူးတန်ဆောင် အစစ်ပါ။

အကျဉ်းထောင် က၊ အလင်းရောင် ပြနေတဲ့
အာဂ သတ္တိရှင်
မိခင်မြန်မာရဲ့ သားရတနာကောင်းကို
ညွတ်ပျောင်း ဦးခိုက်၊ ကန်တော့လိုက်ပါရဲ့ 
မိုက်မှောင်ကင်း၍
အလင်းရောက်ပါစေ ဆရာ။ ။

တင်မိုး
၃၁၊ ၁၂၊ ၂၀၀၄

ဘဘ ကျန်းမာပြီး အန္တရာယ်ကင်းရှင်းပါစေကြောင်း သမီးတို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
မိုးချိုသင်း

29 comments:

Anonymous said...

မမမိုးချို...
ဘဘဦးဝင်းတင်လွတ်တာတွေ့ရလို့ဝမ်းသာရသလို
ဝမ်းနည်းရပါတယ်..
ရှင်းရှင်းဘဘအတွက်
ရေးထားတာလေးကိုလဲဖတ်ကြည့်စေချင်ပါတယ်..

မေသဇင် said...

ချိုသင်းရေ.. မနေ.က သတင်းကြားကြားချင်း ၀မ်းသာနေရတာ..ဘဘအပြင်ရောက်လာတော့ ပျက်လုလုမျှော်လင့်ချက်တွေ ပြန်ရှင်သန်လာရသလိုပါပဲ။ ဆရာရော.. အမေမာပါရှိနေရင် ၀မ်းသာကြရှာမှာနော်..

Unknown said...

ဘဘ ဦးဝင်းတင် သီတင်းဌာန တွေနဲ့ အင်တာ ဗျုးမှာ ကြားရတဲ့ သူ့ အသံက အားမာန် အပြည့်နဲ့ ရဲရင့် နေတုန်းပဲ။ သူ့အသံကြားရတာ အားရှိတယ်ဗျာ။ မြန်မာပြည်မှာ သူတို့လို လူမျိုးတွေ အများကြီး ရှိတော့ ကျွန်တော်တို့ ဂုဏ်မငယ်ဘူးဗျ။ စလုံးသားတွေနဲ့ စကားနိုင်လုရင် ငါတို့နိုင်ငံမှာ သူရဲကောင်းတွေ အများကြီး ရှိတယ် ဆိုပြီး ကြွားလို့ ရတယ်။ စလုံးမှာ အဲလို ရဲရင့် ပြောင်မြောက်တဲ့ သူတို့ အစိုးရမဟုတ်တာ လုပ်နေတာကို ထောက်ပြရဲ ပြောရဲတာ ဘယ်နှစ် ယောက် မှ မရှိဘူး။ ဘဘ လွတ်လာတာ ဆရာသိရင်တော့ အတော်ဝမ်းသာရှာမှာပဲ၊

thwe thwe said...

မမရေ

ကောင်းသတင်းမို့ အထူးပဲ ၀မ်းမြောက်မိပါတယ်

သမီးကတော့ ဆိုင်မှာအလုပ်လုပ်ရင်း Freedom Burmese Prisoner ဆိုတဲ့ အက်ျီကို ၀တ်ထားတော့ သတိထားမိတဲ့လူတိုင်းက သမီးကို လာမေးကြတယ်။
ကျန်နေတဲ့ သူရဲကောင်းများလဲ အမြန်ဆုံးလွတ်မြောက်ပါစေ။

ဂျူနို said...

ပြောပုံက စည်းကမ်းနဲ့ အညီ နေထိုင်ပြီး အကျင့်စာရိတ္တကောင်းမွန်သူတွေကို လွတ်ပေးတာတဲ့။ ဒေ၀ဒတ်တို့ ကတော့မိုက်ရိုင်းပြီးရင်းမိုက်ရိုင်းနေတော့တာပါဘဲ။
မြန်မာတပြည်လုံးက လူဆိုးတွေလေ။ အုတ်ရောရော ကျောက်ရောရော မဖြစ်အောင် ဒေ၀ဒတ်တို့ အုပ်စုသာ ထောင်ထဲပြောင်းနေကြပါတော့လို့ ။

Myo Win Zaw said...

မြန်မာပြည်အတွက် ရှားပါးလှတဲ့ကောင်းသတင်းတွေထဲ ကသတင်းကောင်းတစ်ခု

:P said...

မနေ့ကတည်းက သတင်းကြားပြီးဝမ်းသာနေတာ..
ကိုယ်၊စိတ် ၂ ပါး ချမ်းမြေ့စွာနဲ့ အသက်ရှည်ရှည်နေနိုင်ပါစေ..။

မေသူပိုင် said...

ဘဘဦးဝင်တင်တစ်ယောက် သူ့ချစ်သောမိတ်ဆွေသူ့ကိုချစ်သော ဆရာကြီးဦးတင်မိုးရေးထားတဲ့ကဗျာကို ဖတ်မိပါစေလို့ဆုတောင်းနေပါတယ်
တစ်ဦးကိုတစ်ဦးအပြန်အလှန်လေးစားမှုတွေနဲ့အတူ
ဆရာကြီးဦးတင်မိုးကိုယ်စား နှစ်ယောက်စာပါ တိုက်ပွဲဝင်သွားမယ်လို့ဂတိတွေပေးနေမလားမသိဘူးနော်
လေးစားလျက်
မေသူ

ကိုပေါ said...

ပြည်သူကို သူက ချစ်
သူ့ကိုလဲ ပြည်သူက ချစ်
တို့ခေတ်ရဲ့  အလင်းရောင်
မီးရှူးတန်ဆောင် အစစ်ပါ။

ဦးဝင်းတင်ဟာ ကျနော်တို့အတွက် တကယ်ဘဲ စံနမူယူစရာ လမ်းပြပေးတဲ့ မီးရှူးတန်ဆောင်အစစ်ပါ။

Anonymous said...

ဒီပို့စ်ကိုဖတ်နေရင်း ကျနော့် ကြက်သီးတွေ ထလာတယ် ကဗျာကိုဖတ်တော့ ၀မ်းသာဝမ်းနည်းဖြစ်ပြီး ပြောမပြတတ်တဲ့ ခံစားချက်ပေါ့ မြန်မာပြည်က ထောင်ကျနေတာတဲ့ မှန်လိုက်တဲ့ စကားဗျာ.....။

M.Y. said...

ထွက်ထွက်ချင်းပဲ "ထောင်ကျနေတဲ့တိုင်းပြည်" ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့  ပြည်သူ့ ဘက်က ရပ်တည်တဲ့စာနယ်ဇင်းဆရာ စစ်စစ် ဆိုတာ ဒါပဲလို့ ပြောပြ လိုက်တာပါပဲ။

ကိုယ့်နာမည်နဲ့  ပြည်သူ့ ဘက်ကမရပ်တည်ဘဲ စာနယ်ဇင်းဆရာလို့ ကျွေးကြော်နေတဲ့ သေရင်ပြီးပြီ ဆိုသူများအတုယူစရာပဲ။

ဆရာကြီး ကဗျာ အတွက်ကျေးဇူးပါ။

chimmon said...

Interviewer is RFA U Khin Mg Soe..

ကလူသစ် said...

အဘိုးကြီးကြောက်ရ၊ အဖွားကြီးကြောက်ရနဲ့ ငါ့အဘတွေတော့ ခက်တော့တာပဲဗျာ။

tututha said...

အစ်မရေ
ဘဘရဲ့ ကွိ ကို တတိယအကြိမ်ပြန်ဖတ်နေတာ ပြီးတောင်မပြီးသေးဘူး ဘဘလွတ်ပြီဆိုတော့ ဝမ်းသာလိုက်ရတာ။ ထတောင်ခုန်မတတ်ပဲ။ တကယ့်အလင်းရောင်ပါပဲ အစ်မရာ။ တဆက်တည်း အမရဲ့ ဘလော့ကို အမြဲဝင်ဖတ်တယ်နော်။ ကွန်မန့်သာ မပေးခဲ့တာ။ မဖတ်ဘူးထင်မှာစိုးလို့ အဟီး။ ကွန်မန့် မပေးတာကတော့ စာချည်းရေးနေရလို့ မရေးချင်တော့ တာရယ်။ အမြဲပြုံးရတဲ့ အစ်မရဲ့စာလေးတွေကို ဒီတိုင်းရှိစေချင်တာရယ် (အကြောင်းပြချက်ပေါ့လေ) ကြောင့်ပါ။ အပျင်းထူတယ် ညီမအတွက် စီပုံးလေး မြန်မြန်ချိတ်ပါအစ်မရာ။ ချစ်ခင်လျှက် ... ttt

ကလိုစေးထူး said...

ဘဘဦးဝင်းတင် ပြန်လွတ်လာလို့ ၀မ်းသာရတဲ့ အပျော်က အခုကဗျာနဲ့ ပေါင်းလိုက်တော့ ပိုပြည့်စုံသွားတယ်။ ဂျုနိုပြောသလိုပဲ သူတို့ရေးထားတဲ့ ပြန်လွှတ်ရတဲ့ အကြောင်းရင်းမှာ အဲဒါကိုတော့ စိတ်ထဲ မတွေ့လှပေမယ့် ပြန်လွှတ်ပေးလိုက်တာကို ၀မ်းသာတာနဲ့တင် ကျေနပ်ပါပြီ။

PWINT THIT said...

ဘဘရေ။ အရမ်းဝမ်းသာပါတယ်။ ချိုသင်းလဲ တက်(Tag) ဘေးက လွတ်မြောက်သွားလို့ ။ ဘလော်ဂါအချင်းချင်း Tag ကြခြင်း ကင်းဝေးကြပါစေ။ ဘလော်ဂါများ စာဖတ်သူများအတွက် တခုခု ချန်နိုင်ကြပါစေ။
မီဒီယာလမ်းလွဲ ရေနုတ်မြောင်းတွေ ကွေ့ ရှောင်နိုင်ကြပါစေ။

တန်ခူး said...

ဒီသတင်း၊ ဒီစာ၊ ဒီကဗျာ ဖတ်ပြီး မျက်ရည်တွေ စို့ သွားတယ်…

လင်း said...

လူတွေအများကြီးကျန်နေခဲ့သေးတယ် :(

သစ်နက်ဆူး said...

မမိုးရေ...
ဒီသတင်းကို ဖော်ပြတဲ့ အတွက်လဲ ကျေးဇူးတင်တယ်...
သူရဲကောင်းတစ်ယောက်ကို ပုံတူ ရေးထားသလို ပီပြင်လှတဲ့  ဆရာကြီးရဲ့ ကဗျာကို ဖတ်ခွင့်ရတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်...။
ဘဘဦးဝင်းတင် ကျမ္မာပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ...။

သက်ဝေ said...

ချိုသင်းရေ...
ကဗျာလေးကောင်းလိုက်တာ...။
ဖတ်ပြီး ရင်ထဲမှာ နာကျင် ထိခိုက်...။

Anonymous said...

ကဗျာလေးကို ဖတ်ရင်း ၊ ဦးဝင်းတင်ရဲ့ သူရဲကောင်းစိတ်ဓါတ်ကို သေချာ ခံစားမိတယ် ။ ကောင်းလိုက်တဲ့ ကဗျာလေး အမရယ် ။

ညီမက ကဗျာစာအုပ်ဆိုပြီး မဖတ်ဖူးဘူး ။ မဂ္ဂဇင်းထဲပါလာတဲ့ ကဗျာတွေလောက်ပဲ ဟိုတစ ဒီတစ ဖတ်တာဆိုတော့ ကဗျာဆရာနာမည်တွေ မရင်းနီးသလို ၊ သူတို့ရဲ့ ကဗျာတိုင်းကိုလည်း မရင်းနီးမိဖူး ။ အမက အမအဖေရဲ့ ကဗျာတွေ ခုလို စုစည်းတင်ပေးတာတွက် ကျေးဇူးတင်ပါတယ် ။

ကလိုစေးထူး said...

အမ စာမရေးတာ ရက်နည်းနည်းကြာနေပြီ။ နေတော့ ကောင်းတယ်ဟုတ်။ မအားတာများလား မသိ။ မေးလ်လဲ မသိတော့ ဒီမှာပဲ လာမေးရတယ်။

PAUK said...

မမိုးချိုသင်းရေ..
နေကောင်းလား..
ပို့အသစ်တွေမတင်ဘူးနော်..

pandora said...

ဆရာကြီးတင်မိုးရဲ့ ကဗျာလေးကို ထပ်လာဖတ်သွားပါတယ်။ အားလုံးလွတ်မြောက်ကြပါစေ အစ်မရေ..။

တန်ခူး said...

ချိုသင်းရေ… သတင်းလာမေးတာ ကျေးဇူးနော်…ခုနေကောင်းသွားပြီ… စာမရေးချင်သေးဘူးဆိုတော့ ပိညှက်လေးနဲ့ အလုပ်ရှုပ်နေလို့ လား…

စူး said...

စာရေးချင်လာအောင် အမ ချစ်ချစ်ကို လာပြောမယ်။
အမမိုးချိုသင်းက ပြောတယ် စာမရေးချင်ဘူးဆိုပဲ လို့..ဟီးဟီး

Anonymous said...

အမရေ..............

Unknown said...

ကဗျာကိုဖတ်ပြီး ကျက်သီးတွေ တဖြန်းဖြန်းထမိ တယ်အစ်မရေ...။

Anonymous said...

အိမ်မှာ ခင်ထွေးထွေး လို့ ခေါ်တဲ့ ဧည့်သည်လေးရောက်နေလို့ စာမရေးဖြစ်တာမဟုတ်လား။ မေးကြည့်ပေးပါဦး ဘယ်တုန်းက နာမည်ပြောင်းလိုက်သလဲလို့။း)
မစ္စတာဇက်