ဘလော့ဂါကြီးသို့

ဘလော့ဂ်လုပ်တော့ သတိအရမိဆုံးသူက အဖေပါ။

နေ့စဉ်နေ့တိုင်း တရက်မပျက် သတိရစရာချည်းဖြစ်ပေမဲ့ ဘလော့ဂ်လုပ်တော့ ပို ပြီး သတိရမိပါတယ်။ အဖေ့အကြောင်းရေးမယ်ဆိုရင် အပိုင်းပိုင်းတွေခွဲပြီး ရေးစရာတွေက တပုံကြီး။ တွေးမိရင် ငိုချင်လာတယ်၊ ဖြစ်နိုင်ရင် အဖေအရင်ကလို ခရီးတွေထွက်နေတယ်၊ တနေ့ အိမ်ပြန်လာမှာပဲ လို့ပဲ တသက်လုံး ယူဆထားချင်တယ်။ ဒါကြောင့် မရှိတော့တာကို မတွေးဘဲ အဖေများ ဘလော့ဂ်ဂါဖြစ်ရင် ဆိုတဲ့ စိတ်ကူးနဲ့ပဲ ခဏရူးလိုက်မိပါတယ်။

အဖေက ဘော်ဒါတွေက များမှများ။ ရန်ကုန်မှာဆို အဖေလက်ဖက်ရည်ဆိုင်ထိုင်ရင် လူသီးကြီး ဖြစ်နေတာ။ သူ့ဘေးမှာ လူတွေအုံလို့။ စကားပြောရင် အမြဲပဲ ပြုံးပြီး ပြောတယ်။ မိတ်ဆွေ အပေါင်းအသင်းကို သိပ်ခင်မင်လို့ သူ့ကိုလဲ လူတိုင်းက ချစ်တာ မဆန်းပါဘူး။ ဘယ်သူ့ကိုမဆို အနိမ့်အမြင့် အတန်းအစားမရွေး အသက်အရွယ် ကြီးငယ်မရွေး သူ့ကိုယ်သူလိုပဲ ယုံယုံကြည်ကြည် ပေါင်းတတ်တယ်။

ပကာသန လုံးဝမရှိ၊ အရှိကို အရှိအတိုင်း ရိုးရိုးကြီးနေတတ်လို့ အင်မတန်လည်ပြီး သူများအပေါ် လှည့်စားတတ်တယ် ဆိုတဲ့သူတွေတောင် အဖေ့ကိုတော့ ဘေးမဲ့ ပေးထားကြတာ တွေ့ရတတ်တယ်။ ငါတော့ ဆရာ့ကို မလိမ်တော့ပါဘူးလေ၊ လိမ်လဲ သိမဲ့ပုံ မပေါ်ပါဘူးပေါ့။

ကိုယ်ဘလော့ဂ်လုပ်တော့ အဖေက အနားရောက်လာတယ်။ ထုံးစံအတိုင်း ခေတ်ပေါ် နည်းပညာဆို ဘာမှမလုပ်တတ်ပေမဲ့ သိပ်သဘောကျတယ်လေ။ အခုလို ကိုယ်ရေးတဲ့စာတွေ ရိုက်တင်နေရုံပဲ ဆိုတဲ့ ဘလော့ဂ်လိုဟာမျိုးဆို အဖေနဲ့သိပ်ကိုက်ပေါ့။ ဘလော့ဂ် တီထွင်တဲ့သူတွေကို ရည်ညွှန်းပြီး ကဗျာတွေဘာတွေတောင် စပ်ပစ်လိုက်အုံးမှာ။

အဲဒါနဲ့ ကိုယ်ဘလော့ဂ် လုပ်နေတာ သိသွားပြီး အဖေလဲ ဘလော့ဂ်ဂါလုပ်မယ် ဖြစ်ပါလေရော။ သူ့အသည်းလေးနဲ့ လူတိုင်းကို ဖုန်းဆက်ပါတော့တယ်။ သူ့အသည်းလေးဆိုလို့ တခြားမထင်ပါနဲ့။ နေ့နေ့ညည အပေါင်းအသင်းတွေနဲ့ ကွန်တက်ပြတ်သွားမှာစိုးလို့ သူ့ဆဲလ်ဖုန်းလေးကို မျက်စိအောက်က အပျောက်မခံတတ်လို့ ကိုယ်တို့နှစ်ယောက်က အဖေ့ဖုန်းလေးကို အဖေ့အသည်းလေးလို့ တိတ်တိတ်လေး နံမည်ပေးထားတာပါ။

“ဒီလိုပါ၊ ကိုယ် ဘလော့ဂ်ရေးမလို့လေ။ အဲဒါ ကိုယ့်ကို ဘလော့ဂ်တခုလောက် လုပ်ပေးစမ်းပါ။ နံမည်ကိုတော့ ဖန်မီးအိမ်လို့ ပေးဖို့ ကိုယ်စဉ်းစားထားတယ်၊ အင်း၊ ရပါတယ်၊ တင်မိုး ဘလော့ဂ် ဆိုလဲ တမျိုးတော့ကောင်းပါတယ်၊ အဲဒါလေး ကူပါအုံးဗျာ”

ဒါနဲ့ သူခင်တဲ့ လူတိုင်းကို လိုက်ပြောလိုက်တာ ဟိုလူက တခုလုပ်ပေး၊ ဒီလူက တခုလုပ်ပေးနဲ့ ဘလော့ဂ် ၁၅ခုလောက် ဖြစ်သွားပါလေရော။ ဘလော့ဂ်ဂါ အကြီးစားကြီး ဖြစ်သွားတာပေါ့။ ဖန်မီးအိမ် တဲ့၊ တင်မိုး ဘလော့ဂ်တဲ့၊ လှေတစင်းနဲ့ သီချင်းသည် တဲ့၊ ဒီမိုကရေစီ အောင်ဆုရည် တဲ့၊ ဒို့အရေး ဘလော့ဂ် တဲ့၊ သီချင်းတွေကလဲ အကုန်ရတော့ ဒီမိုကရေစီ သီချင်းဘလော့ဂ် ဆိုတာလဲ လုပ်ထားသေးတာ။ (အံတီမာမာအေး အသံဖိုင်နဲ့လဲ စာသားနဲ့ တွဲထည့်တယ်) သူ့ဘလော့ဂ်တွေရဲ့ နံမည်တွေအကုန်လုံးကို များလွန်းလို့ သူ ကိုယ်တိုင်လဲ မမှတ်မိတော့ဘူး တဲ့။

“သမီး ဒီဘလော့ဂ်မှာ ဆီပုံးလေး ထားလိုက်ပါအုံး။ လူတွေနဲ့တွေ့ရတာ သိပ်ကောင်းတာပေါ့ သမီးရယ်။ အဖေ့ဖုန်းနံပါတ်လေးကိုလဲ ဘလော့ဂ်ထိပ်မှာ ရေးထားလိုက်ရင်ကောင်းမယ် (ဟာ ဘယ်သူမှ ဒီလို မထည့်ဘူးအဖေ) လုပ်လိုက်ပါ သမီး၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ် ရတာပေါ့။”

“ဒီဘလော့ဂ်လုပ်ဖြစ်တာ အရမ်းမှန်သွားတယ်၊ ဒီလူနဲ့ အဖေ အဆက်အသွယ်ပြတ်နေတာ ကြာပြီ၊ အခုမှ ပြန်အဆက်အသွယ်ရတယ်။ အဖေတို့က ဟိုးအရင်ကတည်းက သိပ်ခင်တဲ့ သူငယ်ချင်းတွေ။ သူ့ဖုန်းနံပါတ်ကို ပေးဖို့ စီဘောက်စ်ကနေ အော်လိုက်ပါအုံး။ (ဖြစ်ပါ့မလား အဖေ၊ တကယ်ကြီး လုပ်ခိုင်းနေတာလား) အော် ငါ့သမီးနှယ်၊ တယ်ခက်ပါလား၊ ဒါဆိုလဲ အဖေ့ဖုန်းကို ဆက် လို့ ရေးလိုက်။ ဖုန်းနံပါတ်က ဘလော့ဂ်ထိပ်မှာ ရေးထားတယ်လို့။”

“သူ့ကွန်မန့်ကလေးက အတော်ကောင်းတာပဲ။ အဖေ အဲဒါကို ကဗျာလေးနဲ့ ပြန်ဖြေလိုက်မယ်။ သမီး အခု တင်လိုက်ပေါ့။ (အဖေ ဒီနေ့တနေ့တည်း ပို့စ် ၇ခု ရှိနေပြီနော်) အော် သမီးရယ်၊ ပိုက်ဆံပေးရတာမှ မဟုတ်တာ။ လွတ်လွတ်လပ်လပ် စာပေစိစစ်ရေးမရှိဘဲ ရေးရတာ ဘယ်လောက်ကောင်းသလဲ။ ဘယ်နှစ်ပုဒ် တင်တင်ပေါ့။ ငါ့သမီးတို့က တခါတလေ တော်တော် နားဝေးသေးတယ်။”

အဲလိုနဲ့ အဖေ ဘလော့ဂ်လုပ်လိုက်တာ ကိုယ်လဲ အလုပ်က ထွက်လိုက်ရပြီး ၂၄နာရီမှာ နာရီ ၂၀လောက် အဖေ့စာမူတွေ ရိုက်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေ့ကို ကွန်ပျူတာ စာရိုက်သင်ပေးတာ ထုံးစံအတိုင်း မအောင်မြင်ပြန်ပါဘူး။

စာတလုံးကို နှိပ်ရင် သူ့လက်၀၀ကြီးတွေနဲ့ အကြာကြီး နှိပ်ထားလို့ ဟိုးတား လို့ အော်ရပေါင်း မနည်းတော့ဘူးလေ။ ဥပမာ အေ ကို တချက်နှိပ်လိုက်တာ အေ တွေချည်း တမျက်နှာလောက် ပြည့်သွားလို့ပါ။ ဖိမိဖိရာ နှိပ်ထားလိုက်တာ။ “ကဲ ကဲ ငါ့သမီးပဲ လုပ်တော့။ အဖေ ဘေးကနေ ကြည့်မယ်။”

နဂိုကမှ အပေါင်းအသင်းများရတဲ့အထဲ နောက်ထပ် ဘလော့ဂါ ဘော်ဒါတွေ ထပ်ရလာလို့ အဖေ့ဖုန်းက နားကို မနားရတော့ဘူးလေ။ နဂိုယူထားတဲ့ မိနစ် ၁၀၀၀ plan မလောက်တော့လို့ unlimited plan ကို ပြောင်းယူထားရသေးတယ် တဲ့။ ဖုန်းကုမ္ပဏီတွေကလဲ အဖေက အမှန်တကယ်သုံးစွဲသူကြီးဆိုတော့ အဖေနဲ့တောင် ကြော်ငြာရိုက်ဖို့ စဉ်းစားနေရတယ် တဲ့။

အော် တခါတလေကျတော့လည်း တွေးမိတယ်။ ကိုယ့်စိတ်ကူးတွေ အသက်ဝင်လာရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ပေါ့။

မိုးချိုသင်း

21 comments:

yannaing said...

မမိုးချို.......
အရေးကောင်းတော့..ကျွန်တော်တောင် နည်းနည်း
မျောသွားတယ်..ဘယ်နည် ဘဘ မရှိတော့တာ ( ၀မ်း
နည်းစွာဖြင့် ) ကြာပြီပဲပေါ့ ၊ အင်းလေ.....
ဘဘ ရှိရင်လည်းအဲလိုမျိုး သဘောကျနေမှာအမှန်ပါပဲ

သက်ဝေ said...

ရေးထားတာက သွက်ပြီး အသက်ဝင်လွန်းတော့ အသက်ရှုဖို့ မေ့ပြီး တလစပ်ဖတ်လိုက်မိတယ်။ ပြီးမှ သက်ပြင်းရှည်ကြီး ချမိတော့တယ်။
မဖြစ်နိုင်မှန်း သိပေမယ့်လဲ ချိုသင်းရဲ့ စိတ်ကူးတွေ ပြန်လည် အသက်ဝင်လာပါစေလို့  ဆုတောင်းပေးမိတဲ့ အထိပါဘဲ..။

myatnoe said...

ဟုတ်တယ်နော် ဆရာကြီးတင်မိုးသာ ရှိရင် ဘလော့ထွင်တဲ့သူကို ကဗျာ စပ်ချင်စပ်ဦးမှာ..။

ကောင်းလိုက်တဲ့ အရေးအသား

pandora said...

ဆရာကြီးကို မျက်စိထဲ မြင်ယောင်လာစေတဲ့ အထိပါပဲ။
လွတ်လပ်စွာ ဆက်လက်ရှင်သန် ဖူးပွင့်ပါ မမိုးချိုသင်း။

Kay said...

မချိုသင်းရေ-
ပြုံးလည်း ပြုံး မိ တယ်။ လွမ်း လည်း လွမ်း မိတယ်။
ဘာပဲ ဖြစ်ဖြစ်.. အဲလိုလေး တွေး ကြည့် တဲ့..အခိုက် တော့.. ကြည်နူး ရ တာပေါ့နော်။ ဒါပါပဲလေ..ဘ၀ ဆိုတာ.. စိတ်ကူးနဲ့ မြူး။

လင်း said...

ရေးထားတာက အသက်ဝင်လွန်းတော့ မျက်စိထဲမှာ ကွန်ပျူတာတစ်လုံးနဲ့  အလုပ်ရှုပ်နေမဲ့ သားအဖနှစ်ယောက်ကို တကယ်မြင်ယောင်လာတယ်။
စိတ်ကူးတွေကို တကယ်အသက်သွင်းလို့ရရင် သိပ်ကောင်းမယ်နော်

Andy Myint said...

ကျွန်တော်လည်း ၀ဂ္ဂီရပ်ကွက် သားပါ။ ဆရာကြီးတို့ မိသားစုက ရပ်ကွက်ထဲမှာ လေးစားရတာတွေပါ။ ၀ဂ္ဂီလမ်းမှာ ဦးတင်မိုး၊ ဣစ္ဆာရာမမှ ဦးစွမ်းရည်နဲ့ ဒေါ်ရွှေကူမေနှင်းတို့ နေတာလေ။ ကျွန်တော် အမှတ်များ မှားနေသလား မသိ။ ကျွန်တော်တို့က ငချွတ်ပဲ ရှိသေးတော့ အစ်မတို့ကတော့ ကျွန်တော်တို့ကို သိနိုင်မယ် မဟုတ်ဘူး။ အစ်မ ဘလောက်ကို အစကတည်းက ကျွန်တော် လင်မယားက အားပေးနေပါတယ်။

MELODYMAUNG said...

စိတ်ကူးကို အသက်ဝင်အောင်လုပ်ရမရတာထက် အဖေများ ဘလော့ဂါဖြစ်ရင်ဆိုတဲ့စိတ်ကူးကို ရေးထားတာကတော့ အသက်ဝင်လွန်းလို့ အသက်ရှူဖို့တောင်မေ့သွားတယ် တကယ်လို့သာ ..တကယ်ဖြစ်ခဲ့ရင် လေးစားအားကျစရာ ဘလော့ဂ်ဂါ အကြီးစားကြီးအနေနဲ့အဖြစ်က ဒီပို့စ်ထဲကအဖြစ်ထက် မလျော့မှာသေချာပါတယ်လေ။

Moe Cho Thinn said...

လာဖတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုAndy ရေ ကျမတို့က ၀ဂ္ဂီထဲမှာ နေတာမဟုတ်ပါဘူး။ အမှတ်မှားတာ ဖြစ်မှာပါ။ အဖေမိတ်ဆွေတွေ အဲဒီ့မှာ နေကြတာ တော်တော်များတာမို့ နေတယ်လို့ ထင်နေတာ ဖြစ်ပါလိမ့်မယ်။

တန်ခူး said...

ဘဘဂျမ်း ဘလော့တွေထဲဝင်… ဖတ်ရတာအားမရ…ဘဘရေ ထပ်ရေးပါဦးလို့ commentတွေပေး… စာတွေ ကဗျာတွေရေးနေရရင် ပျော်နေတတ်တဲ့ ဘဘမျက်နှာပြေးမြင်လို့ ပေါ့… တကယ်လို့ ပဲ မှတ်ယူပျော်ရွှင်နေမိတဲ့ အထိ မ အရေးအသားထဲမှာ စီးမျောသွားတယ်…
တကယ်လဲ… တကယ်ပါပဲ မ ရယ်… ဘဘရဲ့သွေးစစ်စစ် မ လက်တွေထဲမှာ ဘဘလက်ရာတွေ အလိုအလျှောက်စီးဝင်ပြီးသား… ကျွန်မတို့  မ လက်ရာလေးတွေနဲ့ အတူ ဘဘ လက်ရာလေးတွေ ဖတ်ရဦးမှာပါ…

မေငြိမ်း said...

ရေးထားတာတော့ ပေါ့ပေါ့ပါးပါးပဲ.. ဖတ်ရတဲ့သူမှာတော့ ကွက်ကွက်ကွင်းကွင်းမြင်ယောင်ပြီး မျက်ရည်တောင်လည်မိတယ်။
ဆရာ့ကို လွမ်းလိုက်တာ..

ပီတိ said...

တကယ်လက်တွေ့မှာ ဖြစ်နေတယ် ထင်အောင် ရေးတာလေးက ကောင်းပါတယ်။ စိတ်ကူးလေးအတိုင်းဆို ပျော်စရာကြီး။

တကယ်ဆို ကဗျာတွေဖတ်ချင်လို့ ကွန်မန့်တွေ အများကြီးလာပေးမှာ…

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ဒီပို့စ်လေးကို ဖတ်ပြီး စိတ်ထဲမှာ ကြည်နူးရသလို ၀မ်းလည်းနည်းမိပါတယ် အမရေ။

စိုးထက် - Soe Htet ! said...

ဘလော့ဂါ ကြီး အကြောင်း သေချာ လာရောက် ဖတ်ရှု ခံစား သွားပါတယ် ... :)

sandar said...

Sayama..
I fell both happy and sad after reading ur story....and I miss Sayagyi U Tin Moe.

အက္ခရ said...

တင်မိုးဖန်...မီးအိမ်ကဗျာများ။
ငယ်ငယ်တုန်းက သူ့ကို ဒီလို ခေါ်ခဲ့ဖူးတယ်...။
အခုတော့...
“ဖန်မီးအိမ်...ထာဝရအလင်းရှင်”လို့ပဲ ခေါ်တော့မယ်ဗျာ။

khin oo may said...

တို.လဲအဖေ.့ကို သတိရလိုက်တာ. တို.လဲ အဲလိုဘဲ လှည်.စားထားတယ်။ မိဘ တွေ မရှိတော.တဲ.အကြောင်းမပြောဘူး။

Freedom fighter said...

Ma Moe Cho Thinn yay,

Your writing power is so Great as sayargyi.

I miss sayargyi alot too. Please keep writing.

Zaw Win
New York

BLACK DREAM said...

ကျွန်တော်အခုပဲ ကိုစေးထူးဘလော့မှာ တင်ထားတဲ့ ကိုနေခြူးရေးတဲ့ ဘဘအကြောင်းကို ဖတ်ပြီး သတိရတဲ့ စိတ်တွေဖြစ်လာတာနဲ့ အစ်မဘလော့ကို မွှေနှောက် ဖတ် နေတာပါ...။

ဒီပို့စ်လေးကို ဖတ်လိုက်တော့ ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်..။ အစ်မရဲ့အရေးအသား၊ ကျွန်တော်ဖတ်ထား တဲ့ အကြောင်းအရာလေးတွေနဲ့ ဘဘရဲ့ပုံကိုဖော်ကြည့် လိုက်တော့ ကျွန်တော့်ရင်ထဲ တော်တော် အောင့်တက်သွား တယ်...။

အစ်မဆီမှာ Recent Comment မရှိတောာ့ ဒီပို့စ် အဟောင်းလေးမှာ လာရေးတာ အစ်မ သိ၊ မသိတော့ ကျွန်တော် မပြောနိုင်ဘူး..။ ဘာပဲ ဖြစ်ဖြစ် စိတ်ဖြေရုံ တစ်ခုအနေနဲ့ရော...။ ဘဘမရှိတော့လို့ ဘဘရဲ့ ကိုယ်စား လာရောက် ဂါရ၀ ပြုတဲ့သဘောပေါ့ဗျာ...။

လေးစားစွာဖြင့်
BLACK DREAM

ဂျူနို said...

ဒီပို့ ကို လိုက်ရှာနေတာ။
ချိုသင်းကလည်း ဘလော့နဲ့ ဆိုင်တဲ့ပို့ စ်ကို သုံးပုဒ်မကရေးထားတော့ ရှာရတာ မောသွားတာပဲ။

ချိုသင်းဖေဖေက ဘလော့သာမရေးခဲ့တာပါ။ သူရေးတဲ့ ကဗျာတွေ စာတွေနဲ့ ကိုယ်တို့ သူ့ ကဗျာနဲ့ ပဲ စာစသင်ရတာ။ သူရေးခဲ့တဲ့ ကဗျာတွေက ခုထိ သစ်တုန်းလေ။


ကိုယ်လည်းစဉ်းစားမိလို့ ပါ။
ခုနေ ဒေါ်စုကို အိမ်ထဲမှာပဲ ဖမ်းထားဖမ်းထား ဘလော့လေးသာ ပေးလုပ်ရင် ၀က်ဝက်ကွဲနေမှာပဲ။

ခု ပြည်ပရောက် အဖွဲ့ တွေလည်း သူတို့ ဘာလုပ်နေတယ်ဆိုတာ ဘလော့ကနေ ရှင်းရှင်းလင်းလင်း ပြောဖို့ ကောင်းတယ်။

အိုဘားမားကလည်း ဘလော့တယ်တဲ့လေ။ သူနိုင်တာ ဒါ့ကြောင့်လည်း ပါတယ်ပြောကြတယ်။ ဘလော့ကနေ ချက်ချင်း မေးဖြေတွေ လုပ်တယ်တဲ့လေ။

ဂျူနို said...

ဟိုတုန်းက ဖတ်ပြီး ဒိတိုင်းပြန်သွားရတာ။ စာမရိုက်တတ်လို့ ။
မျက်စိမနောက်နဲ့ နော်။
ချိုသင်း ဘလော့ကို ဖတ် ၀မ်းနည်းစရာတွေ့ ရင် မျက်ရည်ပေါက်ပေါက်ကျ။ ရီစရာရှိရင် တစ်ဝါးဝါးနဲ့ မို့ 
မအယ်ပူစာလို့ ကိုကိုဆရာက စာရိုက်တာ သင်ပေးလို့ ခု လေပေါနိုင်တာ။