တစိမ်းတွေလို နေလိုက်မယ်

မနေ့က သီချင်းမှားဆိုတဲ့အကြောင်း ရေးလိုက်တာ ကွန်မန့်တွေမှာ ဘယ်သူကမှ ရိုက် မစစ်ရပါဘဲ မှားဆိုတဲ့သူတွေ သူ့သဘောနဲ့သူ ၀န်ခံကြတာ ရီလိုက်ရတာ။ စင်ဒရယ်လားကို ဆင်ကြီးလား လို့ဆိုတဲ့သူက ရှိသေး။ ဟိုတယောက်သာသိရင် ဘယ်လောက်ဒေါသ ထွက်လိုက်မလဲ မသိ။ ၀ါးလုံးရှည်ကြီးနဲ့ သိမ်းရိုက်နေလို့ ကိုယ်တို့ တအုပ်လုံး ပြေးနေရအုံးမယ်။

သီချင်းမှားဆိုတာ တော်သေးတာပေါ့။ တချို့ကျတော့ နံမည် တလွဲခေါ်ကြတာ ရှိသေးတယ်။ နံမည်ကလဲ တကယ်တော့ တလွဲခေါ်တာ မဟုတ်ပါဘူး။ ကိုယ့်အဖြစ်ကတော့ သိကို မသိတာပါ။ ပြောရရင်တော့ ကိုယ် သူနဲ့ အကြောင်းပါပြီးပြီးချင်း စင်ကာပူမှာ ၅နှစ်လောက် သွားနေသေးတယ်။ ပြီးမှ ရန်ကုန်ပြန်လာပြီး သူတို့ မိသားစု အိမ်နားမှာပဲ အိမ်ခန်းတခန်း သူ့မိဘတွေက ပေးနေလို့ နီးနီးနားနား နေဖြစ်တယ်ဆိုပါတော့။

အဲဒီမှာ ခက်တော့တာပဲ။ သူနဲ့ သူ့အမ က ရပ်ကွက်ထဲကလူတွေကို နံမည်လေးတွေ ပေးထားတာ။ ကိုယ်ကလဲ သူတို့စကားဝိုင်းနား ဖြတ်သွားဖြတ်လာ လုပ်ရင်း ကြား ကြားနေတာ။

သူတို့အိမ် အနောက်ဖက်မှာ နေတဲ့ ဦးညိုကြီးဆိုရင် သူတို့က ဘောလုံးသမား နံမည်ပေးထားတယ်။ west brown တဲ့။ အနောက်ဖက်မှာနေသော ဦးညို ပေါ့။
တယောက်ကတော့ လေသမား။ အပြောပဲ ရှိလို့ တဲ့၊ နံမည်ပေးပုံက ‘အာ’ဦး တဲ့။ အဲဒီလူ နံမည်က ဦးတင်ဦးလေ။
တယောက်ကတော့ ထိပ်တည့်တည့်မှာ ဘုကြီး ရှိနေလို့ တဲ့။ ဦးဘုကြီး ဆိုပဲ။ သူ့ကိုတော့ ကိုယ် နံမည်အရင်းတောင် ခုထိမသိဘူး။
အော်..ဟာသမယ် မတူးနဲ့ တူလို့ မတူးလို့ ပေးထားတာက ရှိသေး။

သူတို့ဖာသာ နံမည်ပေးတာ အရေးမကြီးဘူး။ ကိုယ်က အဲဒီနံမည်တွေကို တရပ်ကွက်လုံး သိကြတဲ့ နံမည်၊ ကာယကံရှင်လဲ သိထား၊ လက်ခံထားတဲ့ နံမည်၊ အဲဒီလို ထင်ထားတာ။ ကိုယ်က ဒီနေရာမှာတော့ အသစ်လေ။ သူနဲ့ပတ်သက်မှ ပြောင်းလာနေဖြစ်တာဆိုတော့ မသိဘူးဖြစ်နေတာပေါ့။

ကိုယ်က အေးအေးဆေးဆေးပဲ နေတတ်တာ။ ဘယ်သူနဲ့မှလဲ ရောရောနှောနှော မပေါင်းမိတော့ ဒီနံမည်တွေနဲ့ လူတွေ တွဲမသိဘူး ဖြစ်နေတယ်။ ကိုယ့်မှာကလဲ သုံးထပ်က ကိုယ်တို့အခန်းလေးပေါ်ကဆင်း၊ သူ့မိဘတွေနေတဲ့ ခြံဖက်ကို ကူးသွားတဲ့ အချိန်လောက်ပဲ ဒီရပ်ကွက်ကလေးက ဖြတ်ရတာဆိုတော့ လမ်းမှာ တွေ့တဲ့သူ ပြုံးပြ နှုတ်ဆက်၊ ဒီလောက်ပဲ။ နံမည်လဲ မမှတ်မိဘူးလေ။ လူတွေပဲ မြင်ဖူးနေတာပေါ့။

တနေ့တော့ ရပ်ကွက်ထဲမှာ အသုဘရှိလို့ ကိုယ့်ကို မာမားက (သူ့အမေပါ) အဖော် ခေါ်သွားတယ်။ အသုဘဆိုတော့ လူစုံတာပေါ့။ အဲဒီမှာ လူတွေ ထိုင်ရင်း အလာပ သလ္လာပ ပြောကြရင်း၊ ကွာစိစား၊ အသုဘ မေးပေါ့။ အဲဒီမှာ လူကြီးတယောက်က ကိုယ့်ကို ရင်းရင်းနှီးနှီးပဲ ခေါ်ပြော၊ နေရာ ထိုင်ခင်းပေးတယ်။ ကိုယ်လဲ အဲဒီလူကြီးကို ရပ်ကွက်ထဲမှာ ခဏခဏ မြင်ဖူးနေတယ်။

ကိုယ်လဲ သူ့ကို ပြုံးပြ၊ အလိုက်အထိုက် ပြန်ပြော၊ နှုတ်ဆက်ပေါ့။ ဒါပေမဲ့ ဘာပြောရမှန်းမသိဘူး၊ ပြောစရာ စကားက ရှာမရဘူး။ မာမားကတော့ အသိမိတ်ဆွေ များတဲ့သူဆိုတော့ ဟိုလူ့နှုတ်ဆက်၊ ဒီလူ့ နှုတ်ဆက်နဲ့နေတာ။ တော်တော်လေးနေတော့ ကိုယ်နဲ့ ဟိုလူကြီး မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ၀ိုင်းဖက်ကို မာမားက ကူးလာတယ်။ ငါ့သမီးပျင်းနေမယ်၊ မိတ်ဆက်ပေးအုံးမှဆိုပြီး သမီး၊ သူ့ကို သိတယ်မဟုတ်လား၊ ဦးညိုလေ တဲ့။

အဲဒီမှာ ကိုယ်က ဟာ ခနဲ ဖြစ်သွားတာ။ ဒီနံမည် ကောင်းကောင်းသိတာပေါ့၊ အိမ်မှာ မမနဲ့ ကိုယ့်အမျိုးသား အမြဲပြောပြောနေလို့ ကြားဖူးနေတာ။ ငါတော့ စကားစ ရပြီဆိုပြီး “နံမည်နဲ့လူနဲ့ အခုမှ တွဲမိတယ် ဦးရယ်၊ မမတို့ ပြောနေလို့ ကြားဖူးနေတာပါ။ west brown လေ၊ ဟုတ်တယ်မဟုတ်လား မာမား၊ west brown ဆိုတဲ့ ဦးညို မဟုတ်လား” လို့။

ဦးညိုကလဲ ပါးစပ်ကြီး ဟ လို့။ သူလဲ west brown ဆိုတဲ့ ကစားသမားကို ကောင်းကောင်းသိပါတယ်။ သူလဲ မန်ယူ ပရိသတ်ပဲ။ ဒါပေမဲ့ သူ့နံမည်က အဲဒီလို ဖြစ်နေလိမ့်မယ် လို့ လုံးဝ မသိလိုက်ဘူး။ မထင်တဲ့အကွက် ပေါ့လေ။ မာမားကလဲ ကိုယ့်ကို လက်ကုပ်တယ်။ ပြီးတော့ သက်ပြင်းချပြီး ပြောတယ်၊ အင်း ပြန်မှ ပြန်မှ တဲ့။ ကိုယ်လဲ အဲဒီတော့မှ ရိပ်မိပြီး အားနာလိုက်တာလေ။

နောက်တခါကတော့ ရပ်ကွက်က အလှူလာကောက်တာ။ သင်္ကန်းလှူမလား တဲ့။ တစုံကို ဘယ်လောက် ဘယ်ရွေ့ ကျမယ်ပေါ့။ ကိုယ်ကလဲ သင်္ကန်းတစုံ ကုသိုလ်ပါပါတယ်။ အဲဒီမှာ အလှူလာကောက်တဲ့ ဦးတင်ဦးက ပြောတယ်၊ သင်္ကန်းကို ကိုယ်တိုင်ကပ်လို့လဲ ရပါတယ် တဲ့။ အဲဒီတော့ ကိုယ်ကလဲ ပြန်ပြောလိုက်တယ်။
ကိစ္စမရှိပါဘူး အာဦးရယ်၊ အာဦးတို့ပဲ ကပ်လိုက်ပါ တဲ့။
ဘာ…၊ ဘယ်လို..
အော်၊ ကျမ မလာနိုင်လို့ အာဦးတို့ပဲ ကပ်လိုက်ဖို့ ပြောတာပါ၊ စုပေါင်းအလှူပဲလေ တဲ့ ..

အဲဒီအထိ ကိုယ်က သူ့ကို အာဦးလို့ ခေါ်နေမိမှန်း ကိုယ့်ကိုယ်ကိုယ် မသိသေးဘူး။ သူကတော့ သူ့နံမည်ပြောင်ကို သိနေပြီးသား ဖြစ်ပုံရတယ်။ သူ့ကို အာ သမား၊ အပြောသမားမို့ အာဦး ခေါ်ကြတာ ပြန်ကြားပေမဲ့ ကိုယ်က ဒီလို သူ့ရှေ့မှာ ခေါ်နေလိမ့်မယ်လို့တော့ ဘယ်ထင်ထားပါ့မလဲ။ သူလဲ စိတ်ဆိုးဆိုးနဲ့ ဆောင့်ကြီးအောင့်ကြီး လှေခါးအတိုင်း ဆင်းသွားတော့မှ ဟိုက် သွားပြီကွ ပေါ့။ နောက်ကျသွားပါပြီလေ..။

နောက်တခါကတော့ ကိုယ်တို့နဲ့ မိသားစုလို ဖြစ်နေတဲ့ ပန်းချီဆရာ ဦးယဉ်မင်းပိုက်က မိတ်ဆက်ပေးတာပါ။ သူ့သူငယ်ချင်းတဲ့။
သမီးချိုသင်းရေ၊ ဒါ ဦးသူငယ်ချင်းလေ၊ သမီးတို့နားမှာ နေတယ် ပြောတယ်..
ဟာ ကောင်းကောင်းသိတာပေါ့ ဦးရယ်၊ ဦးဘုကြီး မဟုတ်လားဟင် (သူ့ထိပ်မှာ ဘုကြီးနဲ့ ဆိုတော့ ဒီ နား က ကြားဖူးထားပြန်ပြီလေ)
ဗျာ..၊ ဟို ဟို..၊ ခင်ဗျားတို့နားမှာ နေတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျနော့် နံမည် ဦးဘုကြီး မဟုတ်ပါဘူး တဲ့။ သွားပြန်ပေါ့ တခါ။

ကိုယ်လဲ အဲဒီကတည်းက ကောင်းကောင်းကြီး မှတ်သွားပါပြီ။ သုံးကြိမ်၊ သုံးခါတောင် မှား ထားပြီးပြီဆိုတော့ နောင်အခါမှာ ကိုယ်နဲ့ သိပ် မသိတသိလူကို တွေ့ရင် လုံးဝ နံမည် ခေါ်ပြီး နှုတ်မဆက်တော့ပါဘူး။
အော် ဦးပါလား၊ ဟိုလေ..နေကောင်းတယ် မဟုတ်လား၊ အဲ..၀ လာတယ်နော်၊ အဟင်း ကျန်းမာရေး လိုက်စားတယ် ထင်တယ်..၊ အင်း..နောက်ပြီး…။ ။

မိုးချိုသင်း

13 comments:

M.Y. said...

ထူးထူးခြားခြားဒီနေ့ အရင်ဆုံးကွန်မန့် ခွင့်ရပါကလား..
အင်မတန် ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ရသစာစုကလေးတွေပါပဲ..
ဟာသ၊သန္တ၊ သိင်္ဂါရ..(၀ိဘစ္ဆတော့ ပါသေးလဘူးထင်တယ်..)

မိုးချိုသင်း ကလောင် ဆိုတာ ညွှန်းစရာမလိုပေမယ့် ဟိုးတုန်းကလက်ရာကလေးတွေ ခုထိ စွဲကျန်ရစ်ခဲ့ခလို့ ကျွန်တော့် ပို့ စ်တစ်ခု http://maungyin.blogspot.com/2008/08/blog-post.html မှာ ဘလော့ဂ်အသစ်ကြိုဆိုနုတ်ဆက်ခဲ့တာ တကယ်ကို မှန်သွားပြီပေါ့..

အဲဒိ ညွှန်းထားတဲ့ ပို့ စ်ထဲက လက်ရာမျိုးလေးတွေလဲ လုပ်ပါဦး..

whiterhododendron said...

very nice story. we give also nick name .
our neighbour is very curious. she knows every thing about our block. Her name is aunty internet.
sandy

တန်ခူး said...

လူတိုင်းဖြစ်တတ်တာလေးတွေ ပေမယ့် မ လိုရေးတတ်ဖို့  မလွယ်ဘူးနော်… စာဖတ်သူကို အမြဲပြုံးပျော်ကြည်နူးစေအောင် ဖန်တီးနိုင်စွမ်းပါပေတယ်…
ကျွန်မကတော့ နာမည်ပြောင်ပေးသန်တယ်… အရေးအခင်းတုန်းက လမ်းထိပ်ဘုန်းကြီးကျောင်းက ဦးဇင်း တရားတက်ဟောတာ… စင်ပေါ်ရောက်တာနဲ့  ဦးဇင်းဆိုတာ လိုက်ဆိုကြပါတဲ့… ၀ှီးဝန့် …( ၀ှီးဝန့် … အောက်က လိုက်ဆိုတာ)… ဒီမိုကရေစီ (ဒီမိုကရေစီ)…. … ၀ှီးဝန့် …( ၀ှီးဝန့် )… ဒီမိုကရေစီ (ဒီမိုကရေစီ)…. … ၀ှီးဝန့် …( ၀ှီးဝန့် )… ဒီမိုကရေစီ (ဒီမိုကရေစီ)… အဲဒီ ၃ ခေါက်ပြီးတော့ စင်ပေါ်က ဦးဇင်းဆင်းသွားရော… ဒီကစလို့  အဲဒီဦးဇင်းက ၀ှီးဝန့် ဦးဇင်းလို့  တိတ်တိတ်လေး နာမည်တွင်ရော…

Exit of thinking mind said...

ဆရာမရေ

ကျမ အမနဲ့ တူနေပြီ.... သူလဲ နံမည်ပြောင်သိပ်ပေးတတ်တာ...... ကြာတော့ သူပေးတဲ့ နံမည်ပဲ မှတ်မိတော့တယ်.... နံမည်ရင်းကို မသိတော့ဘူး... အိမ်ဘေးနားက မိန်းမကြီးကို အုန်းသီးလို့နံမည်ပေးထားတာ မှားခေါ်ဘူးလို့ အမေဆူတာ ခံခဲ့ရတယ်..........

မေငြိမ်း said...

အမလေး ဟုတ်ပ.. အဲလို ယောင်ယောင်ပြီးခေါ်တတ်တာ..တကယ်ပဲ။
အဲဒါ ၀ဋ်လည်တာထင်ပါရဲ့.. ခုဒီဘက်က သူငယ်ချင်းတွေက ကိုယ့်ကို နာမည်ပေးထားတယ်.. ဒေါ်မေငြိမ်း dot com တဲ့..ဟီဟိ

Exit of thinking mind said...

ဆရာမရေ

ဆရာမစာ ဖတ်လိုက်တာ စိတ်ကို ရွှင်လန်းသွားတာပဲ.....နုနုရွရွ ပုပုကွကွ အလွမ်းအဆွေးစာတွေကြားထဲမှာ ဆရာမအရေးအသားလေးက ထူးခြားနေတယ်..... နေ့တိုင်းလာအားပေးမယ်... တနေ့တပုဒ် ရေးပါနော်.....

လင်း said...

အထက်တန်းကျောင်းတုန်းက အတန်းထဲက သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တော့ သူ့ရည်းစားကို ဒါငါ့ချစ်ကိုကြီးဆိုပြီးမိတ်ဆက်ပေးတော့ ၊ သူနာမည်ချစ်ကိုကြီး ဘဲထင်တာပေါ့ ၊ သူတို့ နဲ့ မုန့် စားရင်း စကားပြောတဲ့တစ်လျှောက် သူ့ရည်းစားကိုလဲ ကိုချစ်ကိုကြီးပဲခေါ်နေမိတာ၊ ပြန်ခါနီးမှ သိတယ် ဟီးဟီး ချစ်ကိုကြီးဆိုတာ သူ့ကချစ်စနိုးခေါ်တာတဲ့

sin dan lar said...

Sayama,
I visited ur block since early morning but u have not posted this new story at that time.
Anyhow,I feel satisfied enjoying ur stories.

wai lin said...

ပို့စ်နဲ့ ကွန်မန့်တွေနဲ့ လိုက်လည်းလိုက်ပါ့ဗျာ။ ဒီရောက်ရင် မျက်နှာအကြောတွေ ပြေပြေသွားတယ်။ ဘ၀အမောတွေပြေအောင် ရေးတတ်လွန်းလို့ ကျေးဇူးပဲ မမုန့်ချိုကွင်းရေ.။

ရွာသားလေးဝိုင်တီယူ said...

အမရေ လုပ်ချလိုက်ပြန်ပြီပေါ့ဗျာ။

ဇနိ said...

အမရေ ကျနော့် ကောင်မလေးပြောပြတာ ပြန်ပြောပြဦးမယ် - သူတို့ အဆောင်မှာ အမကြီးတစ်ယောက်က ယောက်ျာလေးတွေကို အီစကလီလုပ်လွန်းလို့ မကြူကြူစိန်ဆိုပြီး နာမည်ပြောင်ပေးပြီး ကွယ်ရာမှာခေါ်ကြတာ။ သူက နာမည်ပြောင်မှန်းမသိဘူး။ သူက နာမည်အရင်းမှတ်ပြီး ဧည့်သည်လာတော့ အဲဒီနာမည်ကို ခေါ်မလို့လုပ်မိတာ၊ မခေါ်မိလိုက်လို့ တော်သေးတယ်တဲ့။

စာရေးကောင်းတယ် အမ။
အားပေးလျက်ပါ။

GreenGirl said...

အစ်မရေ...နေ့တိုင်းရောက်တယ်။ အားပေးလျက်ပါ။ စာရေးကောင်းတယ်။

rose said...

မမရေ

ဆရာကြီးကလည်း သမီးတက်တဲ့ကျောင်းကိုလဲ နာမည်ပြောင်ပဲခေါ်ပြီး အမြဲပြောတယ် နာဇီကျောင်းတဲ့ ကဲ အဲဒါဆိုရင် သမီးဘယ်ကျောင်းတက်လဲ သိတယ်နော် ဟစ်တလာအုပ်ချုပ်တဲ့ကျောင်းမှာနေတာလေ ဟားဟားဟား