ငယ်ငယ်တုန်းကမို့ပါ

ဘလော့ဂ်လောကထဲရောက်လာတော့ သူငယ်ချင်းဆိုရင် အရမ်းခင်တတ်တဲ့ ကိုယ်က ဘလော့ဂ်ဂါ သူငယ်ချင်းတွေ ထပ်တိုးလာလို့ ၀မ်းသာရတာပေါ့။

အရင်ကဆို ဘလော့ဂ်ဖတ်တော့မယ်ဆိုရင် ဆရာမမေငြိမ်းဘလော့ဂ်ကို အရင်သွား၊ ဆရာမ လင့်ခ်ထားတဲ့ အထဲက ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ်တွေကိုသွား လည်၊ ဖတ်ပြီးရင်လည်း ကျေနပ်လို့..။ တနေ့တာ တာဝန်ပြီးဆုံးသွားသလိုမျိုး။

အဲဒီတုန်းက ဇော်ဂျီဖောင့်လဲ ကောင်းကောင်းမသုံးတတ်သေးတော့ လေးထောင့်တုံးတွေနဲ့ ရင်းနှီးနေရတဲ့ ကာလတွေ..။ firefox နဲ့ဖတ်မှ အမှန်မြင်ရတာ။ အခုတော့ စာလဲ ကောင်းကောင်း ရိုက်တတ်သလိုလို ရှိပြီ။ သွားလည်ပြီး စာဖတ်လို့ သဘောကျရင် ကွန်မန့်လေးတွေရေး၊ ခြေရာလေးတွေ ချန်ခဲ့တတ်ပြီ။

သူငယ်ချင်းဆိုတာကလဲ ရေးရရင်တော့ ရေးစရာတွေ တပုံကြီးပေါ့။
အိမ်မှာ အဖေက စ လို့ မိတ်ဆွေ အပေါင်းအသင်း အရမ်းခင်တယ်။ စနေ၊ တနင်္ဂနွေလို နေ့တွေမှာ ကိုယ်တို့အိမ်ရှေ့ ခြံကွက်လပ် ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်းနဲ့ လက်ဖက်သုတ်နဲ့ လက်ဖက်ရည် နဲ့ တအုံတမကြီး တနေ့လုံး နေကြတာပါ။

ကိုယ်တို့အဖို့မှာလဲ ဒီမြင်ကွင်းတွေက မဆန်းတော့ပါဘူး။ တခါတလေ လူကြီးတွေဝိုင်းထဲဝင်၊ နားထောင် ပေါ့။ အမေကတော့ နောက်ကနေ ဒိုင်ခံ စားရေးသောက်ရေး စီစဉ်၊ လုပ်ကိုင်ပေးတယ်။ တခါမှ အဖေ့မိတ်ဆွေတွေကို ငြိုငြင်တာ မတွေ့ဖူးဘူး။

မိတ်ဆွေတွေကလဲ တဆိုက်ဇ် တည်း မဟုတ်ကြဘူး။ လူကြီးလူငယ်၊ ပုပု ၀၀ ဆိုက်ဇ်စုံပါ။ ရောက်တတ်ရာရာ စပ်မိစပ်ရာတွေ ပြောကြတာ။ နားထောင်လို့တော့ သိပ်ကောင်းပဲ။ လူငယ် ကဗျာဆရာတွေလည်း ပါကြတာမို့ ဆံရှည်ကိုယ်တော်တွေလဲ ပါပါတယ်။

သူတို့တွေ ကဗျာရွတ်ကြရင် ကိုယ်တို့က ကလေးတွေဆိုတော့ နားလည်း မလည်လို့ ကြိတ်ပြီး ရီကြတာပေါ့။ သူတို့တွေ အတည်ပေါက် စပ်လာသမျှ ကိုယ်တို့ ညီအမတွေနဲ့တွေ့ရင် ပျက်တာပါပဲ။ ကိုယ်တို့ ညီအမတွေက အရီလဲသန်ကြတယ်။

ငါ့ရင်အုံကြီးက ပွင့်ထွက်ပြီး..(ခွိခွိခွိ)
ငါးမျှားတံ ထိပ်မှာ ငါ့အလွမ်းတွေ ချိတ်လို့ ..(ဟိဟိ)
အဲဒါဟာ ငါ့ အံဖတ်တွေပေါ့…(ဟားဟားဟား)

ဟေ့ ကလေးတွေ သွားစမ်း၊ သွားစမ်း။ ရှုပ်လိုက်တာ အော် ငါ့ကလေးတွေနှယ်..။ အဖေက ကိုယ်တို့ကို မောင်းထုတ်လိုက်ပါတယ်။ ဟန်ပန်အပြည့်နဲ့ ရှေ့တိုးနောက်ငင် ကဗျာရွတ်နေတဲ့ ကဗျာဆရာလဲ မုဒ် ပျက်ပါလေရော။

အဲဒီလို စကားဝိုင်းတွေ၊ ကဗျာရွတ်ပွဲတွေကလဲ အပတ်တိုင်းလိုလိုမှာ ညနေရောက်ရင်တော့ လူစုခွဲကြပြီး တယောက်လည်ပင်း တယောက်ဖက်ပြီး ပြန်ကြတာပါ။ လူပုံတွေကသာ ကြမ်းချင်ကြမ်းမယ်၊ အမူအရာ၊ စိတ်နေစိတ်ထားတွေကတော့ ယဉ်ကျေးကြပါတယ်။ အနုပညာသမားတွေ မဟုတ်လား။ ခဏခဏလဲ ငိုကြတယ်။ :P

တမနက်မှာတော့ ကိုယ်က နိုးလာတော့ အိမ်ရှေ့ ဧည့်ခန်းမှာ ခြင်ထောင် ထောင်ထားတာ တွေ့ပါတယ်။ ကိုယ်ကလဲ ကိုယ့်အမ မအေးလို့ ထင်လိုက်တယ်။ သူက တခါတလေ အိမ်ရှေ့ ထွက်အိပ်တတ်တယ်လေ။

ဒါနဲ့ စ ချင်တာနဲ့ ခြင်ထောင်ကို ဖွင့်မကြည့်မိဘဲ ခြင်ထောင်ကြိုးတွေ အကုန်ဖြုတ်လိုက်ပြီး သူ့ကို ပိုးတုံးလုံးလို ခြင်ထောင်နဲ့ လိပ်ထားလိုက်တယ်။ သူကလဲ တုပ်တုပ်မှ မလှုပ်ပါဘူး။ တရှုးရှူးနဲ့ အိပ်ကောင်းနေတာပါ။ ကိုယ်ကလဲ တွေ့ကြသေးတာပေါ့ ပေါ့လေ။

ပြီးတော့ ခြင်ထောင်အပြင်ဖက်ကနေ သူ့ခြေမ ရှိတဲ့နေရာကို စမ်းပြီး အတင်းချိုးလိုက်ပါတယ်။ ထ တော့ မအေး၊ ထ တော့ ပေါ့။ သူကလဲ မလှုပ်သေးဘူး။ ကိုယ်ကလဲ အဲဒီအမကို အရမ်းချစ်၊ အရမ်းနိုင်လေတော့ သူ့ခြေထောက်တွေကို ဆိတ်ဆွဲ လိမ်ပြီး နှိုးတယ်။ အင်း အင်း လို့တော့ အသံထွက်လာတယ်။ လုံးလုံး မနိုးဘူး။

အဲဒီတုန်းက ကိုယ်က တကယ့်ကလေးဆိုတော့ ဘာမှ မသိသေးတာပါ။ ဒါနဲ့ ခြင်ထောင်အဖြူကြီး အုပ်လို့ ပိုးတုံးလုံးလို ဖြစ်နေတဲ့ သူ့ကိုယ်ပေါ်ကို ကိုယ်က ခြေထောက်ကနေ ပြေးတက်လိုက်ပါတယ်။ အဲလို ပြေးတက် ပြေးဆင်းနဲ့ နှိုးနေတာ ၃ခါလောက်လဲ လုပ်မိရော၊ ၀ူးဝူး ၀ါးဝါးနဲ့ ပိုးတုံးလုံးကြီး ထ ထိုင်ပါတယ်။

ကိုယ်လဲ မအေး နိုးပြီကွ ဆိုပြီး ၀မ်းသာအားရ နဲ့ ခြင်ထောင်ကို ဆွဲဖယ်လိုက်တာ အသားမည်းမည်း နှာခေါင်းချွန်ချွန်နဲ့ အဖေ့မိတ်ဆွေ ကဗျာဆရာ ဖြစ်နေတာ တွေ့လိုက်ရတယ်။ အမလေး လန့်လိုက်တာ မပြောပါနဲ့တော့။ ကြောက်အားလန့်အားနဲ့ သူ့မျက်နှာကို ဘုန်း ဘုန်းနဲ့ ယောင်ပြီး ထုလိုက် ရိုက်လိုက် ပါသေးတယ်။ ပြီးမှ အိမ်ခန်းထဲ ၀င်ပြေးတော့တာ။

တကယ်တော့ သူက အဲဒီတုန်းက ရွှေဘိုဆောင်မှာ နေနေတာတဲ့။ ညမှာ ကိုယ်တို့အိမ်ကနေ အဆောင်ပြန်တော့ မန်းငွေအောင်တို့ မြန်မာ့အသံကို လောင်ချာနဲ့ပစ်တဲ့နေ့မို့ အဲဒီရွှေဘိုဆောင်နားမှာ အပစ်အခတ်တွေ ဖြစ်ကြတယ်။ ဒါနဲ့သူလဲ အဖေ့ဆီ ပြန်ပြေးလာလို့ အိမ်မှာပဲ အိပ်ခိုင်းလိုက်ရတာ ဆိုပဲ။ ကိုယ်က စော အိပ်သွားတော့ မသိလိုက်ဘူးလေ။

ကိုယ် ကြီးလာလို့ စာလေး ဘာလေးရေးတော့ လက်ဖက်ရည်ဆိုင် ထိုင်တုန်း အဲဒီ ဦးကို လေထန်ကုန်းမှာ တခါတွေ့သေးတယ်။ ကိုယ်တို့မိသားစုက အဖေ့မိတ်ဆွေလဲ ကိုယ့်မိတ်ဆွေဖြစ်၊ ကိုယ့်သူငယ်ချင်းလဲ အဖေ့သူငယ်ချင်းဖြစ် ဆိုသလို ရောထွေးခင်တတ်ကြပေမယ့် ဒီတယောက်ကိုတော့ ကိုယ့်ကို မမှတ်မိပါစေနဲ့လို့ ကြိတ်ဆုတောင်းနေရပြီး မျက်နှာခပ်လွှဲလွှဲနေခဲ့ရပါကြောင်း။ ။

မိုးချိုသင်း

14 comments:

အောင်သာငယ် said...

ချိုသင်းရေ ကဗျာ ရွတ်တာတွေကို ပွဲပျက်အောင် လုပ်တာတော့ မကောင်းဘူးကွယ့်း)

လင်း said...

အမရေ ရီလိုက်ရတာ ခုထိလဲ ရီနေတုန်းပဲ။ ဟီးဟီး ပိုးတုံးလုံးကြီးပေါ် တက်ခုန်နေတာရော၊ခြင်ထောင်ဆွဲဖယ်လိုက်လို့  လန့် သွားတာရော အို အကုန်လုံးပါဘဲ။ အမရေးသမျှကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်လို့ ရတော့ ပိုရီရတယ်။ လင်းတို့ ဘလော့ဂါတွေ အားလုံးလဲ ဒါမျိုးစုပြီး စကားပြောရရင် ပျော်ဘို့ ကောင်းမှာနော်။

Ko Paw said...

မချိုသင်းကလည်း ကျနော့်သမီးကျနေတာဘဲ။ သမီးက ကျနော်ဘာလုပ်လုပ် အတည်ပေါက် လုပ်လို့မရဘူး။ အကုန်ရယ်တာဘဲ။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဘုန်းကြီးကျောင်းမှာ ကျနော့်မှာ မှင်နဲ့ မောင်းနဲ့ ကဗျာရွတ်ခဲ့တာလေးကို မဒမ်က ဗီဒီယိုမှတ်တမ်းတင်လာပေးလို့ ကိုယ့်အသံ ကိုယ့်ဟန်လေးကို အိမ်မှာပြန်ခံစားမလို့ရှိသေး သမီးက နောက်ကနေ ပုခုံးပေါ်က ကျော်ကြည့်ရင် တဟိဟိ၊ တခွိခွိနဲ့။ ဟဒယရွှင်ဆေး တိုက်ကျွေးနေတယ်များ မှတ်သလားမသိ။ ပြီးတော့ အကြိမ်ကြိမ် ပြန်ပြခိုင်းတယ်။ အကောင်းမဟုတ်ဘူး။ ရယ်ချင်လို့။

ငြိမ်းဝေ said...

တနင်္ဂနွေနေ့တိုင်း
ရေဒီယိုကတဆင့်
ကျနော် ကဗျာရွတ်တယ်နော်
ခင်ဗျားတို့အားလုံး ၀ိုင်းရယ်နေကြမယ်ထင်တယ်


ဆရာမလေး ကျနော့်ဆီကိုလည်း လာလည်ပါဦး ...။

သက်ဝေ said...

ငါ့ရင်အုံကြီးက ပွင့်ထွက်ပြီး..(ခွိခွိခွိ)
ငါးမျှားတံ ထိပ်မှာ ငါ့အလွမ်းတွေ ချိတ်လို့ ..(ဟိဟိ)
အဲဒါဟာ ငါ့ အံဖတ်တွေပေါ့…(ဟားဟားဟား)

ရီလိုက်ရတာ ချိုသင်းရေ...
ခေါင်းတော်တော်ပေါ့သွားတယ်..။
ကျေးဇူး...

ပီတိ said...

အမရေးတာတွေ ရုံးမှာဖတ်ပြီး ရီတာ ဘေးက လူတွေကတောင် ဘာတွေဖတ်နေတာလဲ မေးယူရတယ်…
ကဗျာဖျက်တာမှအစ ခြင်းထောင်နဲ့လုံး တက်ခုန်ပြီ… မျက်နှာကြီးလည်း မြင်ရော… လန့်သွားတာပဲ က အဆုံး… တကယ်ကို ရီလိုက်ရတာ….

သေချာတော့ မမှတ်မိဘူး ကဗျာဆရာကြီးတယောက် “အဖေ့ရဲ့အမွေ ဓားရောင်ကဖွေး” ဆိုတဲ့ပုံစံမျိုး ကဗျာစပ်နေတုန်း အပေါ့သွားချင်လို့သွားနေတုန်း အမတို့ကို စချင်တဲ့နောက်တယောက်က ၀င်စပ်လိုက်တာ “အမေ့ရဲ့အမွေ ပေါင်ခြံကဂွေး” လို့…
ကဗျာပျက်တဲ့အပြင် ထပ်စပ်လို့မရတော့ဘူးလို့ ဖတ်ဖူးတယ်။

ကဗျာဆရာကြီးက ဆရာကြီးတင်မိုးများ ဖြစ်နေမလား… :P

ဂျစ်တူး - gyit_tu said...

ဟား၂ အမရေ.. ကိုပီတိနဲ့ မလင်းလို မထိန်းနိုင် မရပ်နိုင်လို့ အသံထွက် ရယ်သွားပါတယ်း)

ရွာသားလေးဝိုင်တီယူ said...

အမရေ ရေးတတ်လိုက်တာ ဆရာမမေငြိမ်းပြောသလို အမကတော်လိုက်တာဗျာ တစ်ပုဒ်ပြီးတစ်ပုဒ်သိပ်ကောင်းတာပဲ ဆက်မျှော်နေမယ်ဗျာ

ခင်မင်းဇော် said...

ချိုသင်းလဲ ဘော်ဘော်တွေ များနေပြီပေါ့။ မြန်မာဘလော်ဂါ လောကဟာ ပျော်စရာပါပဲနော်.. များများရေး... အမလဲ အားတာနဲ့ လာဖတ်တာပဲ သိလား...

myatnoe said...

အမရေ.. ရီ ရတယ်..ဟီး

rose said...

မမရယ်

ဘုရား ဘုရား ဒီတစ်ခါ LA ရောက်လို့ ချိုဏ္ဍ္ဂဂေဟာများတည်းမိလို့ကတော့ မမကို အရင် အကြောင်းကြားရမယ် အခုချိန်မှာများ မေ့ပြီး ငယ်ငယ်တုန်းကလို တက်နင်းခံလိုက်ရလို့ ကတော့ အမယ်လေး တွေးရင်းတောင် ကြောက်လာပြီ ဟီးဟီးဟီး

မမအေးရေ
မချိုသင်းတစ်ယောက် သူ့ အိမ်မှာ လာမရှုပ်အောင် သွယ်ဝိုက်သောနည်းနဲ့ သတိပေးနေတယ် ဗျို့ 

ဟားဟားဟား

တန်ခူး said...

အဲဒီကဗျာဆရာကြီး နောက်လာအိပ်ရဲသေးလား… ရယ်လိုက်တာ stressတွေ အတော်ပေါ့သွားတယ်….

cohtet said...

တော်ပါသေးရဲ့ ..
ရင်ဘတ်ကြီးတို့၊ အန်ဖတ်တို့ တခါမှ မသုံးဖူးလို့ ..
ဒါပေမယ့် မောင်အံ့နဲ့ ငါနဲ့ ၂ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင် ကိုယ့်ကဗျာရော သူများကဗျာရော အားလုံးကို ဟားတာပါပဲ။ လက်ရေးကဗျာစာအုပ်လေးတွေကို သတိရသေး ..

ငထက်

ကလိုစေးထူး said...

မရောက်မိတဲ့ တရက်နှစ်ရက်အတွင်းမှာပဲ ကျနော် မဖတ်ရသေးတာ သုံးပုဒ်ကြီးများတောင် ရှိနေပါပေါ့လား။ အမရေးခဲ့သလိုပဲ ဂေါက်တံနဲ့ လှည့်နေရာကနေ အခုတော့ အင်ဂျင်က ကောင်းကောင်းကြီးကို အရှိန်ရနေပုံရတယ်။ ကျနော်တော့ ကဗျာဖျက်တာနဲ့ ပိုးတုံးလုံးကြီးပေါ် တက်ခုန်တာတွေကို ဖတ်ပြီး တဟားဟားနဲ့ကို ရယ်နေရတယ်။ :D