စပယ်တွေ ပွင့်ပြီ..

ကိုယ့်ကို မိန်းမ သိပ်မပီသဘူးလို့ တယောက်ယောက်က ပြောလာခဲ့ရင် လက်ခံရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမရယ်လို့ ပျော့ပျော့ ပြောင်းပြောင်း၊ နူးနူးညံ့ညံ့ မနေတတ်။ စိတ်မြန် လက်မြန် ၀ုန်းဝုန်း ဒိုင်းဒိုင်း သွားလာ လုပ်ကိုင်ချင်တယ်။

ဒီက မိန်းကလေးတွေဆိုရင် လှလိုက်ကြတာ။ မျက်နှာကိုလဲ အမျိုးမျိုး ခြယ်သ ကြတယ်။ မနက် ရုံးအသွား freeway traffic ထဲမှာ ကောင်မလေးတွေ ကားမောင်းရင်းတဖက် ကာခြယ်ဆွဲနေရတာနဲ့၊ မျက်တောင်ကော့နေရတာနဲ့၊ နှုတ်ခမ်းနီဆိုးပြီးလို့ ကားနောက်ကြည့် မှန်လေးကို ကြည့်ရင်း ပါးစပ်ကို ပလပ်ပလပ် လုပ်နေရတာနဲ့..။ သူတို့ကိုကြည့်ရင်း ကားတိုက်မှာ ကြောက်လိုက်တာ။

အလှအပဆိုတာ မိန်းမတွေရဲ့ သည်းခြေကြိုက်ဆိုတာလဲ အမှန်ပါပဲ။ အားရက်ဆိုလဲ သူတို့ အများစုက ခြေသည်း၊ လက်သည်းအလှပြင်တဲ့ဆိုင်မှာ၊ မျက်နှာပေါင်းတင်တဲ့ဆိုင်မှာ၊ ဆံပင် ကောက်လိုက် ဖြောင့်လိုက်ဆိုင်မှာ အချိန်ကုန်ကြတယ်လေ။ စိတ်လဲ ရှည်ကြ၊ အချိန်လဲ ပေးနိုင်ကြတယ်။ ရုံးမှာလဲ သူငယ်ချင်းတွေ စကားပြောလိုက်ရင် အလှအပအကြောင်း၊ အစားအသောက် အမျိုးမျိုး လုပ်ပုံလုပ်နည်းတွေ အကြောင်း၊ သိုးမွှေးထိုးနည်းတွေ၊ ပန်းအမျိုးအစားတွေအကြောင်း ပြောကြ ဆိုကြတယ်။ ကိုယ်ကတော့ ငေးနေရတာပေါ့။

မိန်းမပီသတဲ့အထဲမှာ ပန်းပင်လေးတွေ ပျိုးတတ်၊ ရေလောင်းတတ်တာလဲ ပါတယ်ဆိုရင် ကိုယ့်ကို စာရင်းထဲကသာ နှုတ်လိုက်ပါတော့။ ကိုယ်က စိတ်လဲ မရှည်တော့ အခုရေလောင်း၊ အခုပန်း ပွင့်... ဖြစ်ချင်တာ။ ရေလောင်းတာက တခါ၊ ပွင့်စမ်း ပွင့်စမ်း ပြောတာက အခါ ၁၀၀ ဆိုပါစို့။

အဖေဆုံးခါစကတော့ ကိုယ့်အမလို ခင်နေတဲ့ သူငယ်ချင်း မနုက စပယ်ပင်လေး တပင် လက်ဆောင်ပေးတယ်။ ကိုယ်က စပယ်ပန်းကို ချစ်တယ်။ လွမ်းရင် သစ်ပင်စိုက်ရတယ်လို့လဲ ကြားဖူးတာမို့ အချိန်ကိုက်ပဲလေ။

ဒါနဲ့ ဘယ်တော့မှ စိတ်မရှည်တဲ့ ကိုယ်တယောက် နေ့တိုင်း စပယ်ပင်လေးကို ရေလောင်းနေမိတယ် ဆိုပါတော့။ တနေ့ တခွက်ပေါ့။ လောင်းစ က တော့ အဖေကြီးကို လွမ်းလိုက်တာ..တခွက်၊ အဖေကြီးကို သတိရလိုက်တာ..တခွက် ပေါ့။

နောက်တော့ အလွမ်းတွေက ကျယ်ပြန့်လာတယ်။ တခါက ရုံးက သူငယ်ချင်းတယောက် သူ့အမေ ဆုံးတယ်ဆိုတော့ ကိုယ်ပါ သူနဲ့အတူ ရောငိုခဲ့ပြီး ပြန်လာတော့ စပယ်ပင်လေးကို ရေလောင်းပြန်ရော.. တခွက်။ နောက်တော့ နေမကောင်းလို့ ဟင်းမချက်နိုင်တော့ ဒီက အစားအစာတွေ ခံတွင်းမတွေ့ဘဲ ဗမာပြည်က အစားအသောက်တွေ သတိရပြန်လို့ လောင်းပြန်ရော..တခွက်။

ဒီမှာ သူငယ်ချင်းတွေ အများကြီးရပေမဲ့ မြန်မာပြည်က ပြတ်အတူ၊ လပ်အတူ သူငယ်ချင်းလေးတွေကို လွမ်းမိလို့က…တခွက်။ သူများတွေ တနင်္ဂနွေမှာ church တက်ကြတော့ ကိုယ့်ပြည်က ရွှေရောင် တ၀င်းဝင်းနဲ့ ရွှေတိဂုံဘုရားကြီးကို သွားဖူးချင်လို့က တခွက်။

ဒီမှာက ဘာစားစား၊ ရေနွေးကြမ်းပဲ သောက်သောက် ပိုက်ဆံပေးရတာဆိုတော့ ပုဂံက ထမင်းဆိုင်တွေမှာ ဟင်းတွေ အလှူအိမ်လို အလျှံပယ် ချကျွေးတဲ့ ပုဂံထမင်းဆိုင်တွေကို လွမ်းလိုက်တာဆိုပြီး..တခွက်။ ဒီမှာ ကျောင်းသွားတက်ပြန်တော့ စေတနာတွေ အန်ထုတ်မတတ် အကုန်အဆင်သင့် သင်ပေး၊ နုတ်စ် ထုတ်ပေးကြတဲ့ မြန်မာပြည်က ဆရာ၊ ဆရာမတွေကို လွမ်းလို့က တခွက်..။

နောက်..သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ သတ္တိရှိရှိ ပြတ်ပြတ်သားသား ရပ်ခဲ့တဲ့ မစိုးရိမ် ဆရာတော်ဘုရားကြီး ကို လွမ်းဆွတ်မိလို့က တခွက်။ ဒီက X’mas တို့ Thanks Giving တို့ နေ့တွေမှာ မိသားစု ဆုံကြ၊ စားကြတာတွေတွေ့ပြီး ကိုယ့်ပြည်ထဲမှာပဲ မဆုံဆည်းနိုင်ရှာတဲ့ မိသားစုတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ သူတွေကို စာနာဝမ်းနည်းမိလို့က တခွက်..။

ဒီလိုနဲ့ ရေခွက်ပေါင်းများစွာ လောင်းပြီးတဲ့ တနေ့မှာ စပယ်ပင်သေးသေးလေးက အပွင့်လေးတွေ အများကြီး ပွင့်လာတာ တွေ့လိုက်ရတယ် (တိတိကျကျ ပြောရမယ်ဆိုရင် ၃၉ပွင့်။) ဒါနဲ့ ကိုယ်လဲ ဘယ်လို ဖြစ်သွားမှန်း မသိတော့ဘူး။ အဖေ့ ကဗျာလေး တပုဒ်ကိုပဲ ကြားခံ ပြောပြလိုက်တော့မယ်။ ဖတ်ကြည့်ပါအုံးနော်။

မြစမ်းမျက်ရည်

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။

တင်မိုး
၁၁၊ ၅၊ ၂၀၀၁


မြင်မြင်သမျှ နေရာတိုင်းမှာ စပယ်တွေ ပွင့်ကုန်ပြီလေ..။

မိုးချိုသင်း

21 comments:

e said...

စံပယ်ပန်းကိုလွမ်းလိုက်တာ

rose said...

မမရေ

သမီးလည်း အရမ်းလွမ်းတယ်

MoeMaKha said...

မိုးမခ က ယူသုံးလိုက်မည်။ ဘယ်အပင်လဲဗျ။ နောက်ဖေး မီးဖိုခန်းအ၀င်က ဖိနပ်ချွတ်နားက အိုးနဲ့  အပင်လား ... ရစ်

ညီအကိုများ said...

:(

ကိုနေ

Kay said...

မချိုသင်းရေ-
စံပယ်တွေ ကတော့..ပွင့် နေ ဦးမှာ ပါပဲ။
လွမ်း ရတဲ့..စံပယ် ပန်း တွေ ကနေ-
လန်း ရတဲ့.. စံယ်ပန်း လေး တွေ ဖြစ်ပါ စေ တော့-

sin dan lar said...

်လွမ်းတယ်......

Ko Paw said...

ဒီတခါကတော့.... ပန်းစပယ် နန်းလယ်မပေါ်ခိုက်ဟာမို့...ဆိုတဲ့ ကဗျာနဲ့ ပြောင်းပြန်နော်။ အဓိပ္ပါယ်လည်း ပြောင်းပြန်ဘဲ။
“ဝေးခဲ့ပေါ့ဌာနေ တို့တိုင်းပြည်.... ခြုံလွှာထွေး မလုံသေးပေ.... မွန်းတဲ့နေခြည် ဖြာမှနွေးတဲ့...တရေးရေး....တွေးလေ ဆွေးမပြေ....ဖြေသော်လည်းမပြေ....လက်ဝဲသုန္ဒရ တမ်းတစိတ်ဘ၀င်ငယ်ပုံဖြစ်ထွေ...ပြည်တော်ကိုသာ...စိတ်ထဲမျှော်မှန်း ရော်ရမ်းကာသာနေ........သြော်..လွမ်းတိုင်းတွေးမိကာပင်....ဆွေးမိပေ...”ဆိုတဲ့ ဒေါ်မာမာအေး လက်ဝဲသုန္ဒရ သီချင်းလေးကိုတောင် သတိရတယ်။

myatnoe said...

အမရေ.. အမစာအားလုံးကို သိမ်းကျုံးပီးဖတ်သွားပါတယ်.။
ကော်မန့်တော့ ထားခဲ့တော့ဘူး အချိန်မရှိလို့။
အမ.. စပယ်ပန်းလေး ၂ပွင့်လောက်ပေးပါ။ အိပ်ယာဘေးမှာထားချင်လို့

အယ်ဇီ said...

လွမ်းရတာတော့ တကယ်ပါ။ ခြင်ကိုက်တဲ့ အကြောင်းတောင် လွမ်းမိတဲ့ထဲပါတယ်။ နားနားကပ်ပြီးတ၀ီဝီနဲ့ အိပ်မရအောင်ပေါ့။ရှာရင်လဲမတွေ့ ဖမ်းရင်လဲမမိ။
အယ်ဇီ

ခင်မင်းဇော် said...

အမ ခုအိမ်ရှေ့မှာလဲ စံပယ်ရုံလေးနဲ့ ချိုသင်းရဲ့.. စပယ်ပန်းနံ့က မွှေးတော့ လာတဲ့ လူတိုင်းက သူ့ကိုသတိပြုမိကြတယ်။ အင်း ... ဘာကိုပဲ မြင်မြင်ပါ .. အမလို နီးနီးလေးတောင် အိမ်ပြန်ချင်တယ် ဖြစ်သေးတာပဲ... ချိုသင်းတို့ ဆို .. ပိုဆိုးတော့ မပေါ့။

မေသဇင် said...

မမိုးချိုသင်းရေ.... လောင်းတဲ.ရေတွေများလွန်းလို့ အပင်လေးသေသွားတော့မှာပဲလို့ ထင်နေတာ.. တော်သေးလို.ပေါ့။ စပယ်ပွင့်တွေလား။ အလွမ်းပွင့်တွေလား။

K said...

ကောင်းလိုက်တဲ့ ကဗျာလေး အစ်မရယ် ..လွမ်းလိုက်တာ အမိမြေကို

ပီတိ said...

စပယ်ပင်တွေစိုက်ထားပြီး အဲလိုလွမ်းတိုင်းသာ ရေလောင်းမယ်ဆိုရင် ဒီမှာ ပန်းရောင်းစားလို့ရလောက်တယ် အမ ရေ...

လွမ်းစရာကြီးပဲနော်...

BTW: You can contact my email @ peti.kool@gmail.com. Thanks :)

ကလိုစေးထူး said...

ဒီပို့စ်ကို ဖတ်ပြီးရင်တော့ အမရဲ့ အချစ်ဆုံးကြီး အကိုက `ဟာသတွေ ရေးနေတာလား´ လို့ မမေးလောက်တော့ဘူး ထင်ပါတယ်။ ဒါတောင်မှ တခွက်...၊ တခွက်...၊ နဲ့ လောင်းနေတဲ့ အကြောင်းကို ဖတ်ရတာ ပြုံးမိသေးတယ်။

khine said...

လာဖတ်သွားပါတယ်..

ပုံရိပ် / Pon Yate said...

တစ်ခွက် တစ်ခွက်နဲ့ မချိုသင်းရဲ့ စံပယ်ပင်လေး ရေလောင်းများလို့ သေပြီ မှတ်တာ။ ပွင့်လာတော့ ကောင်းတာပေါ့။ စံပယ်တွေ ပွင့်ကုန်ပြီဆို ပုံရိပ်လည်း လွမ်းလာသလိုပဲ။

GreenGirl said...

လွမ်းတယ် အစ်မး(

တန်ခူး said...

မ… ဒီကဗျာလေးကိုတော့ အတော်ကို ကြိုက်လွန်းလို့  သိမ်းထားလိုက်ပြီ… ရင်ထဲက အလွမ်းတွေသာ ပန်းဖြစ်ရင် မ ရယ် နေရာတိုင်းမှာ ပန်းတွေနဲ့ ဝေ….

mm thinker said...

အက်ဆေးဆန်တယ်

ရေးပုံလှတယ်

ရွှေဂျမ်း said...

ကဗျာလေးရော အမရေးတာလေးတွေရော ဖတ်ပြီး လွမ်းလိုက်တာ အမရေ။ ဘယ်အချိန်ထိများ လွမ်းကြရမှာလည်း မသိဘူးနော်။း(

Thandar Aye said...

စာရေးဟန်လေးရော တွေးပုံလေးရော စိတ်ရင်းကိုထင်ဟပ်တာမို့ ဖတ်လို့သိပ်ကောင်းပါတယ်။