တေးမဲ့ ည

တနေ့က ကိုယ့်အမျိုးသား က မေးလာတယ်။ ဘာလဲ ချိုသင်းက ဟာသ တွေ ရေးနေတာလား တဲ့။ ကိုယ်လဲ တအံ့တသြနဲ့ သူ့ကို လှမ်းကြည့်မိတော့ စာအဖတ် မပြတ်၊ တချက် လှမ်း ခတ် လိုက်တာ ဖြစ်နေတယ်။

ကိုယ်ကလဲ အူကြောင်ကြားနဲ့ ဘယ်မှာ ရေးလို့လဲ လို့ ပြန်မေးလိုက်ရတယ်။ ကိုယ်ကိုယ်တိုင် ကြုံတွေ့ရသမျှ အဖြစ်အပျက်လေးတွေကို ခံစားရသလို ရေးနေတာပါလေ။ တွေ့သမျှ ကြုံသမျှကလဲ ကမောက်ကမတွေ များနေတာ။

ဒီနေ့လဲ အမတွေနဲ့ ဖုန်းဆက်တော့ နင် ဟာသတွေချည်း သိပ်ရေးမနေနဲ့လို့ ပြောလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရတယ်။ ချစ်လို့ ပြောကြတာမို့ အလေးအနက် ထားရမှာပေါ့။ ကိုယ်ကလဲ မမေ့နိုင်တာလေးတွေ၊ အမြဲသတိရချင် နေတာလေးတွေကို ကိုယ့်မှတ်တမ်းမှာ တို့ထားလိုက်ချင်တာပါ။ ဘ၀အတွေ့အကြုံတွေပေါ့။

အဲဒီအထဲမှာ ပျော်ရွှင်စရာလဲ ပါမယ်၊ လွမ်းတာတွေလဲ ပါမယ်၊ စိတ်ဆင်းရဲမိတဲ့ အချိန်လေးတွေ၊ ကြည်နူးစရာတွေလဲ ထည့်မယ်၊ ကိုယ်ယုံကြည်တာတွေလဲ ပါမှာပေါ့။ ဟိုနားတကွက်၊ ဒီနား တစ ခဲခြစ်ရာနဲ့ ခပ်ဖွဖွပေါ့။ သေချာတာကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ ပါးပါးလေး ရေးချင်တာပါ။ ကိုယ်ချစ်ခင်တဲ့သူတွေကို မထိခိုက်ဘဲနဲ့လေ။

ဒီနေ့လဲ ထုံးစံအတိုင်း ကွန်ပျူတာရှေ့ထိုင်တော့ အရင် ဘလော့ဂ်တကာ လျှောက်လည် လိုက်သေးတယ်။ ကိုယ်မရောက်ဖူးသေးတဲ့ ဘလော့ဂ်တွေကိုလဲ ရောက်သွားတယ်။ တယောက်တမျိုးစီ ကိုယ့်ပျိုးခင်းလေးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျိုးထောင်နေကြတာ ဆိုတော့ ဖတ်ရတာ ပျော်လဲ ပျော်၊ စိတ်လဲ ကျေနပ်၊ လွတ်လပ်ပွင့်လင်းတဲ့ ရသ ပေါင်းစုံလဲ ရ။

ဒါနဲ့ စာတွေဖတ်ပြီး၊ စာရေးဖို့လုပ်တော့ ရေးဖို့ တွန့်နေတယ်။ ဟိုဟာရေးလဲ စိတ်တိုင်းမကျ၊ ဒီဟာရေးလဲ တ၀က် တပျက်၊ ဟိုအကြောင်းရေးမယ်ဆိုတော့လဲ မဖြစ်သေးပါဘူး ပေါ့။ ဘယ်သူမှ မစိစစ်ရပါဘဲ ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်နေတာလေ။ အဲဒါ အဆိုးဆုံးပဲ။ ဒါနဲ့ ဒီလိုဆိုရင်တော့ မရေးသေးပါဘူးလို့ တွေးပြီး စိတ်လက်အေးချမ်းအောင် အဖေ့ကဗျာလေးတွေ လျှောက်ဖတ်နေမိတယ်။

ဖတ်ရင်းနဲ့ ကဗျာလေးတပုဒ်က ကိုယ့်ကိုပဲ စောင်းရေးထားသလိုလို ဖြစ်လို့ ပြုံးမိတာနဲ့ စာရေးလို့ မရတဲ့ အမှတ်တရ အဖြစ် တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး။

တေးမဲ့ ည

ငါ့ကဗျာ ပြန်ဖတ်
ငါ မကျေနပ်။

ငါ့ပြဇာတ် ပြန် က
သဘာဝ မကျ။

ငါ့သီချင်း ပြန်ဆို
တီးလုံး တခုခု လို။

ငါ့အလို ငါမပြည့်
လျှာ အရသာ မတွေ့။

ဒီကနေ့ည လ မသာ
ဗျပ်စောင်း ငါ မပါ။

ယူလာပြန်လဲ စောင်းကြိုးပြတ်
အားလုံး သီချင်းငတ်။ ။

တင်မိုး
၃၀၊ ၅၊ ၂၀၀၁


အဖေလဲ ဒီကဗျာရေးတုန်းက ဘယ်လို ခံစားချက်နဲ့ ရေးခဲ့ပါလိမ့်လို့ သိချင်လိုက်တာ။

မိုးချိုသင်း

18 comments:

AyeKhaing said...

ဒုက္ခသည်အကြောင်းရေးပါတယ် စားတာသောက်တာ ဟင်းချက်တာချည်းလျှောက်ရေးတဲ့ ဟိုတယောက်လို ဖြစ်နေပြီ ဒေါ်မိုးချိုသင်းရေ...

အယ်ဇီ said...

ကိုယ့်မှတ်တမ်းဘဲ ကိုယ်မှတ်မှတ်ရရဖြစ်တာတွေ တမ်းတမ်းတတဖြစ်မိတာတွေ ရေးမှာပေါ့။
ရီရတာလည်းပါမယ်။ ဆွေးရတာတွေ
ဝမ်းနည်းခဲ့ရတာတွေလည်းပါမှာပေါ့။
ရေးသာရေး ချိုသင်းရေ။
အယ်ဇီ

ချစ်သော မြန်မာပြည်။ said...

မမိုးချိုသင်းရေ... ရေးချင်စိတ်ရှိတာတွေပဲ ရေးပေါ့။ ဘာရေးရေး အားပေးနေပါတယ်။ ဘာပဲရေးရေး ဖတ်လို.ကောင်းမှဲာမို့ မရေးဖြစ်မှာသာ စိုးရိမ်ပါတယ်။

SMN said...

လွတ်လွတ်လပ်လပ် ပျံသန်းပါ။
တခါတလေ နှင်းဆီပွင့်တွေအပေါ်
တခါတလေ ကန္တာရတွေပေါ်
တခါတလေ တောင်တန်းကြီးတွေပေါ်
သမုဒ္ဒရာ...မုန်တိုင်း...မီးတောင်...။
"ခြေရာအထပ်ထပ်... တောင်ပံဖြန့် လို့ ...မရပ်မနား လွတ်လပ်ပျံသန်းမည်...
ဒို့ များလဲအားကျပါရဲ့..မင်းလိုပုံနှယ်
တောင်ပံလေးများရနိုင်ရင်တော့... လိုချင်သားကွယ်"
(KFC က ကြက်တောင်ပံ ပြောပါတယ်..ဟဲဟဲ) KM

တန်ခူး said...

မ ရေ… အဓိက က အနုပညာပါ… ဘာပဲရေးရေးအနုပညာမြောက်နေတော့ ဖတ်လို့ ကောင်းတာ အမှန်ပဲ… အနုပညာဗီဇပါပြီးသားပဲ မရယ်… အလွမ်းဖြစ်ဖြစ်၊ အပျော်ဖြစ်ဖြစ်…ရင်ထဲရှိတာတွေကို နှလုံးသားနဲ့  လွတ်လပ်စွာ စီးမျောလိုက်ပါ မ ရယ်…အဲဒါပဲ ဘလော့ဂ်ရဲ့ အလှတရားမိုလား…

Kay said...

ကဲ- ပြောမလို့ဟာ..အပေါ်မှာ..မြှောက်ပေးထားတာ..တပုံကြီးပဲ။း)
ဟုတ်တယ်.. ဘလော့ရေးတယ်ဆိုတာ..ရေးချင်တာရေးတာပဲ.. ဒါမဲ့လည်း..ရေးရင်းရေးရင်း နဲ့တော့.. ပုံစံလေးတွေ ပြောင်းပြောင်း လာတတ်တယ်။

သဉ္ဇာ - Thinzar said...

အစ်မက ပျော်ပျော်နေတတ်တယ်ဆိုတာ အစ်မစာတွေ ဖတ်လိုက်တာနဲ့ သိလိုက်ပါတယ်။ အမြဲ ဖတ်ချင်နေအောင် စွဲဆောင်မှု တစ်ခု ရှိနေတယ်။ ဟာသဆိုပြီး တမင် မရေးပေမယ့် အစ်မရဲ့စာတွေက ပေါ့ပါးပြီး အနည်းဆုံးတော့ စာဖတ်သူတွေကို ပြုံးမိစေပါတယ်။ အန်တီ ၀၀ကြီးတွေ မြင်တိုင်း အစ်မအရင် ပို့စ်ထဲမှာ ရေးဖူးတဲ့ သစ်သီးဝလံပြပွဲ ဆိုတာကို အခုတလော အမြဲ မျက်စိထဲ မြင်မြင်နေမိတယ်။ :D

ပန်းခရမ်းပြာ said...

ဒါကြောင့် ဒီနေ့ ပို့စ်တင်တာ နောက်ကျတယ် ထင်တယ်။ ဟာသကို လူတိုင်း ကြိုက်ကြပါတယ်။
BTW လာလည်ပြီး ကွန်မန့်တွေ ထားခဲ့တဲ့ အတွက် ကျေးဇူးပါနော်။

ခင်မင်းဇော် said...

ချိုသင်းရေ..
ဘလော့ဆိုတာ အမအတွက်တော့ ကိုယ်ရေးချင်တာ ရေးဖို့ ဆိုပြီး လုပ်ခဲ့တာပဲ။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ကိုယ်စိတ်ကျနေတဲ့အခါ စိတ်ညစ်နေတဲ့အခါ ရင်ဖွင့်ဖို့ လက်တွန့်နေပြန်ရော... အဲဒီအခါ ဘလော့နဲ့ ဝေးရာမှာ စာတွေက ရှိနေပြန်ပါရော..
ဒါပေမယ့် ချိုသင်းတို့ ကျတော့ အနုပညာပါရမီ ရှိနေတော့ ဘာရေးရေး ကောင်းနေပါတယ်။ ရေးသာရေးပါ။
ချစ်တဲ့ အမ

ဘလူးဖီးနစ် said...

ရေးထားတာလေးတွေ ကောင်းတယ်ဗျာ။ ရယ်လဲ ရယ်ရတယ် အဟိ။ ကဗျာလေးတွေလဲ ကောင်းပါ၏။
့http://blog.engineer4myanmar.com

ပီတိ said...

အမရေ... ရေးချင်တာသာရေး.. ဖတ်လို့ကောင်းပါတယ်။ အားပေးနေပါတယ်။

အမလို ပေါ့ပေါ့ပါးပါးရေးတတ်တဲ့လူရဲ့စာကို ဖတ်ရတာ ပျော်ဖို့ကောင်းတယ်...

တခါတလေကျတော့လည်း ဘ၀က ကဗျာထဲကလို တခုခုတော့လိုနေသလိုပဲ...

ရွာသားလေးဝိုင်တီယူ said...

အားလုံးကအားပေးနေပြီအစ်မ ချသာချဗျာ။ ကျနော်လည်းအားပေးပါတယ်ဗျာ။

khin oo may said...

ဟုတ်တယ်. တို.ဘလော. ရေးရင် ကိုယ်.ဖာသာ ကိုယ်ရေး အပြီး သတ်ပြီး မှ ဘလော.လည်တော.တယ်။ မဟုတ်ရင် တယ် အားငယ်ရတာဘဲ . အားလုံးက ကောင်းနေကြတော. စိတ်ဓါတ်ကျပြီ တင် ချင်စိတ် ပျောက်သွားတယ်။

ဟိုအကြေင်းက သိတ်များပေါ.နေ မလား။ ဒီအကြောင်း က Kmsl အကြောင်း များနေပြီ။ အလုပ် အကြောင်း .အာ အလုပ်ထိခိုက်နေ မလားမသိ. .နိုင် ငံရေး။ ဟာ မဖြစ်ပါဘူး။ ဘာ မှ မစဉ်းစားတော.ဘဲ. အနယ် ရယ် ကင်းမဲ. ကိုယ်.အကြောင်းဘဲ ကိုယ်ရေးဖြစ်. ဒါလည.် အားငယ်မိ.

pandora said...

ရေးချင်တာရေးပါ အစ်မရယ်။

ကြားဖုးတာလေးကတော့ ဟာသဆိုတာ အင်မတန် စိတ်ဖြူစင်တဲ့အခါမှ ရေးလို့ရတယ် ဆိုပဲ။ ခံစားရသူကလည်း စိတ်ကြည်လင်တဲ့အခါမှ ခံစားနိုင်သတဲ့။ တချို့တွေအတွက် ပြဿနာ အခက်အခဲ လို့ ဖြစ်နိုင်မယ့် ကိစ္စလေးတွေကိုတောင်မှ ပေါ့ပေါ့ပါးပါး ခံစားပြီး ပြန်ရေးနိုင်တယ်ဆိုရင်လည်း ကောင်းတဲ့ စိတ်ထားတတ်ခြင်း တမျိုးပဲမဟုတ်လား။

ကလိုစေးထူး said...

အဲဒီ ခံစားချက်က ကျနော် ဘလော့ဂ် စရေးကတည်းကနေ အခုအချိန်ထိ ခဏခဏ ဖြစ်နေတဲ့ ခံစားချက်ပဲ အမ...။ အထူးသဖြင့် ရေးထားတာ အရမ်းအရမ်းကောင်းလွန်းတဲ့ ပို့စ်တွေကို ဖတ်မိတဲ့ အခါ ကိုယ်က သိမ်ငယ်သွားသလိုမျိုး...၊ ငါ ရေးလိုက်တာက အခု ဖတ်ရတဲ့ပို့စ်လို အဆင်မှချောပါ့မလား၊ ဖတ်ချင်စရာမှ ကောင်းပါ့မလား မသိဘူး ဆိုတာမျိုး ခဏခဏဖြစ်ဖူးတယ်။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ပို့စ်တွေကျတော့လဲ တခါတလေ ဆင်ခြင်ရတာတွေ များလွန်းတဲ့အခါ အတွေးတွေက ရေးလို့ မထွက်တာတွေ ဖြစ်ပြန်ရော...။ နောက်ဆုံးတော့ ဘယ်လိုလုပ်လဲ ဆိုရင် ဒီနေ့တော့ ကျနော်သည် ဒီအကြောင်းအရာကို ရေးပါမယ်လို့ အတွေးမူကြမ်းရထားရင် အတတ်နိုင်ဆုံး ဘလော့ဂ်တွေ မလည်မီကို အရင်ရေးလိုက်တယ်။ ရေးပြီး၊ ပို့စ်တင်ပြီးမှ ဘလော့ဂ်လည်တယ်။

သေသေချာချာ ပြန်စဉ်းစားတော့ ဘလော့ဂ်ရေးတယ်ဆိုတာ ဘယ်သူဆင်ဆာဖြတ်ချင်တာမှ မခံချင်တဲ့ စိတ်တခုလဲ အပါအ၀င်နဲ့ ရေးနေတာဆိုတော့ ကိုယ့်ကိုယ်ကို ဆင်ဆာဖြတ်နေရတာကိုက သိပ်မနိပ်သေးပါဘူးလေလို့သာ တွေးလိုက်ရင် ပေါ့သွားမယ်ထင်တယ် အမရေ...။ ကျနော်ကတော့ အမ ဘာတွေပဲရေးရေး အားပေးမယ့် ပရိသတ်ထဲမှာ ပါတယ်။ ရေးသာရေး။ :D

Andy Myint said...

အစ်မရေ.. ပေါ့ပေါ့ပါးပါး ရေးတတ်တာ ပါရမီနော်… ကျွန်တော်ဆို ဒါမျိုး မရေးတတ်လို့ အမြဲ အားမရ ဖြစ်နေတာ။ အစ်မရဲ့ စတိုင်က Unique ဖြစ်လွန်းလို့ စာ အများကြီး မဖတ်ဖူးထားတာတောင် တစ်ပုဒ် တစ်ပုဒ် ဖတ်လိုက်တာနဲ့ ကျွန်တော့် ကိုယ်ထဲမှာ “မိုးချိုသင်း ဟော်မုန်း” တွေ ထွက်လာတယ်။ မရှင်းတတ်ဘူး သိတယ် မဟုတ်လား။ ချောကလက် စားလိုက်ရင် သွေးထဲမှာ ချောကလက် ဟော်မုန်းတွေ ထွက်လာ သလိုမျိုး။ သရဲအကြောင်း ပြောလိုက်ရင် ကြောက်တဲ့ ဟော်မုန်းတွေ ထွက်လာသလိုမျိုး။ “ကိုယ်က..” လို့ အမျိုးသမီး တစ်ယောက်က ပြောလိုက်ရင်တောင် မမိုးချိုသင်းကို ပြေးမြင်မယ်။ စွဲနေပြီပေါ့လေ…

rose said...

အစ်ကိုရေ
မမကိုတော့ သွားမထိနဲ့ တွေ့ လားသူ့ ရဲ့ ဘလောဘ် မောင်နှမတွေ ဘယ်လောက်အားပေးနေလဲဆိုတာ ဒါတောင် ဘလောဘ့်ထဲမှာမို့နော် အပြင်မှာဆို အစ်ကို့ ကို မျက်စောင်းချီတဲ့လူတွေ အများကြီးတွေ့ ရမှာ
သမီးတော့မပါပါဘူး (နောင်ရေးတွေရှိသေးလို့ ဖားရတာပါ) ဟားဟားဟား
မမရေးသမျှ စာတွေရဲ့ နောက်ဆုံး စကားပိတ်စာကြောင်းတွေက အရမ်းကောင်းသော ရီစရာနဲ့ အတူရှိနေတဲ့ မောစရာ စာလုံးတွေပါ
မမရေ ထာဝရ အားပေးလျှက်ပါ

မေငြိမ်း said...

ချိုသင်းရေ...
လောကကို ရွှင်ဓာတ်နဲ့ ကြည့်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်..ပြီးတော့ ထေ့လုံး။
ဒါမျိုး လက်ကို ဘလော့မှာ ဖတ်နေရတာကိုက ကွက်လပ်တခု ပြည့်သွားတာပါ..။
Cheers !