သံယောဇဉ် ...

ကိုယ် ဒီကိုမလာခင်က ကိုယ့်အမတွေက သူတို့နဲ့ ဝေးရာမှာ နေရမှာမို့ ဂတိ တခု အသေအချာ တောင်းတယ်။ ဘာလဲဆိုတော့ ဘယ်တော့မှ အိမ်မှာ ကြောင်လေးတွေ၊ ခွေးလေးတွေ မမွေးပါနဲ့ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နင်တို့ နှစ်ယောက်စလုံး သံယောဇဉ် ကြီးတတ်လွန်းလို့ပါ တဲ့။ ကိုယ်ကလဲ အေးပါ၊ အေးပါ ပေါ့။

မိသားစုမှာ ကိုယ်ကလဲ ကိုယ့်မောင်လေး ဆုံးသွားတော့ အငယ်ဆုံး ဖြစ်သွားပြီး၊ သူကလဲ သူ့ မောင်နှမ နှစ်ယောက်တည်း ရှိရာမှာ သူက အငယ် ဖြစ်နေတယ်။ အဲဒါအပြင် နှစ်ဖက်စလုံးရဲ့ ကိုယ့်ထက်အကြီးတွေက အမတွေချည်းပဲမို့ ကိုယ်တို့နှစ်ယောက်ကို ပူတတ်၊ ပန်တတ် ကြတယ်။ အကိုတွေဆိုရင်တော့ ဖာသိဖာသာ နေကြလိမ့်မလား မသိ။

သူတို့ဘာဖြစ်လို့ အဲဒီလို ဂတိတောင်းရတာလဲဆိုရင် ကိုယ်တို့က တိရိစ္ဆာန်လေးတွေ ချစ်ရမှာ အူလှိုက်သည်းလှိုက် ချစ်တတ်ကြပြီး သူတို့တွေ ဆုံးသွားရင်၊ ပျောက်သွားရင်တော့ မစားနိုင် မသောက်နိုင် နေမကောင်းဖြစ် တတ်ကြလို့ပါ။ အဲဒီတော့ သူတို့က သူတို့မလာနိုင်တဲ့နေရာမှာ အဲဒီလို ဖြစ်နေရင် ဒုက္ခဖြစ်နေမှာစိုးတယ်လေ။ ဒါကြောင့် ဂတိတောင်းရတာပါ။

ကိုယ်တို့ မလေးရှားမှာ နေတုန်းက ကိုယ့်ခြံထဲ သူများလာပစ်သွားတဲ့ ခွေးလေးတကောင် မွေးဖူးတယ်။ နံမည်က ပေါတာ တဲ့။ ခွေးလေးက သခင်မရှိသေးတော့ ဟိုလူ့ကို ဖားရ၊ ဒီလူ့ကို ဖားရ နဲ့ မို့ ပေါတာကြီးလို ဖြစ်နေလို့ အဲဒီနံမည် ပေးလိုက်တာ။ ကိုယ်တို့လဲ မွေးလိုက်ရော သခင်ရှိသွားပြီဆိုတဲ့ အသိနဲ့ အကုန်လုံးကို မာန်မဲ တော့တာပါပဲ။ ဘာမှ လာမပြောနဲ့၊ ငါ့သခင်ကလွဲရင် အားလုံးကို ကိုက်မယ် ပဲ။

ကိုယ်တို့နှစ်ယောက်က ဆိုးလဲ ချစ်တာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ငါ့သားလေး ပေါတာ ဆိုးရှာတယ်ပေါ့။ ကိုယ်တို့ boss ရဲ့ ဧည့်သည်လာလို့ ကိုက်မယ်လုပ်လဲ ကိုယ်တို့က ပြုံးပြုံး ပဲ။ ချစ်စရာလေးဟယ်၊ သွားလေးတွေ ဖြဲလို့ ကိုက်မလို့တဲ့ အကိုရေ.. လို့ လှမ်းပြော လိုက်သေးတာ။ သူကလဲ ပြုံးပြီး အေး၊ အေး တဲ့။ အကိုက်ခံရမဲ့သူကတော့ ပြေးပေတော့ပဲ။

ပေါတာ ကလဲ အားကိုးရတယ်။ ကိုယ်တို့ အပြင်ထွက်မယ်ဆိုရင် ကားမထွက်ခင် အရင် ခြံအပြင် ပြေးထွက်ပြီး လမ်းရှင်းရတာ။ ငါ့သခင်ထွက်မယ် အားလုံးဘေးဖယ် ပေါ့။ လမ်းပြပုလိပ် သေလို့ ၀င်စားသလား မသိ။ အိမ်ရှေ့မှာ ကားလမ်းမို့ ကားတွေ တ၀ီဝီဖြတ်နေလဲ ကားတွေကို လိုက်ဟပ်၊ လိုက်ကိုက်မယ်လုပ်တာ။ နောက်တော့ ဆိုင်ကယ်တစီးပေါ်က မလေး တကောင်က လမ်းမပေါ် ဟိုပြေးဒီပြေးလိုက်ဟပ်နေတဲ့ ခွေးကိုတွေ့တော့ ဒေါသ ထွက်သွားတယ် ထင်ပါတယ်။ ဆိုင်ကယ်ပေါ်ကနေ လှမ်းကန်လိုက်တာ ကိန် ကိန် ဆိုပြီး အဲဒီက စပြီး လမ်းပေါ် မထွက်ရဲတော့ဘူး။ တော်သေးလို့ ကားမတိုက်တာပေါ့။

ပေါတာလေး ဆုံးသွားတဲ့အကြောင်းတွေတော့ မရေးတော့ဘူး။ ပြန် မတွေးချင်တော့လို့။
နောက်တကောင်ကတော့ ရန်ကုန်ပြန်ရောက်မှ မွေးဖြစ်တာ။ နံမည်က Ru တဲ့။ ဂျပန်စီးရီးစ် တခုထဲက ခွေးလိမ်မာလေး ရဲ့ နံမည် ပေးထားတာ။ အဲဒီကားထဲက ခွေးလေးက လိမ်မာလိုက်တာ မပြောပါနဲ့တော့။ ကိုယ်တို့ရဲ့ Ruသားလေးကတော့ ဆိုးလိုက်တာ တာတေ လန်ရော ဆိုပါတော့။ မိဘက အလိုလိုက်ထားတယ်လေ။

သူ့ကိုတော့ ၁လသားလောက်ကတည်းက မွေးထားတာမို့ နို့ဗူးတိုက် မွေးလာရတာ။ တယ်ရီယာ အစပ်လေးပေါ့။ သား လို့ပဲ ခေါ်တယ်။ ကိုယ်တို့ နှစ်ယောက်က တသားတည်း သား ဖြစ်နေတော့ သူ့အမေကလဲ Ru သားနဲ့ စကားပြောရင် ဖွားဖွားကြီးကလေ..တဲ့။ ကိုယ့်အမတွေကလဲ သူတို့ကိုယ်သူတို့ ကြီးကြီးအေး တဲ့၊ ကြီးကြီးစံ တဲ့။ အကုန်လုံး Ru နဲ့ အမျိုးတော်ကုန်တယ် ဆိုပါတော့။

သူကတော့ တဘာသာ။ ထမင်းကျွေးရင်လဲ စားချင်သလို၊ မစားချင်သလိုနဲ့။ ကိုယ်က ခွံ့ကျွေးရတယ်။ ခွံ့ကျွေးတော့လဲ ဟင်းမကြိုက်သလိုလို၊ အီနေသလိုလို လုပ်နေတော့ ၀ါးပြီး ထမင်းလုံးလေးတွေလုပ်ပြီး ကျွေးလို့ သူ့အမေက ဒီလောက်တော့ အလိုမလိုက်ပါနဲ့ သမီးရယ် တဲ့။ သူ့ဝမ်းပူဆာလို့ သူ့ဖာသာ အလိုအလျောက် ထမင်းစားရင်ကို ကိုယ်တို့နှစ်ယောက်မှာ ပီတိဖြစ်နေရတာ။ လိမ်မာလိုက်တဲ့သားလေး၊ ထမင်းစားတယ်၊ ရေသောက်တယ် ပေါ့။

သူကလဲ ပေါတာ နဲ့ နင်လား ငါလားပဲ။ အကုန်လုံးကို ကိုက်မယ်ဆိုတဲ့ ကလေးပဲ။ အိမ်လာလည်တဲ့ သူ့သူငယ်ချင်းတွေလဲ အကိုက်ခံရပြီးပြီ။ ရန်ကုန်မှာကျတော့ ကိုယ်တို့က ရပ်ကွက်ထဲမှာ နေရတာဆိုတော့ လမ်းထဲကလူတွေနဲ့ ကိုယ့်ရဲ့ကလေးနဲ့ တည့်မှ ဖြစ်မယ်လေ။ အဲဒီတော့ ကိုယ်တို့များ အိမ်ပြင်ထွက်ရင် အားလုံးကို ခါးကျိုးနေအောင် နှုတ်ဆက်သွားတာ။ ကိုယ့်ကို ခင်တော့ ကိုယ့်ခွေးလေး ဆိုးလဲ ပြောမထွက်ဘူးလေ။ သည်းခံတယ်ပေါ့။

Ru သားက လမ်းလျှောက်ထွက်ရင် အိမ်နားက ကွမ်းယာဆိုင်ရှေ့မှာမှ အမောဖြေတတ်၊ နားတတ်တယ်။ ကွမ်းယာဆိုင်ဆိုတာ သိတဲ့အတိုင်း လူများတော့ ဆိုင်ရှေ့မှာ ကိုက်တတ်တဲ့ ခွေး ရှိနေရင် ဈေးရောင်းတဲ့ ကုလားမ စီးပွားပျက်ပြီပေါ့။ ဘယ်ကြည်ပါ့မလဲ။ အဲဒီတော့ ကိုယ်က ဘယ်လိုလုပ်ရသလဲဆိုရင် အဲဒီကုလားမ တင်ရောင်းတဲ့ လိမ်မော်သီးတွေ နေ့တိုင်း တနေ့ ၁၀လုံး ၀ယ်တယ်။ အော်.. ကုလားမက ကိုယ့်ကို ခင်လိုက်တာ၊ တွေ့တာနဲ့ Ru သားကို လှလွန်းလို့ တဲ့၊ ပြောမဆုံးဘူး။ သူကလဲ ကိုယ်ခေါ်သလို သား လို့ပဲ လိုက်ခေါ်တယ်။ :P

ကိုယ်တို့ ဒီကိုထွက်လာတော့ Ru သားကို မျက်ရည်လည်ရွဲ ထားခဲ့ရတာပါ။ အခုတော့ ဆုံးသွားရှာပါပြီ။ ဒါကြောင့် အိမ်မွေး တိရိစ္ဆာန်လေးတွေ မမွေးဖို့ ကိုယ့်အမတွေက ဂတိတောင်းရတာပါ။ ကလေးမရှိလို့သာပဲ၊ ရှိများရှိရင်တော့ ကျန်တာ ဘာမှ မဖြစ်ခင် ဒီကလေး ဆိုးသွားမှာတော့ သေချာသလောက်ပါ။ နှစ်ယောက်သားပေါင်းပြီး အလိုလိုက် လိုက်တာနဲ့ ပျက်စီးသွားလောက်ပါတယ်လေ။

မနေ့ညနေကတော့ အလုပ်ကပြန်လာတော့ ကိုယ်က ထမင်းဟင်းချက်၊ သူက အိမ်နောက်ဖက် ပြူတင်းပေါက်က blinds တွေ ပြန်တပ်နေတုန်း ကြောင်သံလေးတွေ ကြားတယ်တဲ့။ ဒါနဲ့ ကြည့်လိုက်တော့ ကြောင်အမေကြီးနဲ့ ကြောင်လေး ၄ကောင် ဟိုဖက်ခြံကနေ ကူးလာတာပါ။ သူတို့ မွေးတုန်းက ကြောင်အမေကြီးက ကိုယ်တို့ခြံထဲက ပစ္စည်းတွေထားတဲ့ ဂိုဒေါင်ထဲမှာ လာမွေးတာ။ အဲဒီတုန်းက ၆ကောင် တောင် မွေးတယ်။

နောက်တော့ ကိုယ်တို့လဲ သိသွားရော ပစ္စည်းတွေရှင်း၊ ကိုယ့်အမျိုးသားက ကြောင်လေးတွေ အိပ်လို့ရအောင် ကလေး ကုတင်လေး ဆင်ပေးလိုက်တာ တခါတည်း ကြောင်အမေကြီးက ဟိုဖက်အိမ်ကို ကလေးတွေချီပြီး ပြောင်းပြေးသွားရော။ သူက လူသိမှာ၊ လာကြည့်နေတာ မကြိုက်ဘူး နဲ့တူတယ်။ အဲဒီကတည်းက အဲဒီကလေး ၆ကောင်နဲ့ ကွဲသွားတာ။ အခု ၂လလောက်နေတော့ ပြန်ခေါ်လာတဲ့ သဘောပဲ။ ၄ကောင်ပဲ ကျန်တော့တယ်။

ကိုယ်တို့လဲ ၀မ်းသာလွန်းလို့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားတယ်။ ပြူတင်းပေါက်က လှမ်းကြည့်ရင် အိမ်နောက်ဖက် ခြံကွက်လပ်လေးမှာ ၃လသား ကြောင်လေးတွေ လူးလိမ့်ဆော့နေကြတာ။ ဒါနဲ့ ကြောင်စာလေးတွေ ကျွေးကြည့်တော့ စားလိုက်တာ တက်တက်ပြောင်ရော။ အကပ်တော့ မခံဘူး။ စားပြီး၊ သောက်ပြီး၊ ဆော့ပြီးတော့ ဟိုဖက်အိမ်ကို သားအမိတတွေ ပြန်ကူးသွားကြတယ်။

ဒီနေ့ ရုံးကပြန်လာတော့ နှစ်ယောက်သား ကော်ဖီဆိုင်လဲ မထိုင်နိုင်ဘူး၊ ဘယ်ကိုမှလဲ ခြေမရှည်နိုင်ဘူး။ အိမ်ကိုပဲ တန်းပြန်လာပြီး မသိမသာ စောင့်ကြည့်နေကြတယ်။ ညနေ ၆နာရီခွဲလောက်ကျတော့ ဟိုဖက်ခြံအုတ်စည်းရိုးကနေ ဖုတ် ဖုတ် ဆိုပြီးတကောင်ပြီး တကောင် ဆင်းလာတယ်။ ပြီးတော့ ပန်းသီးပင်အောက်မှာ၊ ထောပတ်သီးပင်အောက်မှာ ဆော့ကြပြန်ရော။

သူလဲ ဘာမှ မထူးဆန်းသလိုလို၊ ကြောင်တွေပဲ အမြဲဝင်ထွက်နေလို့ ရိုးနေသလိုလို ပုံဖမ်းပြီး ရုပ်တည်ကြီးနဲ့ ကြောင်စာခွက်လေးတွေကိုင်ပြီး မြက်ခင်းပေါ် သွားချထားလိုက်တယ်။ တကယ်တော့ သူ့စိတ်ထဲမှာ ချစ်တာ တုန်နေတာ၊ သိသားပဲ။ ကြောင်လေးတွေ လန့်ပြီး ပြေးသွားမှာစိုးလို့ အိနြေ္ဒလုပ်နေရတာ။

ကိုယ်ကတော့ အိမ်ထဲကနေ ပုန်းပြီး ကြည့်နေတာပေါ့။ ကြောင်လေးတွေကလဲ သူထွက်လာတော့ ပြေးသွားသေးတယ်။ နောက်မှ ပြန်လာစားတာ။ ပြီးတော့ ဆော့ကြပြန်ရော။ အခုမိုးချုပ်တော့ ပြန်ကြပြန်ပြီ။

အင်း..ကိုယ်တို့လဲ အမတွေကို ဂတိပေးထားတယ်။ ကြောင်တွေ၊ ခွေးတွေ တကောင် တမြီးမှ မမွေးတော့ပါဘူးလို့။ အခုလို ၅ကောင် တပြိုင်တည်း မမွေးပါဘူးလို့တော့ ဂတိမပေးမိဘူး ထင်တာပဲ။
အခုလဲ သူ့ဖာသာ သူလာပြီး ခြံထဲမှာ လာဆော့နေတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ့်ခြံထဲရောက်တော့ ကိုယ့်ပစ္စည်းဆိုလား... ကြားဖူးတာပဲလေ။


မိုးချိုသင်း

10 comments:

ပန်းခရမ်းပြာ said...

အိမ်မှာ ရှိခဲ့ဘူးတဲ့ သားဖိုးပု ကတော့ လူလည်။ သူထမင်းစားနေရင် ယပ်တောင် တစ်ချောင်းနဲ့ ယပ်ခပ်ပေးနေရတယ်။ ယင်ကောင် မလာအောင်လို့။ လာရင် အဲဒီ အကောင်ကိုပဲ လိုက်ကြည့်နေပြီး ထမင်း ဆက်မစားတော့ဘူး။ ဒါပေမဲ့ သူ့ဖာသာသူ ကျတော့ လမ်းဘေးက အမှိုက်ပုံ သွားဖွတယ်လေ။

MoeMaKha said...

ဘလော့ဂါကြီး ဆရာမ မိုးချိုသင်း - ဆရာကဗျာနဲ့ အမစာကို မိုးမခ မှာ ယူသုံးလိုက်ပါတယ်။ ခွင့်ပြုပါ ခင်ဗျား။ ကြောင်လေးတွေ ရှည်ပါစေ ... အသက်။
မောင်ရစ်
စာကြွင်း - အိမ်က ဖိုးဂျံကတော့ အယ်အေလာလည်ရင် ဆော့စရာ ရှိပြီဆိုပြီး ပျော်နေလေရဲ့
စာကြွင်း - ကြောင်က တကယ်တော့ စာ ဘယ်ဖတ်မလဲ။ သူက ကီးဘုတ်တွေပေါ် နင်းပြီးတော့ လမ်းလျောက် သွားတယ်။

SMN said...

အင်း...။
ခွေးဖိုးတထောင် ကြောင်ဖိုးတသိန်း... တဲ့။
မယားနေစ ကြောင်သေမှ...တဲ့။
ကြောင်သူတော် ကြွက်သူခိုး...တဲ့။
ကျားဆရာ... ကြောင်...တဲ့။
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး...တဲ့။
မခုတ်တတ်တဲ့...ကြောင်...တဲ့။
ဇရက်တောင်ပံကျိုး နဲ့  ကြောင်ခံတွင်းပျက်...တဲ့။
ကြောင်တယ်နော်။...တဲ့ ။
တွေးမိသလောက်ပါ။

မေသဇင် said...

မမိုးချိုသင်းရေ... အဲဒီသံယောဇဉ်တွေက ပူတာတော့အမှန်ပဲနော်..ဒါပေမယ့် သူတို့လေးတွေနဲ့ နေရ ပျော်ရတဲ့ အချိန်တွေ အများကြီးနဲ့စာရင်တော့ ဒီလောက် ပူတာလောက်တော့ ခံသာပါသေးတယ်လို့ ကိုယ့်ဖာသာကိုယ် ဖြေတွေးရတာပဲလေ..။

ဂျစ်တူး - gyit_tu said...

အမတို့က တယ် သံယောဇဉ်တွယ်တတ်တာကိုးနော် ..း)

Taungoo said...

အမရေးတဲ့စာလေးတွေက ဖတ်လို့ကောင်းတဲ့အပြင်
ဒီတစ်ခုဆို ကျွန်တော့်မှာ ဖတ်ပြီး တခွိခွိနဲ့ရယ်နေရတယ်။
ကျွန်တော်က ကြောင်တော့ မချစ်တတ်ဘူးဗျ။ ခွေးတော့ချစ်တယ်။ နောက်ဆုံးမွေးခဲ့တဲ့ တောင်ပေါ်ခွေးလေး ကျွန်တော့်ရှေ့တင် ကားတိုက်သေသွားပြီးကတည်းက မမွေးဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အိပ်မက်ရှိသေးတယ်။ တစ်ချိန်ချိန်ပေါ့ဗျာ။

မေတ္တာဖြင့်

Ma Moe said...

well..

I love dogs. When LaMin was around 4yrs old, I asked my wife to adopt one puppy Labrador( I love labs). She said that she going to leave on the same day the dog come to home. Since I couldn't find the another wife ( its not easy to find... you know.:P.), I have to swallow my dream. hehehehe

NL

khin oo may said...

http://moechothin.blogspot.com
ချစ်တတ်လိုက်တာနော်. ဒီလို သံယောဇဉ် ကြီးရင် ခက် ဦးမယ်။

တန်ခူး said...

မ ရေ… အိမ်ကအမျိုးသားလဲ မ တို့ အတိုင်းပဲ… ကြောင်လေးတွေ သိပ်ချစ်တတ်တာ… သူတို့ အိမ်ကဆို အိမ်သားတယောက်လို ပြောဆိုနေတာ ဘေးလူတောင် မျက်စိလည်တယ်…ကျွန်မက ပွတ်သီးပွတ်သတ် မနေတတ်ပေမယ့် သူတို့ နေထိုင်မကောင်းရင် သိပ်သနားတာ… အိမ်မှာ ကြောင်တွေ ခွေးတွေ မွေးရင် နေမကောင်းတဲ့အချိန်ပဲ အနားကပ်တယ်… မ တို့ လိုပဲ… သူတို့ သေသွားရင် စိတ်မကောင်းပြီး ထမင်းမစားနိုင်ဖြစ်တော့တာ… အိမ်ကလူတွေကို တောင်းပန်ထားရတယ်… နောက်ထပ်မမွေးပါနဲ့ လို့ …

(btw… မရေ… ကျွန်မရဲ့မဖြစ်ညစ်ကျယ် စာလေးတွေကို တခုတ်တရ ဖတ်ပြီး မှတ်ချက်ပေးတာ ကျေးဇူးပါနော်)

Nwe said...

True. I would have spoilt all the pets I have. When I had cats they behaved like Garfield. When I had dogs they never learned to listen to me, and one of them bit strangers. Now that I am living alone, I even thought about having a cat. I thought it might be easier to have a cat because I live in a flat. I still cannot commit yet because I won't want to leave the cat with strangers when I travel or go holiday.