အိုဘယ့် ဘလော့ဂ်

ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်က အိမ်ကိုလာတဲ့စာတွေထဲမှာ စာတစောင်က ကိုယ့် အိမ် တယ်လီဖုန်းလိုင်းအတွက် စာချုပ်အသစ် လက်မှတ်ထိုးဖို့ စာပို့လာပါတယ်။ ကိုယ်လက်ရှိအိမ်မှာ သုံးနေတာက အဖေ့နံမည်နဲ့လုပ်ထားတဲ့ ဖုန်းဖြစ်လို့ သူတို့တွေက လူကြီးနှုန်းထား (senior rate) နဲ့ ဈေးသက်သက်သာသာ ပေးထားတာ၊ တလ ကို ၅ကျပ်လောက်ပဲ ကျပါတယ်။

အဲဒါကို အခု စာချုပ်သက်တမ်းတိုးမယ်ဆိုပြီး စာရွက်မှာ အဖေ့ကို လက်မှတ်ထိုးပေးဖို့ စာပို့လာတာပါ။ အဖေမရှိတော့လို့ အဖေ့လက်မှတ် ညာပြီး မထိုးချင်တော့ သက်တမ်းမတိုးဘဲ နေလိုက်တာ bill လာတော့ ဖုန်းခေါ်ခ မပါသေး၊ basic ကိုက ၄၈ကျပ် တန်းဖြစ်သွားတယ်။ ကိုယ်တို့ကလဲ cell ဖုန်းပဲ သုံးပြီး အိမ်ဖုန်းကို သုံးခဲတော့ နှစ်ယောက်သား ၀ိတ်လျှော့မယ်လို့ စဉ်းစားကြပြီး ဈေးသက်သာတဲ့ plan ကို လိုက်ရှာပါတယ်။ အဲဒီမှာ T Mobile က တလကို ၁၀ ပဲပေး၊ တနိုင်ငံလုံး ခေါ်ချင်သလောက်ခေါ်၊ အချိန်လဲ limit မထားဘူးဆိုတဲ့ plan ကို ရွေးလိုက်ကြတယ်။

အဲဒီ ဖုန်းလိုင်းပြောင်းကတည်းက ကိုယ့်မှာ တထိတ်ထိတ်နဲ့ နေနေတာ၊ ဘယ်အချိန်များ ငါ့ အင်တာနက်လေး ပြတ်သွားမလဲ ဆိုပြီးတော့လေ။ ဒီလို ခေတ်မီနည်းပညာတွေနဲ့ကလဲ ဘာမှကို မသိ၊ မဆိုင်ရေးချ မဆိုင်ဆိုတော့ သူလုပ်တာ၊ တပ်တာ ဆင်တာတွေကို ဘာမှလဲ အထွန့်မတက်ရဲဘဲ၊ ဘေးကနေ အရိပ်တကြည့်ကြည့် လုပ်နေရတာ။

ထင်တဲ့အတိုင်းပါပဲ။ သူလဲ ချွေးတလုံးလုံးနဲ့ အကုန် တပ်ပြီး ဆင်ပြီးသွားတဲ့အခါမှာ ကိုယ့်ကို လှမ်းပြောပါတယ်၊ ချိုသင်းရေ ကိုယ်တို့ အင်တာနက်တော့ ပြတ်သွားပြီဟေ့ တဲ့။ တကယ့်ကို အားရှိစရာ အောင်မြင်တဲ့ အသံမျိုးနဲ့ပါ။

ကိုယ်လဲ ဘလော့ဂ်ဆိုတာကြီးကို အစွဲကြီး စွဲမိပြီရှင် ဖြစ်နေတော့ကာ နည်းနည်းတော့ ကသိကအောင့် ဖြစ်သွားတာပေါ့။ သူလဲ သူတပ်ထားတာ မှန်ရဲ့လားလို့ ဖုန်းတွေဘာတွေ ဆက်တော့လဲ မှန်သားပဲ တဲ့။ ကြာတော့ ဟိုဖက်က technician တွေပါ လက်မြှောက်သွားတယ်။

ကိုယ်တို့ အင်တာနက်လိုင်းကလဲ ဖုန်းလိုင်းနဲ့ ချိတ်ထားတာမဟုတ်တော့ ဟိုဟာတပ်တာ ဒီဟာက ဘာကိစ္စ ပြတ်ရတာတုန်းပေါ့။ သိုင်းဝတ္ထုတွေထဲကလို မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ ဆိုတာလိုမျိုးပေါ့။ လောလောဆယ်တော့ လိုင်းပြတ်သွားပြီလေ။

ကိုယ်လဲ ဘေးနားပွနေတဲ့ လိုင်းကြိုးတွေကို တခုဆွဲထုတ်လာလိုက်၊ ဒါတပ်ဖို့ လိုနေတာများလားမသိ လို့ လှမ်းမေးလိုက်၊ မဲမဲ ဗူးလေးတခုပြပြီး ဒါများလား လို့ မေးလိုက်၊ ရှိသမျှ ပလပ်ခေါင်းတွေ တထွေးကြီးသယ်လာလိုက်၊ ဟိုက ခေါင်းခါပြလိုက်တော့ ပြန်သယ်သွားလိုက်နဲ့ပေါ့။ ကူသလိုလိုနဲ့ ရှုပ်နေတယ် ဆိုပါတော့။

ဒါနဲ့ သူလဲ ကိုယ့်ဖာသာ စာရေးနေစမ်းပါဆိုပြီး မောင်းထုတ်လိုက်လို့ ထမင်းစားခန်းမှာ ကိုယ့် note book လေးနဲ့ ဟိုရေး ဒီရေး ရေးနေရင်းလဲ ဒါကိုပဲ စိတ်ရောက်တယ်။

ဒီဘလော့ဂ်လေး စ လုပ်မိကတည်းက မိတ်ဆွေတွေနဲ့ ဘလော့ဂ်ထဲမှာ ဆုံဖို့အရေး ကြိုးစားလိုက်ရတာ ဖတ်သီဖတ်သီ ဖြစ်တယ်ဆိုတာ ဒါမျိုးထင်တယ် လို့ ကိုယ့်ဖာသာကိုယ် တွေးမိသေးတယ်။

မနက်ဆိုရင် အလုပ်သွား၊ အလုပ်ထဲမှာ စာရင်းတွေနဲ့ နပန်းလုံး၊ ညနေ ၅နာရီထိုးရင် ကိုယ်ပေါ်မှာ ပိနေတဲ့ အလုပ်တွေအကုန်လုံး ခါချခဲ့ပြီး မြန်မြန်ပဲ ဘိုင့်ဘိုင် လုပ်လိုက်တယ်။ အိမ်ရောက်တော့ ၆နာရီ ထိုးပြီ။ အိမ်ကို ရောက်တာနဲ့ မီးဖိုချောင်ကို တန်းဝင်တယ်။ ညနေ ထမင်းစားဖို့ စ ပြီး ချက်ရ ပြုတ်ရတယ်။

ရှိသမျှ အသားတွေ အရွက်တွေကို ၀ုန်းဒိုင်း ၀ုန်းဒိုင်းနဲ့ ခုတ်ဖြတ်ပြီးသကာလ တခါတည်း အိုးထဲကို ပစ်ထည့်လိုက်တယ်။ ပစ်ထည့်ရောမွှေ ဆိုတဲ့ ဟင်း တခွက် ရရော။ ဟင်းချို ကို ချက်တော့လဲ ဘယ်လိုချက်ချက် အရောင်မတက်ဘူး။ မှန်ဟင်းချို လို့ နံမည်ပေးရမလိုလို၊ ရေဟင်းချို လို့ နံမည်ပေးရမလိုလို ဖြစ်နေတယ်။ ကိုယ့်ဟင်းတွေက အမြင်မလှဘူး၊ ကိုယ့်လိုပဲ။ ရုပ်မလှပေမဲ့ စိတ်လှတယ်ဆိုသလို အမြင်မလှပေမဲ့ အရသာ ရှိပါတယ် လို့ သူ့ကို နေ့တိုင်းလောက်နီးနီး ပြောလဲ ပြော ထည့်လဲ ထည့်ပေးပြီး မြန်မြန်ပဲ ခူးခပ် ကျွေးလိုက်တယ်။

ပြီးတော့ ရေမိုးချိုး ဆေးထိုး၊ ဆေးသောက်လုပ်ပြီး ကွန်ပျူတာရှေ့ စ ထိုင်တဲ့ အချိန်က ည ၉နာရီ ထိုးပြီးပြီ။ အရင်တုန်းက ဒီအချိန်ဆိုရင် တီဗီရှေ့မှာ CSI Miami မော့နေတဲ့ အချိန်ပေါ့။ အခုတော့ ကိုယ်သဘောကျတဲ့ ရုပ်ဆိုးဆိုး CSI မင်းသားကြီးကိုလဲ မကြည့်နိုင်၊ ကွန်ပျူတာနဲ့ မျက်နှာအပ်ထားပြီး ပြုံးပြုံး ပြုံးပြုံး လုပ်နေတယ်။

သတင်းတွေ အရင်ဖတ်၊ နောက် ကိုယ်သွားတတ်တဲ့ ဘလော့ဂ်လေးတွေ လျှောက်လည်ပြီး စာဖတ်လိုက်၊ နှုတ်ဆက်လိုက်၊ ကွန်မန့်လေးတွေ ၀င်ရေးလိုက်။ ပြီးမှ ကိုယ့်ဘလော့ဂ်အတွက် စာ တိုတိုနန့်နန့်လေးတွေ လျှောက်ရေး၊ နောက် ပို့စ်တင်မယ် ဆိုတော့ ထုံးစံအတိုင်း စာခေါက်မယ်ကြိုးစားပြန်တော့ အပြန့်လိုက်ကြီးပဲ တက်သွားပြန်ပါရော။ ဒါနဲ့ ပြန် edit လုပ်ပြန်တော့ စာလုံးပိစိလေးတွေ ထပ်နေအောင် ပေါ်နေပြန်ရော။

ကဲ ကဲ အိပ်ချင်လှပြီ၊ ည၁၂နာရီလဲ ထိုးတော့မယ် မြန်မြန်တင်မှ ဆိုပြီး စာ အပြန့်လိုက်ပဲ တင်လိုက်တယ်။ ကိုယ့်စာကလဲ တိုတာပဲ၊ ခေါက်စရာ လဲ မလိုပါဘူးလို့လဲ ကိုယ့်ဖာသာ အားပေးလိုက်တယ်။ မနက် ရုံးသွားရအုံးမှာမို့ ၁၂ နာရီ မကျော်စေဘဲ အိပ်နိုင်အောင်လဲ ကြိုးစားရတယ်။

ဘလော့ဂ်လုပ်တာ ၁လ နီးပါးရှိပြီ။ စာရေးချင်စိတ် ရှိနေတုန်းလေးမို့ ရေးနေတာ။ မရေးချင်ရင်တော့ မရေးတော့ဘူး။ အခုတော့ ဘလော့ဂ်စွဲတယ်ပဲ ဆိုဆို၊ ဘလော့ဂ်ကိုက်တယ်ပဲ ပြောပြော၊ ဘလော့ဂ်ပိုး ထ တယ်ပဲ ဖြစ်ဖြစ် ဘလော့ဂ်ဆိုတာကြီးက ၀င်ပူးနေတာတော့ အမှန်ပဲ။

အခု ဒီစာကို ပို့စ်တင်ဖို့ အင်တာနက် မရရင်လဲ စတားဘက်စ် ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း အင်တာနက် သုံးလို့ရတာမို့ ညကြီး မိုးချုပ် ကော်ဖီဆိုင် သွားထိုင်ဖို့ စဉ်းစားနေသေးတာ။ ပြောရရင်တော့ ဘလော့ဂ် ရောဂါ တိုးလာတယ်ပဲ ဆိုရမှာပေါ့လေ။
မိုးချိုသင်း

13 comments:

ကလိုစေးထူး said...

Yahhhhhhhhh..။ ဒီတခါတော့ ကျနော် အရင်ဆုံးပဲကွ။ လက်စသတ်တော့ အမ စာတင်နေတဲ့အချိန်က ကျနော်အိပ်ပျော်နေချိန်တွေ ဖြစ်နေတာကိုး...။ ဘလော့ရောဂါဆိုတာကတော့ အမြစ်တွယ်မိရင် အဲလိုပဲ အမရေ...။ ဒါပေမယ့် အမလို ဘလော့ဂါတွေ ရောဂါပိုးရင့်လေလေ ကောင်းလေလေပဲ။ နာတာရှည် ဖြစ်ရင် ပိုတောင်ကောင်းသေး။ :D

အောင်သာငယ် said...

တလနဲ့ ရောဂါရင့်နေပြီလား..
ကြိုဆိုပါ၏...

ရွာသားလေးဝိုင်တီယူ said...

အမရေ ညဘက်ဆိုအိပ်လို့တောင်မပျော်ဘူး စာဖတ်လိုက် စာရေးလိုက် မိုးလင်းရင် ပြန်ဖွင့်ကြည့်လိုက် ဘယ်သူတွေက ကော့မန့်တွေပေးသွားလဲ နဲ့ နေမြင့်လေ အရူးရင့်လေပါပဲ။

Kay said...

အာ- အပေါ်က..အားပေးထားတဲ့သူ တွေ ကလည်း..ပုံကြည့်ရတာ- အတော် ရောဂါသည်း တဲ့လူ တွေ ပဲထင်တယ်။
မချိုသင်းရေ- ကိုယ်တယောက် တည်း မဟုတ်ဘူး။ ရူးသာ ရူး..ရင့်သာရင့်.. ရေးသာရေး။

AyeKhaing said...

ရွှေမ်းတင်မောင်သီချင်း ထဲကလိုပါပဲ...
ကျနော်လေထိုနည်း၎င်း... ထိုနည်း၎င်း....

sin dan lar said...

i m not able to write...so i can only visit ur blog...Carry on!! Go ahead!!

My Wonderful Moral Thoughts said...

Join the club အမရေ။ Same here!!! :))

SMNTL

khin oo may said...

အဆင်ပြေပါစေ. ဘာဖြစ်လို.ဆေးထိုးရတာလဲ ဆီးချိုရှိလို.လား။

တန်ခူး said...

ဘလော့ဂ် နဲ့ ဝေးနေရတဲ့နေ့ တွေဆို ငူတူတူ ဟာတာတာ ရီဝေေ၀ မှုန်ဝါးဝါးနဲ့  အတော်ဆိုးတာပဲ မ ရေ…

Ko Paw said...

ဟင်…ဘလော့ဂ်…ဘလော့ဂ်…. တလော့ဂ်တည်း လော့ဂ်လော့ဂ်နေရတယ်…..¶
ဘလော့ဂ်ကိုတန်ဘိုးထား….အမှန်ကိုးစားခဲ့ရင်သာတကယ်….¶း-)

kyawha said...

ကျွန်တော်တို့ အညာ မှာ မှန်ရောင်ဟင်းချို ဆိုတာ တကယ်ရှိပါတယ်။ မှန်ဟင်းချိုတော့မဟုတ်ပါ ခင်ဗျား၊အလှူမှာကျွေးလေ့ရှိပါတယ် ၊ငခြောက်ချက်၊ပဲတီချဉ်သုပ်၊ ငရုပ်ထောင်းကြော်၊မှန်ရောင်ဟင်းချို ၊စသဖြင့်ပေါ့ဗျာ ။

pandora said...

အဲဒီ ဘလော့ရောဂါက အတော်ဆိုးတယ်။ ဘလော့ပိုးထိုးတယ်ခေါ်တယ်။ တော်ကြာ ဘလော့နာကျဦးမယ်နော်။

ရွှေဂျမ်း said...

ဂျမ်းတို့ ဘလော့စရေးတုန်းကလည်း အဲလိုပဲ အမရေ။ အမက စာရေးကောင်းတော့ ဘလော့ရောဂါစွဲနေပြီဆိုလည်း အမရေးတာ ဖတ်ချင်နေတဲ့ လူတွေအတွက် ကောင်းတာပေါ့နော။း)