ရှေးကထက် ပို ချစ်ကြမယ်

ကိုယ့်မှာ မောင်လေးတယောက် ရှိခဲ့ဖူးပါတယ်။ အသက် တနှစ်ပဲ ကိုယ့်ထက်ငယ်တဲ့ အထက်အောက်ပါ။ အခုတော့ သူဆုံးသွားတာ ၇နှစ်တောင် ရှိခဲ့ပါပြီ။ မနေ့ကတော့ သူ့မွေးနေ့မို့ သူ့ကို သတိရပြီး သူနဲ့ ငယ်ငယ်က အကြောင်းတွေ ပြန်တွေးမိပါတယ်။

အထက်အောက်ဆိုတော့လဲ တခြားမောင်နှမတွေထက် ပိုပါတယ်။ ပိုလဲ ရင်းနှီး၊ ပိုလဲ ရန်ဖြစ် ခဲ့ကြတယ်လေ။ ရန်ဖြစ်၊ ပြန်ချစ်ပေါ့။ သူကလဲ အစ အနောက် အရမ်းသန်တယ်။ ကိုယ့်ကိုဆို ခဏခဏ စ တာမို့ စိတ်ဆိုးရတာလဲ ခဏခဏပါပဲ။

သူက မောင်နှမ ၅ယောက်မှာ အငယ်ဆုံးလဲ ဖြစ်ပြန်၊ ယောကျာင်္းလေးလဲ သူတယောက်ပဲ ပါတော့ အားလုံးရဲ့ အချစ်တွေ စုပြုံပြီး သူရတယ်လေ။ ဒါကို အငယ်ဆိုပြီး အလျှော့မပေးပါဘူး။ (တကယ်တော့ အကြီးက လျှော့ပေးရတာပါ၊ ကိုယ်ကတော့ သူလျှော့ပေးစေချင်လို့ ပြောင်းရေးလိုက်ပြီ။)

ကလေးတုန်းကတော့ အဖေတို့အမေတို့ သူ့ကို ဆူတဲ့အချိန်ဆို ကိုယ်က ဘာပြောကောင်းမလဲ၊ တံမြက်စည်းတွေလှည်း၊ ရေတွေ ပြေးခပ်ပေး၊ ဆန်တွေ စပါးလုံး ကူရွေးပေး၊ ကန်စွန်းရွက်တွေ ကူသင် နဲ့ ရှုပ်ရှပ်ခတ်နေတာ။ တယောက်ကို ဆူလိုက်ရင် တယောက်က အလိုလို လိမ်မာသွားရော။ အဲဒါကို မိဘတွေက ရိပ်မိပြီး ပြုံးကြတယ်လေ။

အဲဒီတော့ အချင်းချင်း မသင့်မမြတ်ဖြစ်ကြပြီဆိုရင် အမေက ခဏနေ ပြန်တည့်သွားလိမ့်မယ် ဆိုပြီး ဘာသိဘာသာ နေတတ်ပေမယ့် အဖေကတော့ မရပါဘူး။ ရန်ဖြစ်တဲ့ နှစ်ယောက်ကို အတင်းလက်ဆွဲပြီး ပြန်ခေါ်ခိုင်းပါတယ်။

ကိုယ်တို့ကလဲ အခုပဲ ရန်ဖြစ်ပြီး ပြောချင်တာတွေ ပြောပစ်ထားတာ၊ ခဏနေတော့ ဟီးဟီး ဟီးဟီးနဲ့ ဘယ်လက်ဆွဲ နှုတ်ဆက်ချင်ပါ့မလဲ။ ဒါပေမဲ့ အဖေကတော့ လက်မခံပါဘူး။ ပျော်ရွှင်စွာ ချစ်ခင်ညီညွတ်သွားကြလေသတည်းဆိုတဲ့ happy ending ကို တော်တော် သဘောကျပုံပါပဲ။

“ကဲ သမီးက ဒီဖက်ကိုလာ၊ မောင်လေးကို တောင်းပန်လိုက်၊ မမချို နောက်တခါ မောင်လေး စိတ်ဆိုးအောင် မလုပ်တော့ပါဘူးလို့။ ကဲ သားကလဲ တောင်းပန်လိုက်၊ မောင်လေးလဲ နောက် မမချို မကြိုက်တာ မစ တော့ပါဘူး လို့..”

အဖေက ပြောရမဲ့စကား၊ တောင်းပန်ရမဲ့ စကားကို ရှေ့က တိုင် ပေးနေတာပါ။ နှစ်ယောက်စလုံး ခပ်ပေပေပဲ၊ မပြောသေးဘူး။ စွေစောင်းပြီးတောင် ကြည့်နေလိုက်သေး။ ဒါပေမဲ့လည်း ဒိုင်သူကြီးက ဇွတ်ပဲ။ မပြောမချင်း၊ မတောင်းပန်မချင်း လက်ဆွဲထားတာ မလွှတ်ပါဘူး။

ကဲ ကဲ ဒါဆိုလဲ ကြာတယ်ကွာ၊ တောင်းပန်လိုက်ပါတော့မယ် ဆိုပြီး စိတ်မရှည်သူပီပီ အဖေတိုင်ပေးသလို လိုက်ပြောလိုက်ရတယ်။ အဲဒီတော့ သူကလဲ ပြန်တောင်းပန်ပါတယ်။ ပြီးတော့မှ အဖေ့ကို ကွယ်ပြီး လက်သီးက ဆုပ်ပြလိုက်သေးတာ။

ဒီလိုနဲ့ ကြီးလာတော့ ကိုယ်တို့လဲ ရန်မဖြစ်ကြတော့ပါဘူး။ သူဆုံးသွားတဲ့အထိပါပဲ။ အဖေလဲ စေ့စပ်ဆွေးနွေးစရာ မလိုတော့ဘူး လို့ ထင်လိုက်တာ၊ အဖေ့ happy ending နဲ့ အချင်းချင်း ညီညွတ်စေချင်တဲ့ စိတ်ကြီးက လားလားမှ မပျောက်သေးတာကို ဒီကဗျာလေး ဖတ်လိုက်တော့ သွားတွေ့ရတယ်လေ။

၂၀၀၂ က ဂျပန် နဲ့ ကိုးရီးယားက ပေါင်းထုတ်တဲ့ ခွပ်ဒေါင်းအလံခေါ်ရာသို့ ကဗျာစာအုပ် ထဲမှာလဲ ပုံနှိပ်ဖော်ပြခဲ့ဖူးပါတယ်။ ကဗျာလေးကို ဖတ်ကြည့်ဖို့ ကိုယ်ချစ်ခင်သူတွေကို မျှဝေလိုက်ပါတယ်။ ၈လေးလုံး အနှစ် ၂၀ အမှတ်တရပါ။



ဘယ်က ရဲဘော်လဲ

သူ့မယုံရ ကိုယ့်မယုံရနဲ့
သံသယတွေ ပိုကဲ
ဟိုတစ သည်တစ ပြိုကွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည့်အတွက် တဲ့
အရှက်ကနဲ သွေးကခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

ခြေပုန်းခုတ်လို့ ဂုပ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သပ်လျှိုခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

တင်မိုး
၁၆၊ ၃၊ ၂၀၀၀



ပြန်ခေါ်ပြီးမှ ကွယ်ရာမှာ လက်သီးတော့ ဆုပ်မပြနဲ့ပေါ့ နော..။


မိုးချိုသင်း

15 comments:

Ko Paw said...

ဆရာကြီးဆီက အနုပညာဗီဇက သူ့သမီးဆီမှာ အမွေအဖြစ် ကျန်ရစ်ခဲ့တယ်ဆိုတာ အရင်တင်ထားတဲ့ ပို့စ်တွေကို ဖတ်ကြည့်ရင်သိသာနိုင်ပါတယ်။ မမိုးချိုသင်းရေးတဲ့ ပို့စ်တွေမှာ (အချက်များစွာဖြင့်…လမ်းပျောက်မြေပုံ…. စတဲ့ပို့စ်တွေမှာ) ဟာသလည်းပါ၊ လူသဘာဝလည်း ပေါ်လွင်။ အထေ့အချိတ်ကလေးတွေကလည်း သူ့နေရာနဲ့သူ ဆိုတော့…. ကျနော်တို့ မြန်မာစာပေလောကအတွက်၊ မြန်မာဘလော့ဂါလောကအတွက်၊ မြန်မာပြည်အတွက် တအားတက်စရာပါဘဲ။ ကျနော့် ဘလော့ဂ်မှာ လင့်ချိတ်ထားလိုက်ပါပြီ။

တန်ခူး said...

မ ဆီကပြန်သွားရင် တခုခုတော့ ရသွားတာပဲ… စာလေးနဲ့ ကဗျာလေးက ပေးလိုက်တဲ့ သင်ခန်းစာတွေကို သယ်ပြီးပြန်သွားပြီ… ရှေးကထက် ပိုချစ်ကြစို့ လား မ ရေ…

လင်း said...

အနုပညာမြောက်စွာ စာဖတ်သူကို လိုရာသို့ ဆွဲဆောင်ခေါ်ယူသွားနိုင်သော အမရေ link ချိတ်မယ်နော် :)

ပီတိ said...

အမရေးတာတွေက ဖတ်လို့ကောင်းလည်း မှတ်လို့ကောင်းလည်း တယ်…
ရဲဘော်အဖြစ် လာမိတ်ဖွဲ့ပါတယ်. :)

yannaing said...

မမိုးချုပ်.. အဲ.. အဲ မမိုးချို
ချိုပ်ချိုးနဲ့ဂျာ .. ကျွန်တော်တို့ရဲ့ ပျောက်ဆုံးနေတဲ့အပျော်
စိတ်တွေကို တခါတလေလည်း ပေါ့ပေါ့ပါးပါးဖြစ်အောင်
ထွက်ပေါက်ပေးရတာပေါ့လေ..
မမိုးချိုရဲ့ ထမင်းသိုးဟင်းသိုးဟာ ကျွန်တော်တို့ရဲ့ စိတ်
ခွန်အားတခုပါပဲလေ..ဒါကြောင့် မသိုးထမင်း မသိုးဟင်း
ပါ နော်..
ခင်မင်စွာဖြင့်
သင့်ရဲဘော်

myatnoe said...

အမရေ.. မောင်နှမဆိုတာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပဲလေ..။
ငယ်တုန်းက မိဘတွေက ရန်ဖြစ်ပီဆိုရင် သူများမောင်နှမတွေ ရန်မဖြစ်တာကို ပြပီး ဆူကြတယ်နော်။ အမှန်က ရန်ဖြစ်မှ ပိုတည့်တာ ပိုချစ်တာ သူတို့သိကြဘူးနော်။
ရန်မဖြစ်တဲ့ မောင်နှမတွေက ရန်ဖြစ်တဲ့ မောင်နှမတွေထက် အိမ်ထောင်ကျပီးရင် သွေးကွဲကြတာ ပိုများ သလိုပဲနော်.. အမ..ဟုတ်လားဟင်။ ပို့စ်နဲ့ လဲ မဆိုင်ဘူး..။ လာမေးမိတယ်. ဟီး
အမ ကဗျာလေးနဲ့ပေါင်းစပ်ထားတဲ့ အမရဲ့ အရေးအသား အတွေးစလေးတွေက... ထိမိပြောင်မြောက်တယ်။

လေးစားလျက်

SMN said...

ဟေး---ကြိုက်ပြီ။ တို့ စရာလေးတွေ ငပိရည်မပါလဲ တို့ပစ်လိုက်စမ်းပါ။ ကိုမိုး

pandora said...

မမိုးချိုသင်းရေ နှစ်သက်စွာဖတ်သွားပါတယ်။ ဒီလို ပါးပါးလေးနဲ့ ဆွဲဆောင်မှု ရှိတဲ့ အရေးအသားမျိုးကို အရမ်းသဘောကျပါတယ်။

MT said...

Dear Ma Moe Cho Thin and Others,

Does anybody have the song "Let yae ta pyin htee"? If you're worried about copyright, please point me to the album and the place where I can buy it. Thanks.

MT

မုခ said...

မမိုးချို
စာတွေပြန်ဖတ်ရတာ အများကြီးဝမ်းသာပါတယ်။
ဆက်ပြီး များများရေးနိုင်ပါစေ။
ကျော်ကျော်သိန်း

ကလိုစေးထူး said...

အမ ဘယ်အချိန်တွေ ပို့စ်အသစ်တင်တတ်လဲတော့ မသိဘူး။ ကျနော်တော့ အလုပ်ကပြန်ရောက်တာနဲ့ ဒီကို လာဖတ်နေပြီ။ အရေးအသားက အတုယူစရာ ကောင်းလွန်းလို့ပါ။ ပန်ဒိုရာ ပြောသွားသလိုပဲ၊ ပါးပါးလေးနဲ့ ဆွဲဆောင်သွားတာ လိုရင်းကို ဒက်ထိကနဲပဲ။ အမ ဒီဘလော့ဂ် လောကထဲကို ရောက်လာတာ အရမ်းအားတက်ရပါတယ်။ ဒီမှာ အမ ပို့စ်တွေ တင်တဲ့အပြင် အားလပ်တဲ့အချိန် ဘလော့ဂ်တွေ လိုက်ဖတ်ဖြစ်တဲ့အခါ ကျနော့်ဆီမှာ လာဖတ်ဖြစ်လို့ အမြင်မတော်တာတွေ ကျနော် ရေးမိ၊ပြုမိတာတွေ ရှိရင် ဆုံးမထောက်ပြပါလို့ တောင်းဆိုပါတယ်။

MyowinZaw said...

နှစ်နှစ်ဆယ် ရှိပြီဟ နှစ်နှစ်ဆယ်ရှိတာ တိုင်းပြည်ဓါးမနောက်ကျခွေးဖြစ်တာ နအဖကြောင့်ချည်းမဟုတ် ကျုပ်မျိုးဝင်းဇော်တို့လည်းပါတယ်ဗျ

ဂျစ်တူး - gyit_tu said...

အမရေ .. ညီမက အမရဲ့ ပို့စ်တိုင်းမှာ ဟာသလေးနဲ့ ကိုယ်တွေ့ ကြုံရတာလေးတွေကို ရိုး၂ရှင်း၂နဲ့ရေးထားတာ ကြိုက်တယ် ။ အထူးသဖြင့် ခုလိုပို့စ်မှာ နောက်ဆုံးမှာ ရေးတဲ့အချက်ကတော့ ပို့စ်တခုလုံးရဲ့ သော့ချက်လို ခံစားရတယ် ။

rose said...

ဟေး ဒါမှ ငါတို့မမကွ

ကောင်းတာမှ အရမ်းပဲ သမီးနေ့တိုင်းအားပေးနေမယ် အခုလဲ အကုန်ဖတ်ပြီးပြီ အကုန်လုံးကောင်းတယ်
မမရေ ရုံးက ဆင်းတာနဲ့ စာပဲရေးနော်
ဒါမှ ညစာတွေ မစားဖြစ်ပဲ အချိုလျှော့အောင်လို့

အင်း ဒါပေမဲ့ မမက ဟဲဟဲဟဲ

Myo Tint said...

အရှက်ကနဲ သွေးကခွဲ တဲ့ ဦးဂျမ်းရဲ့ စကားလုံးကျစ်လစ်မှုနဲ့ ထိရောက်မှုကတော့ စံပြုလောက်ပါတယ်။ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း နဲ့ ပတ်သက်လို့ ဆရာဇော်ဂျီ ရေးခဲ့တာတွေထက် ကိုတင်မိုး ရေးခဲ့တဲ့ ကဗျာတစ်ပုဒ် က ပိုထိရောက်တယ် လို့ ဆရာဇော်ဂျီ ကိုယ်တိုင် ချီုးကျူးတာ ခံရဖူးကြောင်း ဦးလေးတိုး(ဆရာဦးတိုးလှိုင်) ပြောခဲ့တာ ပြန်အမှတ်ရမိပါတယ်.....။

Myo Tint