အာရောဂျံ သင်တန်း

မနေ့က ဟင်းချက်တဲ့အကြောင်း ရေးလိုက်တာ ကိုယ်နဲ့ဘ၀တူတွေကို မိတ်ဆွေဖြစ်ခွင့်ရ လိုက်တယ်။ တပျော်တပါးကြီးပဲ။ တအားတက်စရာ ဖြစ်ရတာပေါ့။ အဲဒီတော့ လောကကြီးမှာ ဒီလိုပဲ အပေါက်အလမ်း မတည့်တာလေးတွေကလဲ နေပျော်ဖို့ ဖန်တီးလာတတ်တာပဲလို့ ကိုယ့်ဖာသာကိုယ် ဖော့တွေးရတာပေါ့။

ပြည်ပကိုရောက်ပြီ၊ ကိုယ့်မိဘ ဆွေမျိုး အသိုင်းအ၀ိုင်း အရိပ်က ခွဲထွက်လာရပြီ ဆိုတာနဲ့ အသေးအဖွဲလေးတွေကစလို့ ကြီးကြီးမားမားတွေအထိ ရင်ဆိုင်ပေတော့ပဲ။ ရေခြား၊ မြေခြားမှာ ကိုယ်နဲ့ ယဉ်ကျေးမှုမတူ၊ အကျင့်စရိုက်မတူ၊ ဓလေ့ထုံးစံမတူ တဲ့သူတွေနဲ့ သင့်တင့်လျောက်ပတ်အောင် ပေါင်းသင်း ဆက်ဆံ ပေတော့ပဲ။

အဲဒီတော့ ဒီရောက်ပြီဆိုတာနဲ့ “ကိုယ်ထူကိုယ်ထ၊ ကိုယ်ထူကိုယ်ထ” ဆိုတာကို ပါးစပ်က တတွတ်တွတ် ရွတ်နေပါမှ။ ဘာမဆို ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်ပြော၊ ကိုယ်တိုင်ရင်ဆိုင်၊ ကိုယ်တိုင်ဆုံးဖြတ်။ အနည်းဆုံး ကိုယ့်ကျန်းမာရေးတောင် ကိုယ်တိုင်ဂရုစိုက်ပါမှ သူများကို ဂရုစိုက်ရာ ရောက်တယ်လေ။ ကိုယ့်ကြောင့် သူများ ၀န်မပိဘူးပေါ့။

ကိုယ်လဲ ဒီရောက်မှ ဆေးရုံတွေ ဆေးခန်းတွေနဲ့ တော်တော်အဖော်လုပ်ရတာ၊ ကိုယ့်အိမ်နားက ဆေးရုံဆို နေရာတွေတောင် တော်တော် ကျွမ်းကျင်နေပြီ။ ဘယ်နေရာကနေ၀င်ရင် ဖြတ်လမ်းပဲ၊ ပိုနီးတယ်။ ဘယ်အချိန်မှာ ဆေးသွားယူရင်တော့ လူနည်းလို့ သိပ်မစောင့်ရဘူး၊ ဒီဖက်ကသွားရင် ဆေးရုံထဲက ကော်ဖီဆိုင်လေးကို ရောက်တယ် စသဖြင့်ပေါ့။

ကိုယ်က ဆီးချို သွေးချိုကို အမေ့ဆီက အမွေရထားတော့ နေ့တိုင်း ဆေးထိုး၊ ဆေးသောက် လုပ်ရတယ်။ အပ်ကြောက်ပါတယ်ဆိုမှ နေ့တိုင်း ဆေးထိုးရတော့ စိတ်ညစ်တာပေါ့။ ဒါပေမဲ့ ရုပ်ကလဲ ဘယ်လိုမှ စိတ်ညစ်တဲ့ပုံ မပေါက်တော့ ဘယ်သူကမှ မသနားဘူး။ သွေးချိုတွေတက်နေလဲ စပ်ဖြဲဖြဲပဲ။

ဆရာဝန်က နေ့တိုင်း သွေးဖောက်စစ်ခိုင်းတော့ ကိုယ်ကလဲ ကြံရတယ်။ မနေ့ညက သိပ်စားတာ များသွားတယ်ဆိုရင် နောက်တနေ့ မနက်မှာ သေချာပေါက် တက်နေပြီ၊ အဲဒါဆို မနက်ရောက်ရင် ကိုယ်က သွေးစစ်ဖို့ပဲ မေ့သွားသလိုလို၊ အလုပ်ပဲများလို့ အချိန်လုနေရသလိုလို၊ အစာမစားခင် စစ်ရတာဆိုတော့ သိတဲ့အချိန်မှာ အစာစားပြီးနေလို့ နောက်ကျသွားသလိုလိုနဲ့ ကိုယ့်နဖူးတွေဘာတွေ ရိုက်လိုက်ရတယ်။ ဟာ မေ့သွားတယ်ကွာ ပေါ့။ တခါတလေ စုတ်လေးတောင် သပ်လိုက်သေး။

တလောကတော့ ဆရာဝန်က ဒီကောင်မလေးတော့ ပညာပေးမှပါ ဆိုပြီး သွေးချိုသမားတွေ သိသင့်တာတွေ၊ ဆောင်ရန် ရှောင်ရန်တွေ ပညာပေးတဲ့ သင်တန်း တက်ခိုင်းပါတယ်။ ၁လ သင်တန်းလေးပါ။ ကိုယ်ကလဲ အာစရိ စကားဆို နားထောင်ပြီးသား ဆိုတော့ အလုပ်ပြီးတဲ့အချိန် ရွေးပြီး သွားတက်လိုက်ပါတယ်။

သင်တန်းပထမနေ့မှာပဲ အခန်းထဲ ၀င်လာလိုက်တာနဲ့ တော်တော်ပျော်သွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းတခုလုံးမှာ ကိုယ်က အပိန်ဆုံး ဖြစ်နေတာကိုး။ သိတဲ့အတိုင်း ဒီကလူတွေက ထွားကလဲထွား၊ စားချင်တာကလဲ စားဆိုတော့ အခန်းထဲမှာ ပုံစံအမျိုးမျိုးနဲ့ ထိုင်နေကြပုံများ သစ်သီးဝလံ ပြပွဲမှာ ရွှေဖရုံသီးခင်းထဲ ၀င်သွားရသလိုပါပဲ။

ကိုယ်ဝင်လာတော့ ငချွတ်လေးပါလား၊ မွတ်တားလေးပါလား ဆိုတဲ့ အကြည့်နဲ့ ဒေါင့်အမျိုးမျိုးက လှမ်းကြည့်ကြတယ်။ သူတို့ဆရာဝန်တွေက အတင်းတွန်းပို့လိုက်လို့သာ လာရတာ၊ သူတို့ရှေ့က စားပွဲပေါ်မှာ အချိုရည်ဗူးတွေ၊ စားစရာတွေ အစီအရီ တင်ထားကြတာပါ။ သင်တန်းဆရာမ ပိန်ပိန်ချောချောလေးရဲ့ ဆောင်ရန် ရှောင်ရန်တွေကို မုန့်စားရင်း နားထောင်နေတာလေ။

ဆရာမကလဲ ဒါမျိုးတွေ ရိုးနေပြီဆိုတဲ့ အပေါက်ပါပဲ။ “အခု ရှင်တို့ကို ပညာပေးပြီး နောက် နှစ်ပတ်လောက်ဆိုရင် ဒီစားပွဲပေါ်က အစားအစာတွေဟာ ရှင်တို့အတွက် ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ ကိုယ်တိုင်နားလည် သဘောပေါက်ပြီး ဖြစ်သွားမယ်၊ အဲဒီအခါ ဒီစားပွဲပေါ်မှာ စားစရာတွေ မရှိတော့ဘဲ ရှင်းသွားမှာပါ” တဲ့။ စိန်ခေါ်ပါတယ်။

အမှန်ပါပဲ။ နောက် နှစ်ပတ်ကြာတဲ့အခါမှာ စားပွဲပေါ်မှာ အချိုရည်ပုလင်းတွေ၊ မုန့်တွေအစား ရေပုလင်းတွေ နေရာယူလာတာကို တွေ့ရပါတယ်။ သိပ်ကို ထိရောက်တာပဲနော်လို့ အထင်မစောလိုက်ပါနဲ့လေ။ စားပွဲပေါ်ကနေ စားပွဲအောက် သူတို့အိတ်ကလေးတွေထဲ နေရာပြောင်းပြီး ရောက်သွားကြတာပါ။ စားပွဲပေါ်မှာတော့ ရေဗူးပဲ ခပ်တည်တည် တင်ထားတာပေါ့။ ကိုယ်လဲ သူတို့နည်းလေးတွေ အတု ယူပေါ့နော်။ အော် ဒီလိုလားပေါ့။

ဆရာမကလဲ အချိုရည်ဗူးကို ကောက်ကိုင်လိုက်၊ လေဘယ်လ်ကို ကြည့်ပြီး သကြားဓာတ် ဘယ်လောက်ပါတယ် လို့ ပြောလိုက်၊ သူတို့ကလဲ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်လိုက်ပေါ့။ အားလပ်ချိန်ကျတော့ အပြင်ထွက်ပြီး အားရပါးရ အိတ်ထဲက အချိုရည်တွေ မော့၊ မုန့်တွေ ထုတ်တီးကြတော့တာပဲ။ ကိုယ်ကလဲ ဆရာမသင်တဲ့စာထက် စာသင်သားတွေကိုပဲ သဘောကျနေတယ်။

နောက်ဆုံးနေ့ကတော့ အားလုံး ဆရာမရှေ့မှာ သွေးစစ်ရပါတယ်။ ဆရာမက တယောက်ချင်းစစ်တာပါ။ အားလုံး မျက်နှာမကောင်းကြဘူး။ သူတို့ ရီဇတ်ကို သူများ တွေ့မှာစိုးလို့လဲ လက်နဲ့ အုပ်ထားကြသေးတာ။

သင်တန်းကပြန်လာတော့ စိတ်မကောင်းဘူး။ သင်တန်းပြီးဆုံးကြောင်း လက်မှတ်လေးကို ကိုင်ပြီး ငါတော့ နောက်ကို ဆင်ဆင်ခြင်ခြင် နေမှပါ လို့။ ဒီလို ခိုးကြောင်ခိုးဝှက်စားရမှာကို လိပ်ပြာမသန့်လို့လေ။

အင်း အခုပို့စ်ကလဲ ၇၃နှစ်အရွယ်က ရေးတဲ့ လေသံ လိုများ ဖြစ်နေပြီလား မသိ။


မိုးချိုသင်း

10 comments:

လင်း said...

ကိုယ်ထူကိုယ်ထဆိုပေမဲ့ အမက ဘေးမှာထူမဲ့သူကြီးက အဆင်သင့်ဆိုတော့တော်ပါသေးတယ်။ ဒါပေမဲ့ အစားအသောက်ကိုတော့ ဆင်ခြင်ပါ အမရယ်။ဆီးချိုက ကိုယ်ကဆင်ခြင်နိုင်မှ တော်ရုံကျတာ။ပြောသာပြောရတာပါလေ မတည့်တာဆိုရင်ကို ပိုသွေးတောင်းတယ်ထင်တယ်နော်။ လင်းဆိုလဲ ဖြစ်မှသာ ဖြစ် အစပ်တွေကို လျှော့ကိုမစားနိုင်တာ။ အစာအိမ်ပြန်နာလာလိုက် ဆေးလေးသောက်လိုက်နဲ့။ အဖော်ရပြီဆိုပြီးတော့ အားတက်ြ့ပီး မတည့်တာတွေကို စွတ်မစားလိုက်ပါနဲ့နော် ။ ဆီးချိုက အစာအိမ်အနာထက်ပိုဆိုးပါသည်း)

ပီတိ said...

ဆီးချိုကတော့ ဆင်ခြင်မှာတော်ကာကျတာနော်။ ခက်တာကလည်း ရှောင်ပြန်ရင်လည်း စားစရာက ဘာမှမရှိတော့ဘူး။ အတတ်နိုင်ဆုံးတော့ ရှောင်စားပါ အမရယ်…

yannaing said...

ကိုယ်ထူကိုယ်ထ ဆိုတာ ပြည်ပရောက်နေသူများသာ
မဟုတ် ပြည်တွင်းက လူများပါ ဟိုးရှေးယခင်ကတည်း
ကပင် ကျင့်သုံးနေပါသည် ။
ဆီချိုဆိုတော့ မတည့်တာတွေ သိပ်မစားနဲ့ပေါ့...
မမိုးချိုတို့လိုလူမျိုးတွေ နိုင်ငံပြန်လည်ထူထောင်ရေးမှာ
လိုအပ်တဲ့ ဂီယာလေးတခုပါ

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

မမိုးချိုသင်း
ခင်ဗျားစာတွေဖတ်ရတာအရသာရှိတယ်။ (ဟင်းချက်မကောင်းပေမဲ့)
နိုင်ငံရေးကြွေးကြော်သံတွေကြားမှာရသစာပေတွေမဖတ်ရတာကြာပြီ။ ဆက်ရေးပါအုံး။ “ကံဆိုးတာလားကံကောင်းတာလားမသိဘူး၊ အမျိုးသမီးနဲ့ကျနော်ကတရုံးထဲ၊ ခုံကလည်းမျက်နှာချင်းဆိုင်ကျနေတယ် ”ဆိုတဲ့ သူကြီးကိုလည်းထဲ့ရေးအုံး။ ကျနော်ကတော့ပြောလိုက်ပါတယ်။ ကံဆိုးတာပေါ့လို့။ တခြားကောင်မလေးတွေကိုဘယ်မှာသွားကြည့်လို့ရပါတော့မလဲလို့။
ခင်မင်စွာဖြင့်
အောင်မိုးဝင်း

တန်ခူး said...

မ ရေ… ဘ၀ကို ပျော်ရွှင်တဲ့ဘက်က ကြည့်တတ်တဲ့ မ ကို အားကျမိတယ်…
ကျန်းမာရေးတော့ ဂရုစိုက်ပါ မ ရေ… ကျွန်မဆို ကြိုက်တာကို နင်းကန်စားမိလို့  ခုဆို အကြိုက်ဆုံး လဘက်တောင် စားလို့ မရတော့ဘူး…
အစပ်ဆို သူများ ရှူးရှဲလုပ်တာလေးကြည့်ပြီး အားကျနေရတယ်… မ ကျန်းမာပျော်ရွှင်ပါစေ…

myatnoe said...

အမရာ.. ရေးတတ်လိုက်တာများး မျောပါသွားတာ အဟီး..
အမဆီးချိုရှိတယ်ဆိုပေမဲ့ သင့်တင့်အောင်စားပီး ဆေးမှန်မှန် မှီဝဲရင် ရပါတယ်..။
အမ ဂရုတော့ စိုက်ပါ အမရယ်။ အသက်ကို ဥာဏ်စောင့်ပါတယ်.။
စားချင်တာကို စားပီး ဆေးမှန်မှန်သောက်ပေါ့ နော်..။
မြတ်နိုးတို့က ခုချိန်ထိတော့ ဘာရောဂါမှ မဖြစ်သေးဘူးလို့ထင်တာပဲ။

ကလိုစေးထူး said...

ရေးထားတာ ပေါ့ပေါ့ပါးပါး ဆိုပေမယ့် ကျန်းမာရေး အရတော့ ဆီးချိုရောဂါဆိုတာကြီးက ပေါ့ပေါ့ပါးပါး မနိုင်လှဘူး ထင်တာပဲဗျာ။ အမ ရေးထားတာ ကောင်းတော့ စိုးရိမ်ရမယ့် အစား စာထဲမှာပဲ မျောသွားတယ်။ အတုယူစရာ စာရေးနည်းပါ။

သက်ဝေ said...

ပျော်ပျော်နေတတ်တဲ့ စိတ်ကလေးကို သဘောကျတယ်...။ ဒါပေမယ့် ကျန်းမာရေးကိုတော့ ဂရုစိုက်စေချင်ပါတယ်..။

Ka Daung Nyin Thar said...

ရေးထားတာ ပေါ့ပေါ့ပါးပါးလေးနဲ့ အင်မတန် ဖတ်လို့ကောင်းပါတယ် အန်တီမိုးချိုရေ

ပထမဆုံး လာလည်ပေမဲ့ အရေးအသားက ပြည်တွင်းက စာရေးဆရာမတယောက်မှန်း မှန်းလို့ ရပါတယ်။ ဆက်သာ ဖွင့်ဟပါ။ စောင့်မျှော် ဖတ်ရှုလျက်ပါ။

ကဒေါင်း

sandar said...

Sayama,
Take care of ur health..