ဆရာကြီး ပြောမယ်...

ကိုယ်တို့နှစ်ယောက်က တော်တော် လမ်းများတာပါ။ တယောက်က သွားမယ်ဟေ့ ဆိုရင် နောက်တယောက်က အထုပ်ပြင်ပြီးသားပဲ။ သားသမီးလဲ မရှိတော့ ဗာဟီရလဲ မများဘူးပေါ့။ ခရီးတိုလေးတွေတော့ မကြာခဏ ထွက်တတ်ပြီး ဟိုစူးစမ်း ဒီစူးစမ်းနဲ့ပေါ့။ ဒါပေမဲ့ နှံ့စပ်ရုံ၊ ရောက်ဖူးရုံ မသွားချင်ဘူး။ တနေရာမှာ အေးအေးဆေးဆေးပဲ နားနားနေနေ သွားချင်တာပါ။

ထုံးစံအတိုင်း ခရီးမသွားခင် အရင် ဒီခရီး ဒီလမ်း သွားဖူးတဲ့သူကို မေးရတယ်လေ။ ဘာတွေ ကြုံတတ်တယ်၊ ဘာလေးကိုတော့ သတိထား၊ ဘယ်စားသောက်ဆိုင်လေးကတော့ အစားအသောက်ကောင်းတယ် စသဖြင့်ပေါ့။ ကိုယ်ကလဲ အဲဒါမျိုးတွေ သိပ်မေးတတ်တာ။ ပြောသမျှကို သေချာ မှတ်ပေမဲ့ ပြီးရင် တလွဲလုပ်တာပါပဲ။

ကိုယ်တို့နှစ်ယောက် ပထမဆုံး ထွက်တဲ့ခရီးအကြောင်း ပြောပြချင်သေးတယ်။ ထွက်မှာက ပျားရည်ဆမ်း ဆိုပါတော့။ ကိုယ့်အဖို့မှာတော့ ပထမဆုံး လူကြီးမိဘတွေ မပါဘဲ သွားရတဲ့ ခရီးလဲဖြစ်၊ ကိုယ်ချစ်တဲ့သူနဲ့ ပထမဆုံး အတူသွားရတဲ့ ခရီးလဲဖြစ်တာမို့ ပျော်မိတာပေါ့။

ပြီးတော့ ကိုယ်ကြိုက်တဲ့ ရထားကြီး စီးသွားရမှာ။ ရထားစီးရတဲ့အရသာ ကို ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး။ ဘူမိမှာ field ဆင်းတုန်းကလဲ ရထားပေါ်မှာ တညလုံး မအိပ်ဘဲ သီချင်းတွေ ဆိုသွားကြတာမို့ ရထား နဲ့ပတ်သက်ရင် ပျော်ရွှင်ကြည်နူးရတဲ့ အငွေ့အသက်ပဲ မှတ်မိနေတာ။

ဒါနဲ့ မသွားခင် မန္တလေးရောက်ရင် ဘယ်ဟိုတယ်မှာ တည်းသင့်သလဲ ဆိုတာ မေးသွားရသေးတယ်။ ကိုယ်တို့ဆရာလဲ ဖြစ်၊ အဖေ့သူငယ်ချင်းလဲ ဖြစ်တဲ့ ဆရာဦးသာနိုး ကို မေးရတယ်။ ဆရာက ခရီးခဏခဏ ထွက်တဲ့သူဆိုတော့ ပိုသိတယ်လေ။ ၁၉၉၆ ခုက ဆိုတော့ ခုလို ဟိုတယ်တွေလဲ မပေါသေးဘူး။ ပုဂ္ဂလိက ဟိုတယ်တွေ တော်တော်နည်းပါသေးတယ်။

အဲဒီမှာ ဆရာက အေးအေးဆေးဆေး၊ သန့်သန့်ရှင်းရှင်း၊ ဈေးလဲ အသင့်အတင့်ဖြစ်တဲ့ ဟိုတယ်ကို ရွေးပေးလိုက်တယ်။ ပုပ္ပါး တဲ့။ ဆရာက သေချာမှာလိုက်တာက ရထားဘူတာ က ဆင်းဆင်းချင်း အပြင်ထွက်လိုက်တာနဲ့ ပုပ္ပါး ဟိုတယ်ကို ရောက်တာ တဲ့။ ကားတွေဘာတွေ ငှားသွားစရာကို မလိုဘူး။ နီးနီးလေး တဲ့။ အဖေကလဲ အဲဒီအတိုင်းပဲ သေချာထပ်မှာတယ်။ ကိုယ်ကလဲ ခေါင်းတညိတ်ညိတ်ပေါ့။

ဒီလိုနဲ့ မန္တလေးဘူတာရောက်တော့ နှစ်ယောက်သား စကားတပြောပြောနဲ့ ထွက်လာကြတယ်။ ဘူတာကြီး အပြင်ရောက်တော့ ပုပ္ပါးဟိုတယ် ကို ရှာကြတာပေါ့။ တွေ့လဲ မတွေ့ဘူး။ ကိုယ်တို့လဲ စကားပြောနေလို့ အပေါက်များ မှားထွက်သလား လဲ စဉ်းစားရသေးတယ်။ နောက်တော့ ရှေ့နားမှာ ဆိုက်ကားလေးတွေ တွေ့တာမို့ နီးနီးနားနား ဆိုတော့ ဆိုက်ကားပဲ စီးသွားကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆိုက်ကားဆရာရေ.. ပုပ္ပါးဟိုတယ်ကို ပို့ပေးပါ ပေါ့။

ဆိုက်ကားဆရာက မန္တလေးကျုံးကို ပတ်ပြီး နင်းတယ်။ ကိုယ်တို့ကလဲ တွေးတယ်၊ အဖေတို့ကသာ မဝေး ဘူးဆိုတယ်၊ တော်တော်တော့ နင်းရသားပဲလေ ပေါ့။ အိတ် တအိတ်လဲ ပါသေးတာမို့ ဆိုက်ကားဆရာတော့ ပင်ပန်းနေရှာမယ်ဆိုပြီး သူက ဆင်းတွန်းသေးတယ်။ နောက်တော့ ဟိုတယ်ရှေ့ကို ရောက်တယ်။

မှတ်မှတ်ရရ ဆိုက်ကားခ ၈၀ ကျတယ်။ အဲဒီတုန်းက ဈေးနဲ့ဆို မနည်းဘူး ဆိုရမှာ။ ကိုယ်တို့လဲ ရောက်ပြီဆိုပြီး ၀မ်းသာအားရ နဲ့ ပျော်သွားကြတယ်။ မနက်ရောက်တော့ လျှောက်လည်မယ်ဆိုပြီး ဟိုတယ်က ထွက်လာတော့ ဟိုတယ်ရှေ့တည့်တည့်မှာ မနေ့က ဘူတာအထွက်မှာ စီးလာတဲ့ ဆိုက်ကားဂိတ်။ ဟိုတယ်ဘေးမှာ ဘူတာကြီးက ကပ်ရပ်လေ။

ဒါနဲ့ စဉ်းစားသေးတယ်။ နေစမ်းပါအုံး။ ပုပ္ပါးဟိုတယ်က နေ့ချင်းညချင်းတော့ ဘူတာကြီးနား ပြေးကပ်သွားတာတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်ပေါ့။ ဆိုက်ကားဆရာကလဲ ငါတို့ ငှားတုန်းက ဟိုမှာလေဗျာ ဆိုပြီး မေးတချက်ထိုးပြလိုက်ရင် ရရက်သားနဲ့ ဘာလို့များ ကျုံးကို ပတ်ပြီး ခေါ်သွားပါလိမ့်ပေါ့။ နောက်တော့ ကိုယ့်ကိုယ်ကိုပဲ ရယ်ရယ်မောမောနဲ့ အပြစ်တင်လိုက်ပါတယ်။ လူကြီးမိဘစကား သေချာနားမထောင်ဘဲ ရှပ်ပျာခဲ့တာကိုး။

နောက်တခါက သူငယ်ချင်းတယောက်က လူကြုံပါးလိုက်လို့ ပစ္စည်းသွားပေးရမှာ။ ပေးရမဲ့သူက ဘုရားစောင်းတန်းမှာ ဈေးရောင်းတယ်။ အဲဒီတော့ လူကြုံပါးတဲ့လူက သေချာပြောတယ်။ အဲဒီဘက်မုခ်က ဗေဒင်ဆရာတွေ သိပ်ပေါတယ်နော် အဲဒါ ဘယ်ကိုမှ မ၀င်မိစေနဲ့ တဲ့။ အတင်း ဆွဲခေါ်တတ်တာမို့ သတိထား တဲ့။

ကိုယ်ကလဲ ဗေဒင်ဆို ကောင်းတာပဲ ရွေးယုံတဲ့သူဆိုတော့ စိတ်လဲ မ၀င်စားပါဘူးပေါ့။ အဲဒါနဲ့ ဘုရားစောင်းတန်းကို ရောက်ကြတယ်။ ရောက်ရောက်ချင်းပဲ သူငယ်ချင်းပြောတာ မှန်လိုက်လေ လို့ ဖြစ်မိတယ်။ ဗေဒင်ဆရာတွေက ၀ိုင်းဆွဲကြတော့တာကိုး။ ဗေဒင် မဟောတော့ပါဘူး ပြောလဲ ပြောလို့မရ၊ အလကား ဟောပေးမှာပါ၊ ဈေး ဦးပေါက်မို့ပါ နဲ့။ မမှန်ရင် တပြားမှ မပေးပါနဲ့ဆိုတာက ပါသေး။

ကိုယ်ကလဲ အရမ်းပဲ အားနာတတ်တယ်။ အဲဒါကို သိလို့ သူကလဲ ကိုယ့်ကို လက်ဆွဲထားတယ်။ ဘေးနားကနေ သတိလဲ ပေးနေတယ်။ ဒါပေမဲ့ ကိုယ်က အင်မတန် ပျော်ဝင်လွယ်တဲ့သူဆိုတော့ ဗေဒင်ဆရာနောက် ကောက်ကောက်ပါအောင် လိုက်ပြီး ၀င်သွားတာပါ။ ခဏပါ၊ နားအေးအောင် ခဏ ၀င်လိုက်တာပေါ့လို့လဲ ပြောလိုက်သေး။

အထဲရောက်တော့ အမွှေးတိုင်တွေ ထွန်းလို့၊ မီးလုံးတွေကလဲ အကြီးအသေး ရောင်စုံလို့။ ဟို ဗေဒင်ဆရာကလဲ သူ့ခုံပေါ်ထိုင်လိုက်တာနဲ့ မျက်နှာက မာထန်ထန်နဲ့ တမျိုးဖြစ်သွားတယ်။ ပြီးတော့ သူက ချောင်းဟန့်ပြီး ရုပ်တည်ကြီးနဲ့ ကိုယ့်လက်ကို ကိုင်လိုက်တယ်။

ကဲ..အခုအချိန်ကစပြီး ဆရာကြီး လက်ရှိပစ္စပ္ပန် အခြေအနေကို ၃ခွန်းပဲ ဟောမယ်၊ မှန်မမှန်ပဲ ဖြေ..ကြားလား။ (အော်.. မောက်မာတာ၊ မောက်မာတာ။ ဘယ်လိုလုပ် သူ့ကိုယ်သူ ဆရာကြီး ဖြစ်သွားပါလိမ့်နော်၊ အင်း၊ ငါတော့ မှားပြီ၊ ဒါပေမဲ့ ၃ခွန်းပဲဆိုတော့ တော်သေးတာပေါ့)
မင်းဟာ ကတော် ဆယ်ပါးထဲက တပါး အပါအ၀င် ဖြစ်တယ်လို့ ဆရာကြီး ဟောမယ်၊ မှန်သလား မမှန်ဘူးလား။
မမှန်ပါဘူး..။(ကိုယ်လဲ ရီချင်သွားတယ်၊ ကိုယ်က ကတော်ဆယ်ပါးဆိုတာတောင် ဘာမှန်းသိတာမဟုတ်ဘူးလေ..ဒါပေမဲ့ ကိုယ်သိတာကတော့ ကိုယ်က ဘာကတော်မှ မဟုတ်ဘူး ဆိုတာပဲ)
အဟမ်း..၊ မင်းဟာ ကလေး ၃ယောက် ရှိရမယ်လို့ ဆရာကြီးဟောမယ်၊ မှန်သလား မမှန်ဘူးလား။
မမှန်ပါဘူး..။ (ကလေးက ၃ယောက်မပြောနဲ့၊ ၁ယောက်ရှိရင်ကို ကျေနပ်ပါပြီ ဖြစ်နေတဲ့ဟာ။ လွဲပြန်ပေါ့ တခါ၊ ဆရာကြီးလဲ ၂ချက်လွဲသွားပြီဆိုတော့ မျက်နှာ သိပ်မကောင်းတော့ဘူး။)
အိမ်း..၊ မင်းဟာ အိမ်ပိုင်ယာပိုင်နဲ့ နေရတယ်လို့ ဆရာကြီး ဟောမယ်၊ မှန်သလား မမှန်ဘူးလား။
မမှန်ပါဘူး..။ (အိမ်ပိုင် ယာပိုင် မပြောနဲ့ လက်ထပ်ပြီးခါစ နေစရာမရှိလို့ နှစ်ယောက်သား တည်းခိုခန်းမှာ သွားနေနေရတာ...)

ဒါနဲ့ ဗေဒင်ဆရာကြီးလဲ အကြီးအကျယ် စိတ်လေသွားတယ်။ ကိုယ့်ကို ပိုက်ဆံ ၅၀၀ ကန်တော့ပွဲဖိုး အတင်းထည့်ခိုင်းပြီး ပြန်တော့၊ ပြန်တော့၊ ပြန်ပေတော့ တဲ့။ ကိုယ်တို့နှစ်ယောက်လဲ အပြင်ရောက်တာနဲ့ ရီလိုက်ရတာ တခွိခွိပဲ။ ပိုက်ဆံ ၅၀၀ကို အဲဒီတုန်းက နှမြောသေးတယ်၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြန်ပြောတိုင်း ပြုံးရတာမို့ ၅၀၀ မက တန်ပါတယ်လေ။

နောက်ကျတော့ ကိုယ်တို့နှစ်ယောက်တခုခု ပြောတော့မယ်ဆိုရင် ဆရာကြီးပြောမယ် လို့ စကားစ လိုက်တာနဲ့ ဆရာကြီးပြောရင် တလွဲချည်းပဲဆိုတာ သိပြီး ပြုံးစိစိ ဖြစ်နေပြီလေ။

ခရီးသွားခဲ့တဲ့ အမှတ်တရလေးတွေပေါ့လေ..။

မိုးချိုသင်း

11 comments:

AP said...

Wow, today I am the first one:)
It was really good article.Keep it up dear, always support you .

sin dan lar said...

Hello,
very pleased to read ur new post earlier.
Very nice story.
Go ahead!!!!!!

ငြိမ်းဝေ said...

ဆရာမလေး ...
စာတွေဖတ်ပြီး ရယ်လိုက်ရတာ။ ကျနော်လည်း အဲသလို အတွေ့အကြုံမျိုးတွေ ရှိတယ်။ ဒါပေမယ့် ပေါ်အောင် မရေးတတ်ဘူး။ ဇာတ်သဘင်ပညာမှာ ဟာသပညာက အခက်ဆုံးလို့ ကြားဖူးတယ်။ စာပေမှာလည်း ဒီလိုပဲနဲ့တူတယ်။

ဦးငြိမ်း

Smiles said...

ဟုတ်တယ်အစ်မ၊ အဲဒါမျိုး ခဏခဏကြားဖူးတယ်၊ သူငယ်ချင်းတစ်ယောက်လည်း ပျဉ်းမနားကို သူ့အမေနဲ့သွားတာ၊ ဘူတာနားက တည်းခိုခန်းနီးနီးလေးကို အကြာကြီးပတ်နင်းပေးတယ်၊ သူကတော့ဒေါသတွေထွက်လို့၊ သူ့အမေကတော့ သမီးရယ် သူလည်း သူ့ဝီရိယစိုက်ထုတ်ပြီးမှ ဒီပိုက်ဆံရတာပါတဲ့၊

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

ကျနော့်အဒေါ်ကတော့ ဒီလိုဗျ.....
သူကယောင်္ကျားနဲ့စိတ်ဆိုးပြီးကွဲချင်လွန်းလို့ဗေဒင်
သွားမေးတယ်။ ဆရာကပြောတယ်။ ခင်ဗျားယောင်္ကျားကထောင်ထောင်မောင်းမောင်းနဲ့အနာဂတ်ကိုရည်ရွယ်ချက်ကြီးကြီးထားတယ်လို့ဟောတယ်။
အဒေါ်ကဒေါကန်သွားတယ်။ ဘယ်နှယ်သူ့ယောင်္ကျားကဖဲဝိုင်းမှာလက်ကောက်ကို
ပေါင်ပြီးရိုက်ခဲ့လို့ပြဿနာတက်လာတာ။အသားကလည်းညိုပြီးခပ်သေးသေးရယ်။ အဒေါ်က “ ရှင်ကကျမကိုလာနောက
်နေတာလား။ ဒီလောက်အသုံးမကျတဲ့လူကိုမှာလာပြီးအနာဂတ်ကိုရည်ရွယ်ချက်ကြီးကြီးထားသလေး၊ဘာလေးနဲ့”

------ ဆိုတော့--(၃) ခုလောက်ကမောက်ကမတွေဟောအပြီး ဗေဒင်ဆရာက “ယျတယာချေရမယ်၊ အမှောင့်ပယောဂတွေဝင်နေတယ်” ဝင်နေတယ်ဆိုတော့“ဟုတ်တယ်.ခုထိကိုဝင်နေတာ” ဆိုပြီးဗေးဒင်ဟောမပေးပဲ စားပွဲခင်းဆွဲပြီးမှောက်လိုက်တာ၊ ပြဿနာတက်တော့တာပဲ။ အင်း ခင်ဗျားတို့ကတော်ပါသေးတယ်။ ရယ်စရာအဖြစ်ပြန်ပြောလို့ရသေးတယ်။ အဒေါ်ကတော့ ဗေဒင်ဆရာရဲ့သမီးတွေနဲ့ဆက်ရန်ဖြစ်နေရတယ်။
ကျနော်တို့ကတော့ရယ်ရတာပေါ့။ ဘုရားသခင်ကအဆင်မပြေတဲ့သူတွေဆိုပိုဒုက္ခပေးတယ်ဆိုတာအမှန်ပေါ့။
အောင်မိုးဝင်း

little moon said...

အမရေ ...ဒီဘလော့လိပ်စာလေးကို Myanmarblogger societyကရပြီး အမပဲဖြစ်မှာပဲဆိုပြီး ရောက်လာခဲ့ပါတယ်။ ဥာဏ်မိုးရဲ့ သူငယ်ချင်းပါခင်ဗျာ အမမှတ်မိမလားတော့မသိဘူး။

ဂျစ်တူး - gyit_tu said...

ဟင် အမတို့က အရမ်းအားနာတတ်တာကိုး ။ ညီမသာဆို အဲလို ဗေဒင်ဆရာကို ကိုအောင်မိုးဝင်းအဒေါ် လုပ်သလို ၊ စားပွဲကို မှောက်ပြီး ထားခဲ့ဦးမှာ အဟီး ။

yan naing said...

မမိုးချို.............
အလည်မရောက်တာ အတော်ကြာပဲကြာပေါ့
ရောက်ပြန်တော့လည်း စွဲမက်ဖွယ် အရေးသားတွေနဲ့
ဆွဲဆောင်ပြန်တော့ ကောမန့်လေးတော့ဝင်ရေးအုံးမှ
ဆိုပြီးတော့ ၀င်လက်ဆော့ပြန်ပြီနော

khin oo may said...

စာဖတ်ပြီးခင်သွာြး့ပီ.

တန်ခူး said...

ပျော်စရာ အမှတ်တရလေးတွေ ဝေမျှပေးတာ ကျေးဇူးပါ မ ရေ… ၁၉၉၆ဆိုတော့ အိမ်ထောင်သက်တမ်း ၁၂နှစ်တောင် ရှိပြီပေါ့…

Ko said...

အမ ရေးဘူးတဲ့ "လှောင်အိမ်ထဲက ငှက်ကလေး" (နာမည်တော့ အတိအကျ မမှတ်မိတော့ပါ) ဆိုတဲ့ ၀တ်ထု တိုရှိသေးလား၊ ဆရာ အထဲရောက်နေတုန်း အမ ဆရာ့ကို ရည်ရွယ်ပြီး ရေးထားတာ ထင်ပါတယ်။ တော်တော် တော့ကြာပြီ။ ကျွန်တော် ပြန်ဖတ်ချင်လို့ ရှိသေးရင် တင်ပေးပါလား။