ဘောလုံး နဲ့ အချစ်ဆုံး

ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ စ ပြီ။
ဒါဆိုရင် အိမ်မှာ ဘောလုံးပွဲကြီး လာခင်းကျင်းထားသလို မနက်မိုးလင်း နိုးလာရင်လဲ နိုးနိုးချင်း ကြားရမှာက ဘောလုံးပွဲကြေငြာသူရဲ့ အသံတွေ၊ ပရိသတ်ရဲ့ အားပေးသံ၊ သီချင်းဆိုသံ၊ လက်ခေါက်မှုတ်သံ၊ ၀ီစီသံတွေ..။

ဒီလိုအသံတွေနဲ့ ယဉ်ပါးနေတာ ဆယ်စုနှစ် တခုတောင် ကျော်ခဲ့ပြီ။ ကိုယ်ကလဲ ဘောလုံးဆိုတာကို World Cup လောက်ပဲ စိတ်ဝင်စားတော့ ကျန်တဲ့ ကစားပွဲတွေဆို သိပ်ပြီးကြည့်လို့ နားမလည်ဘူးလေ။ World Cup ဆိုရင်တော့ နိုင်ငံတွေနဲ့ ခွဲထားတာမို့ အပြာအသင်းက အီတလီ၊ အ၀ါအသင်းက ဘရာဇီး စသဖြင့် ခွဲလို့ လွယ်လို့ ကြည့်တတ်တာပါ။

သူကတော့ အင်္ဂလန်က Manchester United အသင်းကို အားပေးသူမို့ အသင်းသားတွေကို သူ့ ငယ်ပေါင်းကြီးဖော်၊ ဂေါ်လီတောက် ဖက် တွေအလား ခင်မင်နေတာပါ။ တခါက သူ့အသင်း ရှုံးသွားလို့ လောကကြီးမှာ နေရတာပဲ အဓိပ္ပါယ် မရှိတော့သလိုလို လာပြောနေလို့ နည်းနည်း ကြည့်ပေးလိုက်ရတယ်။ ဘယ့်နှယ့်ဟာကြီးပါလိမ့် လို့။ သူ အဖြစ်သည်းတာလေးတွေ ပြောပါတယ်။

အဲဒါနဲ့ ၁၉၉၉ ခုနှစ်က ရေးဖြစ်ခဲ့ပြီး ၂၀၀၀ခုနှစ် ဇန်န၀ါရီ ရွှေအမြုတေ မဂ္ဂဇင်းမှာပါခဲ့တဲ့ သူ့ဝါသနာအကြောင်း ရေးထားတဲ့ ကိုယ့်ရဲ့ ၀တ္တုတိုလေး တပုဒ်ကို အမှတ်တရ ပြန်ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ဘောလုံးနဲ့ အချစ်ဆုံး


ကျမ မှန်ထဲမှာ ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်ညစ်ရမလို၊ ရယ်ပစ်ရမလို ဖြစ်နေတယ်။ ကြည့်စမ်း.. ကျမ ပုံက ဘောလုံးနဲ့တူသတဲ့။ ဒါဆို ကျမတို့ရဲ့ ဖူးစာရေးနတ်က ဘောလုံးကြီးပေါ့။ သူပြောပုံအရ ဆိုရင်လေ။

သူနဲ့ကျမ အိမ်ထောင်သက် ၃ နှစ်ကျော်ပြီ။ ရည်းစားဘဝက သူ့ပါးစပ်က ကျမကို ချစ်ကြောင်း၊ ကြိုက်ကြောင်း၊ လွမ်းကြောင်းပဲ ထွက်တယ်။ တစ်ခါမှ ဘောလုံးဆိုတာကို မကြားဖူးပါဘူး။ ကျမတို့နဲ့ ဘောလုံးက အဝေးကြီး၊ အဲဒီလို ထင်ခဲ့မိတာ။ အဲဒါ တက်တက်စင်လွဲတာပဲ။ မှားတယ်ဆိုတာတောင် သူ့လောက် အမှားမကြီးဘူး။

ဘောလုံးအကြောင်းကို ကျမ သူနဲ့ ရပြီး မင်္ဂလာဦးညမှာ စကြားရတာ။ ဒီလိုပါပဲ တစ်ယောက်အကြောင်း တစ်ယောက် ရောက်တတ်ရာရာ ပြောကြတာပဲ။ အိမ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ ကိုယ့်အလုပ်အကြောင်း အစုံပဲပေါ့။ အဲဒီမှာ စကားစပ်မိသွားရော။ ဖြစ်ချင်တာ ပြောပါတယ်။ သူနဲ့ကျမက အထက်တန်းကျောင်းမှာ တစ်ကျောင်းတည်း အတူနေခဲ့ကြတာ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိဖူး၊ မြင်ဖူးတာ မဟုတ်ဘူး။ သူက ကျမထက် ၄ နှစ်နီးပါး ကြီးတော့ လူကြီးပေါ့။ သူကလည်း ကျမလို ချာတိတ်ကို ခေါင်းထဲမထည့်။ တခြား ရွယ်တူကောင်မလေးတွေ လှတာလောက်ပဲ သိနေ၊ ကျမကလည်း ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ပေါ့။ အနေသာကြီး။

ဒါပေမယ့် ဘယ်နေရာမှာ စကားက သွားဆုံသလဲဆိုတော့ သူက ကျောင်းမှာ လက်ရွေးစင်ဘောလုံးသမားပါတဲ့။ ဒီတော့မှ ကျမက အံ့သြတော့တာ။ သူက ကျမ မြင်ဖူးနေတဲ့ ဘောလုံးသမားတွေလို တုတ်တုတ်ခိုင်ခိုင် ထွားထွားကြိုင်းကြိုင်းမှ မဟုတ်ဘဲ။ ရုပ်က အနုပညာသမားရုပ်မျိုး။ နုနုဖတ်ဖတ်ရယ်။ ကျမကလည်း ကျောင်းက ဘောလုံးသမားတွေကို ပန်းစည်းဆက်ဖို့ ဆရာမတွေက တာဝန်ပေးတဲ့ လှပျိုဖြူတွေထဲမှာ ပါသပေါ့လေ။ ဒါပေမယ့် ဖူးစာက အချိန်မကျသေးလေတော့ ကျမ ပန်းစည်းဆက်ရတဲ့ ဘောလုံးသမားက သူမဖြစ်ဘဲ စိတ်ကူးယဉ်စရာ မကောင်းလောက်အောင် ကုလားကြီးပဲ ဖြစ်နေ၊ သူ ပန်းစည်းလက်ခံရတဲ့သူကလည်း မျက်နှာမှာ ပေါင်ဒါအဖွေးသားနဲ့ ချောကလက်မှိုတက်ပဲ ဖြစ်နေသတဲ့။ အဲဒီတော့မှ စသိရတာ၊ သူ ဘောလုံးဝါသနာ ပါတာကို..။

သူက သူ့အကြောင်းကို မျိုးနဲ့ ရိုးနဲ့ချီပြီး ဇနီးဖြစ်သူကို ပြောပြရှာတာပါ။ သူ့အဖေ ရဲ့ အဖေ သူ့အဘိုးကလည်း ဘောလုံးကို အသေအလဲ ဝါသနာကြီးတာတဲ့။ အသက် ၆ဝ ကျော်၊ ၇ဝ ကျော်ထိ ရောက်တာတောင် ရပ်ကွက်ဘောလုံးပွဲကအစ သူ့ကို လက်ဆွဲပြီး ရှေ့ဆုံးက သွားအားပေးတုန်းပါတဲ့။ တစ်ခါ ဘောလုံးပွဲမှာ ‘ညစ်’ကြလို့ အချင်းချင်း ချကြတော့ သူ့အဘိုးကို မထိခိုက်မိအောင် လူအုပ်ကြားထဲက ကာကွယ်ပြီးခေါ်ခဲ့ရတယ် ဆိုလားပဲ။ ကျမလည်း ပြုံးပြီး ငေးနားထောင်နေလိုက်တယ်။ ဒါက အင်ထရိုပေါ့နော်။

ပြီးတော့ သူ့အဖေ ဘောလုံးကို စိတ်ဝင်စားပုံ၊ သူ့ဦးလေးက ဘောလုံး အသည်းအမဲ ဖြစ်ပုံတွေကို စုံနေအောင် ပြောပြနေတာပါ။ ဒါမှ သူဘောလုံးစိတ်ဝင်စားတာဟာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုလို၊ ဥပမာ နေက အရှေ့ကထွက်ပြီး အနောက်ကို ပြန်ဝင်သွားတာလိုမျိုး၊ ကမ္ဘာက နေကိုပတ်နေတဲ့ ကိစ္စလိုမျိုး ကျမက သတ်မှတ်ရတော့မလိုပါ။ မျိုးနဲ့ ရိုးနဲ့ ချီနေတာဆိုတော့လေ။

အဲဒီဘောလုံးအကြောင်း ဆက်မပြောခင် ကျမတို့ နှစ် ယောက်အကြောင်းလေး နည်းနည်း ပြောပါရစေဦး။
ကျမနဲ့ သူနဲ့က ရုပ်သွင်ပြင်လက္ခဏာကစလို့ အကြိုက်ချင်းက အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ပဲ။ သူက ပိန်ပိန်ဖြူဖြူ၊ ကျမက ညိုညို ဝဝ။ သူ့အကြိုက်ဆုံး အစားအစာက ဓညင်းသီးနဲ့ ကန်စွန်းရွက်ချဉ်ရည်ဖြစ်ပြီး ကျမ ခံတွင်းတွေ့တာက ပုစွန်ထုပ်နဲ့ ဝက်သားတို့မှပါ။ ဒီတော့လည်း ဆိုက်ဇ်ချင်းက မတူပါလေ ဆိုတဲ့အထဲကပေါ့။ ဒါပေမယ့် နှစ်ယောက်လုံး ဟာသတွေနှစ်သက်သူမို့ ကျမတို့ ၂ ယောက်ကိုတွေ့ရင် ကြံဖန်ရယ်ပြုံး နေတတ်ပြီး တချို့သူငယ်ချင်းတွေက စိတ်ချမ်းသာလို့ ဒီစုံတွဲကို အမြဲ မြင်ချင်ပါသတဲ့။

အစာစားရင် သူက အသားသိပ်မကြိုက်ဘဲ အရွက်ပဲ ရွေးစားတာများပြီး၊ ကျမ ကတော့ အရွက်စိမ်းစိမ်းမြင်တာနဲ့ သူ့ပန်းကန်ထဲ ထည့်လိုက်တော့တာပါ။ အဲဒါကိုကြည့်ပြီး ကျမ အဒေါ်လိုချစ်ရတဲ့ ကြီးကြီးတစ်ယောက်က “နင်တို့လင်မယားက ဟန်ကျလိုက်တာဟယ်၊ အစားအသောက်ဆို ဘာမှမပစ်ရဘူး။ တစ်ယောက်က အသားကြိုက်၊ တစ်ယောက်က အရွက်ကြိုက်” တဲ့။ ကြီးကြီးပြောတာ မှန်ပါတယ်။ အကြိုက်ချင်းတူရင် လုစားနေရဦးမှာ။ ခုတော့ ဒုက္ခအေးတာပေါ့။

ကျမနဲ့ချစ်တော့ သူက မေးတယ်။ ရှေ့ရေးကို တွက်ချက်ပြီး ကြိုတင် ပြင်ဆင်ထားချင်လို့ပါတဲ့။ ကျမကြိုက်တဲ့ အသုံးအဆောင်၊ အနေအထိုင်၊ အစားအသောက်တွေ အင်တာဗျူးပါလေရော။
‘တနှစ်ကို ဖိနပ်ဘယ်နှစ်ရံ ကုန်သလဲ’ တဲ့။ (ကျမလည်း ကိုယ်စီးတာတောင် မရေတွက်ထားမိပါဘူး) အင်း၊ သုံးလေးရံတော့ ရှိမှာပေါ့ဆိုတော့ သက်ပြင်းချရှာတယ်။ ဖိနပ်ကို ရှပ်တိုက်မစီးပါနဲ့တဲ့။ ပါးကုန်မှာစိုးလို့ ဖွဖွနင်းပါ ဆိုလားပဲ။ ကျမတော့ ငတက်ပြားလျှောက်နည်း ခြေဖျားထောက် လျှောက်ရမယ့်ပုံ။
အင်္ကျီက တစ်လ ဘယ်နှစ်ထည် ဝယ်သလဲတဲ့။ ပုံမှန်မရှိပါဘူးဆိုတော့ ဖျင်ကြမ်းကြီးဆို ခိုင်ခံ့သတဲ့။ ကျမတော့ ဖျင်ကြမ်းထူလပျစ်ကြီးပဲ မချွတ်တမ်း ‘ဒါဝတ်’ လုပ်ရမယ့်ပုံ။
‘အအေး’ ကရောတဲ့။ ဘာ အအေးကြိုက်သလဲတဲ့။ ကျမက သွက်လက်စွာ ထောပတ်သီးဖျော်ရည်လို့ ပြောတော့ သူက ဟိုးအဝေးကြီးကို ဆွေးဆွေးမြည့်မြည့် ငေးနေသေးတယ်။ ပြီးတော့မှ တွေးတွေးဆဆ ပြောတယ်။ တစ်လ တစ်ခွက်လောက်တော့ သောက်ပေါ့ တဲ့။ မှားမိပါတယ်နော်။
‘ဟင်း’ ရောတဲ့။ (အသံက သိပ်တိုးနေပြီ)။ ကျမက တကယ်လည်း အကြိုက်ဆုံးဖြစ်ပြီး သူ့ကို သနားတာလည်း ပါတာမို့ “ကြက်ဥကို ပြုတ် ပြုတ်၊ ကြော်ကြော် အကုန်ကြိုက်တာပဲ” လို့ ဖြေလိုက်တော့ သူက အားရပါးရပြုံးပြီး “ဒါတော့ မဆိုးဘူး” တဲ့ ကျမတို့ ချစ်တဲ့အချိန်က ကြက်ဥဈေးက တစ်လုံး ၃ ကျပ်ခွဲပဲ ရှိသေးတယ်လေ။
ကျမတို့ အိမ်ထောင်မပြုခင် plan ဆွဲတဲ့ အဲဒီအသုံးစရိတ် ဇယားလေးဟာ ရန်ကုန်တက္ကသိုလ်က ဦးယမ်းဘီလူး ဆိုင်သွားတဲ့ ကော်ရစ်ဒါနံရံလေးမှာ ဆေးအသစ်သာ မသုတ်သေးရင် ခုထိရှိဦးမှာပါ။ ကျမ တကယ်ပဲ လွမ်းမိပါတယ်။

အဲဒီလို စကားမျိုးတွေ၊ ချစ်ကြောင်း၊ လွမ်းကြောင်းတွေပဲ အပ်ကြောင်းထပ်ခဲ့တဲ့ ကျမတို့ ချစ်ခရီးဟာ အိမ်ထောင်ပြုအပြီးမှာတော့ ကျမ သူ့ကို သူ့လို ဘာလို့များ အင်တာဗျူး မလုပ်ခဲ့မိပါလိမ့်လို့ နောင်တရမိပါတော့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမသာ သူ့ကို မေးဖြစ်ခဲ့ရင် ဘာမေးမေး၊ ဘာဗျူးဗျူး သူ့ပါးစပ်က ဘောလုံး၊ ဘောလုံး ဆိုတာချည်းပဲ ကြားရမှာကို အသေအချာ သိနေလို့ပါပဲ။

ကျမ ဘောလုံးကို မမုန်းပါဘူး။ သူနဲ့ရမှ ဘောလုံးပွဲကို ပွဲကြည့်စင်မှာ ထိုင်ကြည့်ဖူးတဲ့သူပါ။ ကြည့်ခဲ့တဲ့အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ သူကြည့်ချင်တဲ့ပွဲဆိုရင် မိုးရွာရွာ၊ နေပူပူ သူနဲ့အတူ မခွဲမခွာ တကယ့်ကို စိတ်ပါဝင်စားစွာ လိုက်အားပေးခဲ့တာပါ။ ဒါပေမယ့် ကျမက ကစားနေတဲ့ ဘောလုံးပွဲထက် ဘောလုံးပွဲကြည့်ပရိသတ်ကို ပိုစိတ်ဝင်စားနေမိတာတော့ ဝန်ခံရမှာပဲ။ ပရိသတ်ကြီး ပျော်ရွှင်တာ၊ အားမလိုအားမရဖြစ်တာ၊ စိတ်ပျက်လက်ပျက် ဖြစ်တာတွေဟာ ကျမရင်ထဲကို လှိုင်းတွေလို တချိန်လုံး ဝင်ရိုက်ခတ် နေခဲ့တာ။ ကျမ လူအုပ်နဲ့အတူ အားပေးမိတယ်။ သီချင်းတွေ သံပြိုင်ဆိုမိတယ်။ ကြွေးကြော် အော်ဟစ်ခဲ့တယ်။ သူ့လက်ကို မြဲမြဲဆုပ်ကိုင်ရင်းပေါ့။

ဒါအပြင် တီဗီမှာလည်း ဘောလုံးပွဲတွေ အမြဲလာနေသေးတယ်။ တိုက်ရိုက် ထုတ်လွှင့်မှုဆိုရင် ညဘက်မှာ လာတတ်တာမို့ အင်မတန် အိပ်ရေးပျက်ပါတယ်။ အဲဒါ ဆိုရင်တော့ အပြင်မှာလည်း ဘောလုံး၊ အိမ်မှာလည်း ဘောလုံးဆိုတော့ ကျမလည်း ငြီးငွေ့ပြီ။ ညလယ်စာ ဘောလုံးပွဲကြည့်ရင်းစားဖို့ ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် လုပ်ပေးပြီး ကျမ အိပ်တော့တာပဲ။ တခါတလေ ကျမ အိပ်မောကျနေတုန်း ကျမကိုလာနှိုးပြီး “ဟိုမှာ အာဆင်နယ်ကို ဂိုးသွင်းတော့မယ် မြန်မြန်လာ” တဲ့။ သူကြည့်နေရာက ကောင်းတဲ့အကွက်လေး လွတ်သွားမှာစိုးလို့ တကူးတက ခေါ်ရှာပါသေးတယ်။ ကျမသာ ပြန်အိပ်လို့လည်းမပျော်ဘဲ မူးတူးကြောင်တောင် ဖြစ်ကျန်ခဲ့ရတယ်လေ။

တခါတခါ ကျမလည်း ဘောလုံးပွဲကြည့်တဲ့ သူ့ဘေးမှာ ထိုင်ပြီး “အဲဒါ မိုက်ကယ်အိုဝင် မဟုတ်လား” လို့ မေးလိုက်မိရင် ကျမပါ စိတ်ဝင်စားလာပြီ ဆိုပြီး ဝမ်းသာအားရ ရှင်းပြပါလိမ့်မယ် တသီကြီး။ အင်အားဂျာနယ်၊ တက်လမ်းဂျာနယ် စတဲ့ အားကစားဂျာနယ်တွေရဲ့ အမာခံပရိသတ်ဟာ သူမှအစစ်ပေါ့။ တခါက သူချောတယ်ဆိုတဲ့ ဘောလုံးသမားတွေပြလို့ ကြည့်လိုက်တော့ အားလုံး ကတုံးတွေချည်း။ ပုံစံအမျိုးမျိုးနဲ့ ပိုစ့်ပေးနေကြတာပါ။ အားပေးတဲ့ လူတွေရှိတော့လည်း လုပ်ကြပေါ့လေလို့ပဲ စိတ်လျှော့ရပါသေးတယ်။

ကမ္ဘာ့ဘောလုံးဝိဇ္ဇာတွေ တော်ပုံ၊ အားကြိုးမာန်တက် ကြိုးစားခဲ့ရပုံ၊ အခု တစ်လမှာ ဝင်ငွေက ဘယ်လောက်တောင် မြင့်သွားပြီ၊ အသင်းပြောင်းကြေးက ဘယ်နှစ်သန်းတောင် ပေးရတာဆိုတာတွေကို အင်မတန် စိတ်ရှည်သဘောကောင်းတဲ့ ဆရာတစ်ယောက်လို နူးညံ့စွာ ရှင်းပြတတ်ပါတယ်။ ကျမကတော့ သူတို့အကြောင်းထက် သူတို့ဝင်ငွေတွေကိုပဲ အားကျနေမိပါတော့တယ်။ အဲဒီတော့ မခက်လား။

ကမ္ဘာ့ဖလားပွဲတုန်းကတော့ အဆိုးဆုံးပါ။ ပွဲစဉ်ဇယားတွေကို စနစ်တကျ မင်နီ၊ မင်ဝါ၊ မင်စိမ်းတွေတားပြီး highlight လုပ်ကာ အိပ်ရာခေါင်းရင်းမှာ ကပ်ထားပါတယ်။ ဒါ့အပြင် အနိုင်ရတဲ့၊ အမှတ်များတဲ့ ဟိုအသင်းနဲ့ဒီအသင်း တွေ့ကြတော့မို့ မြားတွေ ရှုပ်ယှက်ခတ်ပြီး ဟိုထိုးဒီထိုးနဲ့ ပြထားသေးတယ်။ ပြီးရင် ဒေးဗစ်ဘက်ကမ်းက ဘယ်လိုဂိုးသွင်းပြီး၊ ရော်နယ်ဒိုက လိမ်ခေါက်ပြီး ဘောလုံး ဆွဲပြေးသွားတာကအစ၊ မာလ်ဒိနီ ဘောလုံးဖျက်ထုတ်လိုက်တာ အဆုံးပါပဲ။ ကျမလည်း သူပြောတဲ့ နံမည်တွေများလွန်းတော့ ဒီဘက်နားက ဝင်ပြီး ဟိုဘက်နားက ထွက်သွားတော့တာပဲလေ။

ကမ္ဘာ့ဖလားပွဲပြီးတုန်းကတော့ ကျမလည်း ဝဋ်ကျွတ်ပြီကွဆိုပြီး အားရဝမ်းသာ လက်သီးလက်မောင်း တန်းရုံရှိသေး၊ ဥရောပခြေစစ်ပွဲတွေ လာတော့မယ်ဆိုလား၊ လာနေပြီ ဆိုလား၊ ဟိုကောင်တွေ အပြတ်ကျင့်ကုန်ကြပြီဆိုလား ပြောလို့ စိတ်ဓာတ်များတောင် ကျရပါသေးတယ်။

ဒီလိုပြောလို့ သူက အလုပ်မေ့ မယားမေ့တဲ့သူတော့ မဟုတ်သေးပါဘူး။ သူက ကျမကို အင်မတန် ဂရုစိုက်တတ်သူ တစ်ဦးပါ။ သူ့အကြောင်းစဉ်းစားရင် ကျမ စိတ်ကျေနပ်ခဲ့ရ၊ သူ့ရဲ့ အလိုက်သိမှုကို အံ့သြရ၊ သူ့ရဲ့ ဣနြေ္ဒရတဲ့ မြတ်နိုးမှုကို ကြည်နူးခဲ့ရတဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ ဒီလိုပဲ ကျမကိစ္စ၊ ကျမဆန္ဒ၊ ကျမ လိုအပ်ချက်၊ ကျမ စိတ်ဝင်စားမှုတွေမှန်သမျှကို သူ့ခေါင်းထဲမှာ အမြဲထည့်ထားသလို ကျမခေါင်းထဲမှာလည်း သူပြောတဲ့ အနီကတ်၊ အဝါကတ်၊ ရှေ့တန်းတိုက်စစ်မှူး၊ နောက်တန်းညာအစွန်လူ၊ ခံစစ်နည်းဗျူဟာ၊ ခြေစစ်ပွဲ၊ အုပ်စုပတ်လည်ပွဲ၊ တစ်ဂိုးစီ သရေပွဲနဲ့ တစ်မှတ်စီ ခွဲယူလိုက်ရတယ်တို့ အစုံရောက်နေတာပေါ့ရှင်။

ကမ္ဘာ့ဖလား၊ ဥရောပအဖွဲ့ချုပ်ဖလား၊ အာရှဖလား၊ အရှေ့တောင် အာရှဖလား စတဲ့ ဖလားတွေလည်း ဒီလောက်ပေါများမှန်း ခုမှ သိရပါတော့တယ်။ ကျမက ရေဖလားလောက်သာ သိသူမဟုတ်လား။ တခါတလေတော့လည်း ငါတို့အကြိုက်ချင်း၊ ဝါသနာချင်းတူရင် အကောင်းသားလို့ စိတ်အားငယ်မိပါရဲ့။ ဘောလုံးကို သဝန်တိုကာ ကျမနဲ့ ဘောလုံး ဘယ်သူ့ပိုချစ်သလဲလို့ မေးရအောင်လည်း ဘောလုံးက သက်ရှိဆို ဟုတ်တုတ်တုတ်။ သူချစ်တဲ့ ဘောလုံးမှာ ကန်နေတဲ့သူတွေတောင် မိန်းမ ပါရှာတာ မဟုတ်ပါဘူးလေလို့ ရူးရူးပေါက်ပေါက် လျှောက်တွေးမိတဲ့အထိပါပဲနော်။

တနေ့ကတော့ သူက ကျမကို ချစ်စဖွယ် စေ့စေ့ကြည့်ပြီး ပြုံးနေတော့ ကျမက “ဘာပြုံးတာလဲ” လို့မေးကြည့်မိတယ်။ အဲဒီတော့ သူက ဘာပြန်ပြောလဲသိလား။ ကျမက ဝပြီး လုံးနေတော့ ဘောလုံးလေးနဲ့တူနေတယ်တဲ့။ ဒါကြောင့် သူပိုချစ်မိသွားတာ ဖြစ်မယ်တဲ့.. ကဲ။

ဒီလိုများဖြင့်လေ.. အင်မတန် လှကြပါတဲ့ အခုခေတ် မော်ဒယ်လ်တွေလို ပိန်ဖို့ဆိုတာ ဒီဘဝမှာ ရှိပါစေတော့။ ။

မိုးချိုသင်း

22 comments:

myatnoe said...

အမဆီကဖတ်ပီးတာနဲ့ ပြုံးဖြဲဖြဲဖြစ်သွားတာ အမြဲပဲ။
အမက အဲ့သလောက်တောင် ရီစရာလေးစွက်ပီး စာရေးတတ်တယ်နော်..။
မိန်းကလေး ဘောလုံးပွဲဝါသနာအိုးက ရှားပါတယ်။ အမရဲ့..။
မြတ်နိုးတို့လဲ ၃ တန်းရောာက်မှ အသေအချာ ဘောလုံးပွဲကို အားပေးဖြစ်ရင်းနဲ့ ပိုးဝင်သွားတာပါ။ ခုတော့လဲ ဘာဖလားညာဖလား မှာ ကွာတာဆီမီးနဲ့ ဖိုင်နယ်လောက်ပဲ ကြည့်ဖြစ်ပါတယ်။ ဘောလုံးပွဲက အဖော်နဲ့ ကြည့်မှ ကောင်းတာ..အမရဲ့။ ဘေးကနေထိုင်ပီး တခုပီးတခုစားပီးအားပေးလိုက်ပါ

ThuHninSee said...

အမေနဲ့အဖေလဲ ဒီလိုပဲ။

AyeKhaing said...

ကျနော်ကတော့ ခွေးသားကင်ပဲပြောပြော ဘာပဲပြောပြော၊ ဘောလုံးပွဲမှာရောင်းတဲ့ "ဆိတ်သားကင်" ကို ဘောလုံးပွဲထက် ပိုမက်ခဲ့တယ်။ ရှောက်သီးစိပ်ကလေးကို အရည်ထွက်ထွက် မထွက်ထွက် အကင်ပေါ်က ပွပ်လိုက်ပြီး လက်မလောက် ကြက်သွန်စိတ်ကလေးကို အရင်ကိုက်စားလိုက်တာပဲ။

Smiles said...

အစ်မ .. ဒီဝတ္ထုလေး အရမ်းကြိုက်တယ်..ညီမလည်း ဘောလုံးပွဲဆို တော်တော်လေးဝါသနာပါတယ်.. ဘာလိုလိုနဲ့ မနက်ရုံးရောက်ရောက်ချင်း စဖွင့်မိတဲ့ ဘလော့က အစ်မဘလော့ဖြစ်နေပြီ အစ်မရေ..

pandora said...

ဒီဝတ္ထုလေး အရင်က ဖတ်ဖူးတယ်။ ပြန်ဖော်ပြပေးတော့ ပြန်ရယ်ရတာပေါ့။ ဟီး။

ကိုသာဝိုက်ပိန်ပါးပါး
အဆီသူမစား
မသူဇာ ပုတိုက်တိုက်
အသားသူမကြိုက်
ကိုသာဝိုက်နဲ့ မသူဇာ အိမ်ထောင်ကျသောခါ
ထမင်းဝိုင်းမှာ ၀က်သားခွက်
တလင်းပြောင်အောင်လျှက်တယ်လေး။ ... ဆိုတဲ့ ကဗျာလေးကို သတိရမိပါတယ်။ (မှတ်ထားတာ နည်းနည်းလွဲရင်လွဲမယ်)

သက်ဝေ said...

ဟိုတခါက သက်ဝေပြောတာ အဲဒီဝတ္ထုလေးပေါ့...။
သိပ်ကောင်းတာဘဲ..။ ပြန်ဖေါ်ပြပေးတာ ကျေးဇူးပါနော်...။

လင်း said...

အမရေ စက်ထဲမှာ fontတွေပျောက်ကုန်လို့  ငြိမ်နေတာ။ ခုတော့ပြန်ကောင်းသွားပြီ။ လာရီတော့နော်။ဒီဝထ္ထုလေးကိုမှတ်မိတယ်း)

sin dan lar said...

Sayama,
My husband likes Chinese Movie Series (Thaing Kar) heartily and he used to dream of "Na Ga Naing Dar"and "Tain Hlar Dar".
He can watch his movies for 4 hours continuously.I m not interested in the names,Koe Shwe,Kyan Wu Kyee,Shaung Lin Gang, Wu Tan Gang etc.which he always he says.I like Korean Movies and songs.
I can share ur feelings.:P

ဂျစ်တူး - gyit_tu said...

အမရေ.... ဒီဟာကို အလုပ်မှာတုန်းက ဖတ်ပြီး အသံမထွက်အောင် မနေနိုင်ပဲကို ရယ်မိတယ် ။ အလုပ်ဆိုတော့ အသံအကျယ်ကြီး မထွက်ရဲ ။ ခွိ ခွိ ပေါ့လေ အဟီ ။

ရယ်ချင်ရင် ညီမရဲ့ "awkward moments" လေဘယ်လ်အောက်က တချို့  လာဖတ်ကြည့်ပါလား ။ တချို့ က ရယ်ရတယ် ထင်တာပဲ ။ တကယ်ဖြစ်တဲ့ ညီမအတွက်တော့ ကိုးလိုးကန့်လန့်ပေါ့လေ ။

cohtet said...

ချိုသင်းရေ

ဒီတစ်ပုဒ်ကတော့ အရင်ကထဲက ဖတ်ဖူး ကြိုက်ဖူးပါတယ်။
မနေ့က မန်ယူသရေကျလို့ ဟတ်ထိနေတာ၊ ဒီတပုဒ်ဖတ်လိုက်မှ နည်းနည်းစိတ်ပြေသွားတယ်။
ငါ့လေဒီကတော့ ရှင့်ယောက်ဖတွေတဲ့၊ မမှုပါဘူး ငါ့မှာမှ ညီမ မ၇ှိတာ။ ဒါပေမယ့် ဒီကောင်တွေ ညီမဆို တော်တော်အရုပ်ဆိုးမှာ ယူချင်ပါဘူး။

ငထက်

MyowinZaw said...

good ထ good ထ မမိုးချိုသင်းရေ ဆွဲသွားပြီ ဘောလုံး

tututha said...

အမ
မရေးဘဲမနေနိုင်တော့လို့ ရေးလိုက်ဦးမယ် ညီမက အမထက်ဆိုးတယ် သိလား။ မန်းအောက်ဆိုတာကို သေချာ ပြူးပြဲရှင်းပြတာတောင် ခုထိမသိသေးဘူး။ ငယ်ငယ်က ဘောလုံးသမားတွေ ခေါက်ဆွဲကြော်ဆိုင်ထဲ ဝင်သွားတာကို တွေ့တော့ အဖေ့ဆီပြေးပြီး “ပါပါရေ ဘောလုံးသမားတွေ ခေါက်ဆွဲစားနေကြပြီ” ဆိုပြီး အလန့်တကြားသွားလုပ်လို့ ဆူခံရဖူးတယ်။ အဲဒီလိုလူ ဆုံမိတဲ့ဖူးစာရှင်ကလည်း အမ ရဲ့ ကိုကိုထက် မသာတောင် လျော့မယ်မထင်ဘူး သူ့ ချက်ဘောက်စ်မှာ ခုတင်ထားတာပဲကြည့် “မန်ယူ ၃ ဝါထိ... သရေ..၁..၁...နဲ့ ပွဲဦးထွက်မှာလှတယ်” တဲ့။ ဘာတွေမှန်းမသိပါဘူး။

ပီတိ said...

အမရေးတာတွေက ရိုးရိုးလေး… ဖတ်လို့တကယ်ကောင်း… ရီလည်းရီရ.. တကယ်အဖြစ်အပျက်ဆိုတော့လည်း ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်…

အမ မှတ်ချက်ပေးသွားတာကို မေမေကို ကြွားလိုက်တော့၊ နေပြည်တော်ကျောင်းမှာ အတူလုပ်တုန်းက သူမှတ်မိတဲ့ ဆရာကြီးတင်မိုးအကြောင်း ရေးပေးမယ် လို့ပြောတယ်..း)

khine said...

Hello
အစ်မရဲ့Blogကိုအမြဲလာလည်ဖြစ်ပေမယ့်
တခါမှcomment မရေးခဲ့ဖူးပါဘူး
အခုတော့မနေနိုင်လို့ရေးလိုက်ပါတယ်..
အစ်မရဲ့ဝတ္ထုလေးကိုရုံးမှာခိုးဖတ်နေရင်း..
ပါးစပ်ပိတ်ပြီးပြုံးဖြီးဖြီးဖြစ်နေလို့..
အစ်မကဟာသရေးတာတကယ်သရုပ်ပါတယ်..
ဆက်ပြီးအများကြီးရေးပါဦး..
အမြဲအားပေးနေပါတယ်..

အယ်ဇီ said...

ဘာမှ မတင်ထားပါလား။ နေမကောင်းဘူးလား။ အလုပ်များနေလား။ဘောလုံးပွဲကိုက်နေတာလား။ဘာတခုမှ မဟုတ်စေ။
အယ်ဇီ

khin oo may said...

ကြိုက်သွားပြီ ဘောလုံးလေးရယ်။

တန်ခူး said...

ဒီဝတ္ထုလေးက မ လက်ရာထဲက အမြဲမှတ်မိနေတဲ့ ၀တ္ထုလေးပေါ့… အဲဒီတုန်းက
ကြိုက်လွန်းလို့ နှစ်ခေါက်ပြန်ဖတ်ခဲ့တာ… ခုလိုပြန်တင်တော့လဲ ဖတ်လို့ ကောင်းတုန်းပဲ… ဒီမှာလဲ မ လို ဘောလုံးနဲ့ နှစ်ပါးသွားနေရတယ် မ ရေ… မ ပြောတဲ့ အတိုင်း တကယ့်ကွက်တိ…

ကလိုစေးထူး said...

ကျနော်လဲ ဘောလုံးပွဲကြည့်ရတာကို အသေအလဲ နှစ်သက်တဲ့ အထဲမှာပါတယ်။ ၀တ္ထုတိုလေးက ဖတ်လို့ကောင်းလိုက်တာ အမရေ...။ ကွန်မန့်တွေ ဖတ်ရင်းနဲ့လဲ ကျနော် အားပေးတဲ့ အသင်းနာမည်တောင် ထ အော်ချင်လာတယ်။ :D

MoeGyoThan said...

ထောင်ထဲမှာဘောလုံးပွဲဝါသနာအိုးတယောက်နဲ့တခန်းထဲကာလတခုကြာတဲ့အထိနေခဲ့ကြ။
၇သမျှဘောလုံး၈ျာနယ်တွေကြိုးစားပန်းစားခိုးသွင်းဖတ်။မ၇လဲကြည့်ခဲ့တဲ့ဝါဒါကိုကစားကွက်တွေမေး။အသင်းတွေလူအပြောင်းလဲတွေမေး။
ညေ၇ာက်တာနဲ့ကိုထိန် တို့ကိုဘယ်နေ့ပွဲမှာဘယ်လိုကစားတာ။
ဒိုင်ကဘယ်လိုညစ်တာ၊သူပဲအဂ်လန်သွားကြည့်လာခဲ့သလိုမျိုးမျက်နှာအတည်ပြန်ဖေါက်သည်ချတာ။
အဲဒီတချိန်လုံးမှာကိုယ်ကသူ့ပါးစပ်နဲ့ကန်နေတဲ့
ပွဲထဲမှာဘောလုံးကြီးလိုဖြစ်နေ၇တာကိုယ်ချင်းသာစာကြည့်ပါတော့ချိုသင်း၇ယ်။ထွက်ပြေးလို့လဲမ၇။
ဒီဟာလေးဖတ်လိုက်တော့ပထမဆုံးသူ့မျက်နှာကြီးပြေးမြင်ပြီးလွမ်းမိတယ်။သူလဲအပြင်ေ၇ာက်နေပါပြီ။

ပုံရိပ် / Pon Yate said...

မမိုးချိုသင်းရေ ဒီဝတ္ထုလေးကို အရင်ကဖတ်ဖူး ပြီး ပြုံးခဲ့ဖူးပါတယ်။ အရင်ကတော့ တကယ့် ၀တ္ထုသက်သက် ထင်ခဲ့တာ။ ခုတော့ တကယ့်အဖြစ်အပျက် ပေါ့နော်။ ခုလည်း ဖတ်ပြီး ပြုံးမိပြန် ပါတယ်။

to said...

ဖတ်ရင်းပြုံးမိပါတယ်။ ကိုယ်ကတော့ဘောလုံးကို အဲဒီလောက်ထိဝါသနာမပါပေမဲ့ ဘောလုံးဝါသနာအိုးသူငယ်ချင်းတွေနဲ့ နေရသူမို့ အဲဒီခံစားချက်လေးကိုကောင်းသိခဲ့ပါတယ်။
အမှတ်တရလေးတွေပေါ့လေ

:P said...

မမချိုသင်း..
ပြန်လာဖတ်ပြီး ပြန်ပြုံးရတယ်



စင်စင်