အာလူး လာမပေးနဲ့..

ကိုယ်နေတဲ့အိမ်ကနေ တနာရီလောက် ကားမောင်းသွားရင် ပင်လယ်ကမ်းခြေကို ရောက်နိုင်တာပါ။ Beach တွေက အများကြီး ရှိတာမို့ beach တခုမဟုတ် တခုနဲ့တော့ နီးနေတာပါပဲ။ အမြဲတမ်းမဟုတ်တောင် တခါတလေ သွားဖြစ်ပါတယ်။

ကမ်းခြေဆိုလို့ ငယ်ငယ်က ငပလီကို ရောက်ဖူးချင်တာ သွားသတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ၆တန်းလောက်ပဲ ရှိအုံးမယ်။ သတင်းစာထဲမှာ ငပလီကမ်းခြေကို အပျော်ခရီး ၂ညအိပ် ၃ရက် ဆိုပြီး ကြော်ငြာထားတာ တွေ့တယ်။ အဲဒီတုန်းက အမေနဲ့ကိုယ်နဲ့ နှစ်ယောက်အတူ သတင်းစာ ဖတ်နေကြတာ။ မနက်ခင်း အေးအေးလူလူပေါ့။

အဲဒီမှာ အမေက ပြောတယ်။ အမေတို့လဲ ငပလီ သွားရရင်ကောင်းမယ် တဲ့။ ကိုယ်က တခါမှ ငပလီမရောက်ဖူးဘူး။ ဟာ တကယ်လားအမေ ဆိုတော့ အင်းပေါ့ တဲ့။ ငပလီမှာ ပင်လယ်စာတွေ စားမယ်၊ အုန်းရည်တွေ သောက်မယ်၊ သဲတွေနဲ့ အိမ်ဆောက်မယ်၊ ရေထဲ ဆင်းဆော့မယ်ပေါ့။ ကိုယ်လဲ နားထောင်ရင်း ပီတိတွေ ဖြစ်လို့။ တွေးပြီး ပျော်နေတာ။ ဘယ်တော့ သွားမှာလဲဆိုတော့ သမီးတို့ စာမေးပွဲပြီးရင်ပေါ့ တဲ့။

ကိုယ်ကလဲ အစွဲအလန်းကြီးတဲ့သူဆိုတော့ အသေအချာ မှတ်ထားတာ။ စာမေးပွဲလည်း ပြီးရော အမေ့ကို မေးတာ၊ အမေ ငပလီကို မိသားစု သွားကြမယ်လေ ပေါ့။ အမေ က သိပ်တောင် မမှတ်မိချင်တော့ဘူး။ အမေပဲ ပြောတယ်လေ..စာမေးပွဲပြီးရင် သွားမယ်ဆို.. ပေါ့။ အဲဒီတော့ အမေက အော်..သမီးရယ်၊ အမေ စိတ်ကူးယဉ် ကြည့်တာပါ တဲ့၊ မသွားနိုင်သေးပါဘူး တဲ့၊ အလုပ်တွေနဲ့ ဘယ်သွားနိုင်ပါ့မလဲ တဲ့။

အဲဒီတုန်းက ကိုယ့်မှာ ၀မ်းနည်းပြီး ငိုလိုက်ရတာ။ ကြမ်းပြင်ပေါ်မှာတောင် လှိမ့်ပြီး ငိုတယ်။ အစ က ဘာဖြစ်လို့ သွားမယ်ပြောရတာလဲ ဆိုပြီး ပြောပြောပြီး ငိုတာပေါ့။ အခြေအနေကို နားမလည်တာ ပြောပါတယ်။ လှေနံဓါးထစ် ပေါ့။ တခုခု ပြောရင် အသေမှတ်ထားတာ။ ဒါ ဖြစ်ကို ဖြစ်ရမယ်၊ လုပ်ကို လုပ်ရမယ်ဆိုတာမျိုး။

အဲဒါကြောင့် ကိုယ့်အမျိုးသားက ကိုယ့်ကို တခုခုပြောတော့မယ်ဆိုရင် အသေအချာ စဉ်းစားပြီးမှ ပြောတာ။ သူလဲ တော်တော်ခံထားရတော့လေ..။ ဥပမာ..

ကိုယ်။ ။ လာမဲ့အပတ်ကျရင် long weekend ရှိတယ်၊ မက္ကဆီကိုဖက် ကူးကြမလား။
သူ။ ။ အင်း၊ သွားတာပေါ့ (သူက ပေါ့ပေါ့ ပါးပါးပဲ ပြန်ဖြေတယ်)
ကိုယ်။ ။ တကယ်နော်၊ ဒါဆို သွားမယ်ပေါ့နော်။ (စ ချည်နေပြီ..)
သူ။ ။ (အဲဒီအချိန်မှာ သတိ သတိ ဆိုတဲ့ Alarm က သူ့ခေါင်းထဲမှာ မြည်လာပြီ) အေးပေါ့၊ သွားချင်လဲ သွားမယ်ပေါ့၊ မသွားချင်လဲ မသွားဖြစ်ဘူးပေါ့။
ကိုယ်။ ။ ဘာဖြစ်လို့လဲ။ နီးနီးလေးပဲဟာ။ အားနေတာပဲ မဟုတ်လား။
သူ။ ။ အော် ဘာရယ်မဟုတ်ပါဘူး။ အားတော့လဲ ကူးသွားတာပေါ့။ မအားတော့လဲ မသွားဘူးပေါ့။ ကိစ္စတွေက ပြောလို့ရတာ မဟုတ်ဘူး၊ ပေါ်လာချင်ပေါ်လာမှာ..။

အဲဒီတော့ ကိုယ်လဲ ငြိမ်သွားတယ်။ စိတ်ထဲကတော့ အင်း သူတော်တော် ပါးနပ်နေပါလားပေါ့။ သူကတော့ အေးအေးဆေးဆေးပဲ။ လေတောင် ချွှန်လိုက်သေး။

ဟိုတနေ့ကလဲ သိပ်မကြာခင် လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူငယ်ချင်းတယောက်ကို သူက ရေရေလည်လည် လက်ချာပေးနေတာ။ ဘာတဲ့.. ဂတိများ လုံးဝ သွားမပေးမိလေနဲ့ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဂတိကို ကိုယ်အမြဲလုပ်နိုင်ရင် ကောင်းတယ်၊ မလုပ်နိုင်လို့ကတော့ ရှင်းပေတော့ တသက် ပဲ တဲ့။ အင်း.. ကိုယ်ခံပညာတွေ၊ ကိုယ်ခံခဲ့ရဖူးတဲ့ ပညာတွေ လေ။

သူက ဥပမာနဲ့တောင် ရှင်းပြလိုက်သေးတာပါ။ ကိုယ်တို့ ဘူမိက ဆရာတယောက်ရဲ့ အတွေ့အကြုံပေါ့။ ဆရာက သူ့ကို လက်ဆင့်ကမ်းထားတာလေ။ ဆရာ လက်ထပ်မယ် ဆိုတုန်းက ဆရာ့ကို နောင်တော့် နောင်တော်တွေက ကိုယ်ယူမဲ့ မိန်းမကို ဂတိတွေ စွတ်မပေးဖို့ အပြင်းအထန် မှာကြတယ်ဆိုပဲ။ အဲဒီတော့ ဆရာကလဲ သူမိန်းမ ယူတဲ့အချိန်မှာ စကားမလွန်အောင် သေချာ ထိန်းတယ်။ လူကလဲ အကျင့်ပါမှာစိုးလို့ ဘာမှကို ကူမလုပ်ပေးဘူး တဲ့။

မိန်းမ ထမင်းချက်နေလဲ ချက်ချက်ပဲ၊ မကူဘူး။ အကျင့်ပါလို့ နောက် အမြဲ ကူလုပ်နေရအုံးမယ် လေ။ အ၀တ်လျှော်လဲ ဒီအတိုင်းကြည့်နေတယ်၊ နောင်တော်တွေ စကား၊ အလကား ထားခဲ့တာ မဟုတ်ဘူး ပေါ့။ မိန်းမ ရေခပ်လဲ မျက်နှာလွှဲထားတယ်၊ တောင့်ထားဟေ့၊ အကျင့်မပါစေနဲ့ပေါ့။

ဒါပေမဲ့ ဘယ်နေရာမှာ လွတ်သွားသလဲဆိုတော့ အိပ်ခါနီး ခြင်ထောင် ထောင်တဲ့အခါမှာ တဲ့။ အော် ခြင်ထောင်တော့ ငါထောင်လိုက်ပါမယ်လေ ဆိုပြီး…။ အဲဒီမှာ မိန်းမက အသေ မှတ်ထားလိုက်ပြီ၊ ခြင်ထောင် ထောင်တာ သူ့တာဝန်ပေါ့။ ဆရာ့ မိန်းမက သူ့ခေါင်းထဲကို အဲဒီအချက် အပြီး ရိုက်သွင်းထားလိုက်တာ။

နောင်ကျတော့ သူ ခြင်ထောင် မထောင်ပေးရင် အိပ်ကို မအိပ်တော့ဘူး တဲ့။ ခြင်ထောင်ပဲ စိုက်ကြည့်နေတာ တဲ့။ အဲဒီတခုလေး လုပ်ပေးမိတာ အမြဲ ခြင်ထောင် ထောင်နေရရော ဆိုပဲ။

အဲဒီအကြောင်းတွေ ပြောပြနေတုန်းက စင်ကာပူမှာဆိုတော့ ကိုယ်တို့အားလုံးက အဲဒီဆရာကို ၀ိုင်းမေးကြတာပေါ့။ ဆရာအခု စင်ကာပူထွက်လာတော့ ဆရာ့ မိန်းမ ခြင်ထောင် ကိုယ့်ဖာသာ ထောင်နေရပြီပေါ့လို့။ အဲဒီတော့ ဆရာက ဖြေတယ်။ ဘယ်ဟုတ်မလဲ၊ ကိုယ်လဲ ဒီကို ထွက်လာရော မိန်းမက တအိမ်လုံး ခြင်လုံဇကာတွေ တပ်လိုက်တာ ခြင်ထောင်ထောင်စရာ မလိုတော့ဘူးလေ တဲ့။

ပြန်စဉ်းစားကြည့်မိတော့ ကိုယ်တို့ဖက်ကလဲ မမှားဘူး ထင်တာပဲ။ ဘယ်သူမဆို ကိုယ့်ကို ပြောထား၊ ဂတိပေးထားတယ်ဆိုရင် လွယ်လွယ်ပြောတယ် ဘယ်ထင်မလဲ။ ပေးတဲ့လူတွေကလဲ ယောကျာင်္းရင့်မကြီးတွေ ဆိုတော့ စကားတည်မယ် ထင်တာပေါ့။ တချို့ကျတော့လဲ ဟုတ်ပြီ ဟုတ်ရဲ့နဲ့ ပေးထားတဲ့ဂတိတွေမေ့ပြီး ဒီလောက် နှစ်တွေကြာတဲ့အထိ ရူးသလို ကြောင်သလို အတိတ်မေ့နေသလိုလို လုပ်နေရင်တော့ မမိုက်ဘူးပေါ့။ ဟုတ်တယ်မဟုတ်လား။

မိုးချိုသင်း

12 comments:

:) said...

သြော်- ဒီလိုဖြစ်ရပ်မျိုး ရှိသလား။ အင်း - ဒါဆို ကတိမပေးဖို့ မူချထားရမယ်။း)
ZarnyWin

အောင်သာငယ် said...

ဟုတ်ပါ့ဗျား -
ရူးသလိုလိုနဲ့ အစကနေ ပြန်ရေနေတာလေ
2010 ကျရင် ပြန်ရေ ဦးမတဲ့

ပန်းခရမ်းပြာ said...

ဟုတ်တယ်။ မလုပ်ပေးနှိုင်၇င် အစထဲက မပြောနဲ့ ပေါ့နော်။ ပြောပြီးရင်တော့ ဂတိတည်မှပေါ့။

myatnoe said...

ဟုတ်တယ်။ မလုပ်ပေးနှိုင်၇င် အစထဲက မပြောနဲ့ ပေါ့နော်။ ပြောပြီးရင်တော့ ဂတိတည်မှပေါ့။
မြတ်နိုးလည်းဂတိတည်မှကြိုက်တယ်
ကိုယ်လဲ တည်တယ်။ တည်နိုင်အောင်လဲကြိုးစားတယ်

M.Y. said...

ချိုသင်း..
လေးဖြူသီချင်းလေးရှိတယ်လေ..
"ရူးချင်ယောင် ဆောင်မနေ နဲ့ ...
ရူးချင်ယောင် ဆောင်မနေ နဲ့ ...." တဲ့
ပါဝါ ၅၄ album ထဲမှာထင်တယ်..

GreenGirl said...

ဟားဟားဟား ...အစ်မကတော့ လုပ်ပြီနော်။ ကွက်တိကို မှန်နေတော့တာပါပဲ။ ဆက်ရေး အစ်မရေ..အားပေးတယ်

Ko Paw said...

မင်းမှာသစ္စာ လူမှာကတိ တဲ့။ သစ္စာလည်းမရှိ၊ ကတိမတည်ဘူးဆိုရင်တော့....နအဖ ဆိုတာ....

rose said...

ရွှီး ဖြောင်းဖြောင်းဖြောင်း
မမပြောတာ မှန်တယ်ဗျို့ 

သဘာဝကျကျ ဓမ္မဓိဌာန်ကျကျ နဲ့ အရှင်းဆုံးရေးပြတာ ကောင်းလိုက်တာ

ဂျစ်တူး - gyit_tu said...

ဟုတ်ပ ကတိမတည်ချင်ရင် အစတည်းက မပြောနဲ့ပေါ့ ။ အမ ပြောတာ ထောက်ခံပါတယ်း)

တန်ခူး said...

ကျွမ်းကျင်ပါးနပ်တဲ့ အရေးအသားကို အတုယူသွားတယ် မ ရေ…

မေငြိမ်း said...

အင်း ချိုသင်းအရေးနဲ့ ကမောင်ရင်မှတ်ချက် ကွက်တိ။
ပါဝါ၅၄ကတော့ပြောတာ အမှန်ပဲ.. ရူးချင်ယောင်ဆောင်မနေနဲ့တဲ့။
တကယ်တော့ ရူးလည်း ရူးနေတာအမှန်ပါပဲ..
ဘ၀င်ရူးးးး ဟီဟိ

ညီအကိုများ said...

ဟားဟား...ဟုတ်ပါ့အမရာ....အားပေးလျက်ပါဗျို့ .. ဆက်လုပ်