ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့ ..

ကိုယ် ဒီကိုရောက်စ က မအူမလည်နဲ့မို့ အလုပ်လဲ မ၀င်သေးတော့ အဖေက ကျောင်းတက်၊ ကျောင်းတက် ဆိုပြီး ပြောပါတယ်။ ဒါနဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ Rio Hondo Community College လေးမှာ အင်္ဂလိပ်စာ နဲ့ ဘူမိဗေဒ သွားတက်လိုက်သေးတယ်။

ကိုယ်တက်ခဲ့တဲ့ကျောင်းလေးက ချစ်စရာ။ စိမ်းနေတဲ့ တောင်ကုန်းလေးပေါ်မှာ..။ တောင်အောက်ကနေ ကျောင်းသူကျောင်းသားတွေကို ဖယ်ရီကားလေးတွေနဲ့ တောင်ပေါ်က ကျောင်းကို ခေါက်တုံ့ခေါက်ပြန် သယ်ပို့ပေးတယ်။ ကျောင်းလေးက မကျယ်ဝန်း၊ မခမ်းနားလှပါဘူး။ တောင်ပေါ်မှာဆိုတော့ ရှုခင်းလေးတွေ လှတယ်။ လေကောင်းလေသန့်လေး ရတယ်။

စာကြည့်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ကိုယ်နဲ့အဖေ အမြဲထိုင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ အယ်လ်အေမြို့ကြီးကို အပေါ်စီးကနေ လှမ်းမြင်လို့ ရတယ်လေ။ ညဖက်ဆိုရင် တောင်ပေါ်ကနေ ကားနဲ့ဆင်းလာရင် အဲဒီမြင်ကွင်းကို ကိုယ်မကြည့်ငေးဘဲ မနေနိုင်ဘူး။ မီးရောင်လေးတွေက ပြိုးပြိုးပြက်ပြက် နဲ့။ မြို့ပြနဲ့တူတဲ့ တိုက်အမြင့်ကြီးတွေမရှိ၊ ရဲတင်းတောက်ပြောင်တဲ့ နီယွန်ဆိုင်းပုဒ်တွေ မရှိ၊ လမ်းမီး အိမ်မီးလေးတွေချည်း မှိတ်တုပ် မှိတ်တုပ်နဲ့ ဗမာပြည်က တောမြို့လေးတခုနဲ့ ပိုတူတယ်။

အဲဒီတုန်းက ကျောင်းသွားမယ် ဆိုတာနဲ့ ကိုယ်က စာအုပ်တွေပါတဲ့ အိတ်ကိုလွယ်၊ အဖေကလဲ ကချင်လွယ်အိတ်ကို ကောက်လွယ်တော့တာပဲ။ ကိုယ့်အမျိုးသားက အလုပ်သွား၊ ကိုယ်တို့နှစ်ယောက်က ကျောင်းသွားပေါ့။ မနက်ကတည်းက သွားလိုက်တာ ကိုယ်က အတန်းတွေ ပြေးတက်လိုက်၊ အတန်းအားချိန်လေးမှာ စာကြည့်တိုက်နားမှာ စောင့်နေတဲ့ အဖေ့ဆီ ပြေးသွားလိုက်။ စကားပြောလိုက်၊ ရှုခင်းကြည့်လိုက်၊ အဖေက တခါတလေ ခုံတန်းလျားလေးမှာ စာအုပ်လေးဖွင့်ပြီး ကဗျာစပ်လို့။

ကိုယ်တို့ သားအဖကို တကျောင်းလုံး သိကြပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများနဲ့ မတူ၊ ထူးဆန်းနေတာကိုး။ ဒီအရွယ်၊ ဒီကျောင်းမှာ ဘယ်သူမှ မိဘ မလိုက်တော့တာရော၊ အဖေက ပုဆိုးပဲ အမြဲဝတ်တာမို့ သူတို့အမြင်မှာ ထူးဆန်းနေပါလိမ့်မယ်။ ဘယ်တိုင်းပြည်ကလဲ၊ ဘာလူမျိုးလဲ လာ လာမေးတတ်တယ်။ ယောကျာင်္းကြီးက စကပ်လိုလို ဘာလိုလိုကြီး အမြဲဝတ်ထားပြီး ကချင်လွယ်အိတ်တလုံးကလဲ အမြဲပုခုံးမှာ ချိတ်လို့။ သမီးကလဲ ပုံတုံးတုံး၊ သူတို့သားအဖ နှစ်ယောက်ပဲ စကားပြောလိုက်ကြ၊ ရီလိုက်ကြနဲ့။

အခု Fall ရာသီ ရောက်တော့မှာမို့ အဲဒီအချိန်တွေကို ပြန်သတိရမိပြီး အဲဒီတုန်းက အဖေ စပ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး။


ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့

ရီယိုဟွန်ဒို ကောလိပ်…တဲ့
တောင်ထိပ်က ထန်းပင်
ပန်းနုရောင်လွင်လွင် ပန်းပင်တွေနဲ့
လွမ်းချင်စရာ တက္ကသီလာ။

သမီး ချိုကလေး နဲ့
ခရီးတို ပြေးပြီး
ဟို အဝေးက ပြာမှိုင်းမှိုင်းနဲ့
မြူခြေတွေက ခပ်ဆိုင်းဆိုင်း
စစ်ကိုင်းတောင်ကို သတိရ
မန္တလေးတက္ကသိုလ်ကိုလဲ သတိရနဲ့
လွမ်းစတွေ ငင်
လွမ်းကြိုးမျှင် စောင်းခတ်
ကျောင်းပတ်ပတ်လည် ခံစားပြီး
ကျောင်းတံခါးကို ၀င်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်မှ ရီယိုဟွန်ဒိုကောလိပ်သို့
သမီးကလေးချို ပညာသင်တော့
အကြင်နာဝင်တဲ့ ဖခင်ပါလိုက်ပြီး
စာကြည့်တိုက်နား ရစ်သီ ရစ်သီ
ရင်ပြင်ဆီ ရစ်ဝဲ ရစ်ဝဲ နဲ့
အကဲ တခတ်ခတ်
အသည်း တဖျတ်ဖျတ်နဲ့
အမြဲမပြတ် စောင့်ကြည့်နေမိတယ်။

ပီဇာ ဟမ်ဘာဂါ မုန့်ဆိုင်မှာ
သားအဖ နှစ်ယောက် အပြိုင် စား
ခုံတန်းလျားမှာ ခဏနားပြီး
ကျောင်းသားဘ၀ ပြန်လည်ရသလိုလို။

တို့ နိုင်ငံ တို့ တက္ကသိုလ်မှာ
နုပျိုသူ ငယ်ရွယ်သူကလေးတွေကို
ပိုးမွေးသလို မွေးပါ့မလား။
တို့အရေး တွေ ဟစ်အော်
တကြော်ကြော် တောင်းဆိုရင်း
ကျောင်းထဲကို မရောက်
မြောင်းထဲကို ရောက်သွားကြလေရော့သလား။

မနက်ကြည်ကြည်မြ အချိန်မှာ
မျက်ရည်ကျမိပါတယ် သမီးလေးရယ်။

မြန်မာအပေါင်း၊ ကံကြမ္မာ ကောင်းပါစေလို့
ကျောင်းရိပ်မှာ ဒေါင်းနိမိတ် တမြင်မြင်နဲ့
ဆုပန်ဆင်ပါရစေတော့ ။ ။

တင်မိုး
၁၇၊ ၈၊ ၂၀၀၄


အဖေ့ အရိုးပြာအိုးလေးကို အဖေသဘောကျတဲ့ အဲဒီကျောင်းလေးနားက Rose Hill ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ ထားထားပါတယ်။ တနေ့ မြန်မာပြည် ငြိမ်းချမ်းရင် အဖေ့ကို အိမ်ပြန်ပို့မယ်လေ။ အခုတော့ ဧည့်သည်ကြီး အိမ်မပြန်နိုင်ရှာသေးဘူး..။ ။

မိုးချိုသင်း

30 comments:

GreenGirl said...

ဖတ်ပြီးတော့ စိတ်ထဲမှာ တစ်မျိုးပဲ။ စိတ်မကောင်းသလိုလို...

thae said...

SO TOUCHING...!!!

Kay said...

မချိုသင်းရေ-
တကယ်ပါ..ဆရာကြီး ရဲ့.. ရင်ထဲက..ခံစား ချက် တွေ ကို အတိုင်းသား မြင်.. ထပ်တူထပ်မျှ ခံစား လိုက် ရတယ်။ တနေ့ပေါ့လေ-

SMN said...

ချိုသင်းရေ။ တိုက်ဆိုင်မှုရှိတိုင်း လွမ်းမိပါတယ်။ KM

ပီတိ said...

အမရေ… ဆရာကြီး တခြားတိုင်းပြည်ရောက်နေတုန်း မန္တလေးတက္ကသိုလ်လွမ်းတာလည်းမပြောနဲ့ မေမေဆို အခုအချိန်အထိ မန္တလေးတက္ကသိုလ်ကိုလွမ်းတုန်း။ ရေနီမြောင်းက အစ ရွှေမန်းဆောင်အဆုံး၊ အကြောင်းတွေ ပြောနေတုန်းပဲ။

ကဗျာကတော့ ဆရာကြီးရဲ့ ခံစားချက်ကို ထင်းနေအောင်မြင်ရပါတယ်…

ဧည့်သည်ကြီးလည်း မကြာမှီ အိမ်ပြန်ရောက်တော့မှာပါ။ မနက်ဖြန် သို့မဟုတ်….

ဖုန်း မြင်. said...

ဧည့်သည်ကြီး အိမ်အမြန်ပြန် ရောက် နိုင်ပါစေ
ဗျာ...

အောင်သာငယ် said...

မျက်ရည်ကျတယ်ဗျာ... ဒါပဲ ပြောနိုင်တော့တယ်

M.Y. said...

အဖေနဲ့ သမီးကြားက အင်မတန် နူးညံ့သိမ်မွေ့ တဲ့မေတ္တာတရားကို လွမ်းလွမ်းဆွတ်ဆွတ်ရသွားတယ်..ရှားပါးကဗျာလေးဖတ်ခွင့်ရလို့ ကျေးဇူးလဲတင်တယ်။

ဘယ်နေရာရောက်ရောက် ကချင်လွယ်အိတ်ကလေး လွယ်လွယ်ထားတဲ့ မြန်မာ identity မပျောက်တဲ့ဆရာကြီးကို လေးလဲလေးစား၊ နှမျောလဲနှမျောသွားတယ်။

ဟိုးဝေးဝေး မိုင်တွေထောင်ချီ ဝေးတဲ့ ကမ္ဘာတစ်ဖက်အခြမ်း ကနေ ရန်ကုန် တက္ကသိုလ် က ကျောင်းသားတွေ အဖြစ် ကိုလှမ်းမျှော် ရင်း မျက်ရည်ကျခဲ့ ရတဲ့ဆရာကြီး ရဲ့ အရိုးအိုးလေးက နေရာမှန် မြန်မာပြည်မှာပဲအမှန်တော့ အထိမ်းအမှတ် ကျောက်ရုပ် ကျောက်တိုင်စိုက်ထူပြီး တခမ်းတနား ဂုဏ်ပြုထားရမှာပါ။မြန်မာစာပေလောက အတွက်သာမက၊ မြန်မာကလေးတွေစာတတ်ဖို့ ပေးခဲ့တဲ့ကျေးဇူးဂုဏ်က နည်းမှမနည်းပဲကိုး..

ယုံကြည်တယ်..
တနေ့ တော့နေရာမှန်ရောက်ကိုရောက်ရမှာပါ။

MyowinZaw said...

ဧည့်သည်ကြီးအိမ်မြန်မြန်ပြန်ရောက်ပါစေလို့ ဆုတောင်းပါတယ် မမိုးချိုသင်းရေ

အယ်ဇီ said...

မျက်ရေ ကျရပါတယ်..

အယ်ဇီ

sin dan lar said...

Sayama,
i miss Sayagyi.

ဂျစ်တူး - gyit_tu said...

အမ.. ဖတ်ပီး ၀မ်းနည်းမိတယ် ။ တချိန်တည်းမှာ ကဗျာကို အပြည့်အ၀ ခံစားသွားပါတယ် ။

khin oo may said...

သူလို နာမည်ကြီူး ကတို.ကို ကြ်ုက်တယ်ဆိုတော.ဝမ်းသာလိုက်တာ thank you

My Wonderful Moral Thoughts said...

်ဦးတင်မိုးကို ၂ခါအပြင်မှာ မြင်ဘူးတယ်။ London မှာပေါ့။ ပုဆိုးနဲ့ လွယ်အိတ်နဲ့ ဆေးလိပ်တိုလက်ကြားညှပ်လို့ အမြင်က Unique ဖြစ်နေတာအမှန်ပဲ။

ဖတ်ပြီးတော့ ရင်ထဲမှာ တစ်မျိုးပဲ။
စိတ်မကောင်းသလိုလို...

အဆင်ပြေ ပျော်ရွှင်ပါစေ။
စိုးမြနန္ဒာသက်လွင်

Ko Paw said...

ဟုတ်တယ်.....မြန်မာအပေါင်း တကယ်ဘဲ ကံကြမ္မာကောင်းကြပါစေတော့...လို့ဘဲ ဆုတောင်းရတော့မှာပေါ့ဗျာ။ ကံဆိုးခဲ့ရတာ နှစ်တွေလည်း ကြာခဲ့ပြီကိုး။ ဆုတောင်းရုံသက်သက်နဲ့ ပြည့်ချင်မှလည်း ပြည့်မှာမို့ ကိုယ့်သားကိုယ့်မြေးကိုယ့်မြစ် နောင်မျိုးဆက်သစ်တွေအတွက် အမွေကောင်းကောင်းပေးချင်ရင် ကိုယ့်လက်ထက်မှာကတည်းက ကိုယ်တတ်စွမ်းသမျှ ကြိုးစားကြတာပေါ့။

သက်ဝေ said...

Nice Poem & Very Much Touching...!!!

AP said...

Cho Thinn

Really touching!!! I strongly believe that Syar Gyi will be rest in peace soon.

mathetzin said...

ဖတ်သွားပါတယ်..ပျော်ရွှင်အဆင်ပြေပါစေ..

sin dan lar said...

Sayama,
I visit ur blog 2 times hoping new post.
Aren't u free 2day?

Harry said...

ဆရာကြီးကို ထာဝစဉ် ရိုသေလေးစားစွာ ဦးချကန်တော့ လျှက်ပါခင်ဗျာ ...
ကျနော်ဟာ ဆရာကြီးရဲ့ ပျိုးခင်းတေးသံနဲ့ မြန်မာစာကို စတတ်ခဲ့တာပါ
ကျနော်တို့ရင်ထဲမှာ ဆရာကြီးဟာ ထာဝရရှင်သန်နေမှာပါ

ခင်မင်းဇော် said...

ချိုသင်းတော့ ပျော်နေပြီ ဘလော့လောကမှာ စီဗုံးတပ်တော့လေ...။

Khin Ma Ma Myo said...

အစ်မရယ်။ အစ်မပို့စ်လေးကိုဖတ်ပြီးတော့ဆရာကြီးကို သတိရစိတ်နဲ့ မျက်ရည်ကျမိတယ်။ ဆရာကြီးကို လန်ဒန်မှာ ကန်တော့နှုတ်ဆက်တုန်းကလေ “ငါ့သမီး။ ကြိုးစား၊ ကြိုးစား” ဆိုပြီး အားပေးခဲ့တာကို ဒီတသက်မေ့နိုင်မှာ မဟုတ်ဘူး။ ဧည့်သည်ကြီးအိမ်အမြန်ပြန်ရောက်နိုင်အောင် ကျွန်မတို့အစွမ်းကုန်ကြိုးစားပါ့မယ်အစ်မရယ်။

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

တရားကိုချစ်ရင်တော့ဓါးကိုပစ်လို့မရဘူးနဲ့တူတယ်။
ဗမာပြည်ပြန်ပြီးအဲ့သလိုပျော်စရာတွေ၊ရယ်စရာတွေပြောနေချင်တယ်။ ခုတော့လည်းအလွမ်းဖြေသလိုမျိုးပေါ့။ ဒါပေမဲ့ပင်လယ်ကမ်းခြေမှာလမ်းလျှောက်ရင်းတခုခုဟာနေသလိုမျိုးပဲ။ လွမ်းရတာတောင်တထင့်ထင့်နဲ့။
အောင်မိုးဝင်း

rose said...

မမရယ်
ဆရာကြီးလို စိတ်မျိုး မြန်မာပြည်အုပ်ချုပ်သူတွေထဲက တစ်ဝက်မှာပဲရှိအုံး သမီးတို့တွေ ကိုယ့်တိုင်းပြည်မှာ အေးအေးဆေးဆေး ပျော်ပျော်လေး နေနိုင်မှာ နော်
အခုတော့
ဆရာကြီးလိုကောင်းတဲ့လူတွေလဲ အနားယူသွားကြပြီ မကောင်းတဲ့လူတွေကလဲ ရှင်သန်ဆဲပဲ အောင်မြင်အောင် ကြိုးစားသူချင်းလဲ နားလည်မှုတွေလွဲနေတယ် ရွှေပြည်တော် မျှော်လေတိုင်းဝေး ဖြစ်နေပြီ

တန်ခူး said...

မ ရေ… ငိုမိတယ်… လွမ်းမိတယ်… တမ်းတမိတယ်…

Nay Paing Oo said...

အမရေ ကျွန်တော်ဘလော့တွေလိုက်ဖတ်တာ တော်တော်များသလို တော်တော်လဲကြာနေပါပြီ ကိုယ်တိုင်တော့မရေးနိုင်သေးပါ ဒါပေမဲ့ စာတပုဒ်ကို ဖတ်ပြီးမျက်ရေကျမိတာဒါပထမဆုံးပါ ဒါကြောင့်ဘယ်ဘလော့မှာမှ မရေးဖူးတဲ့ ပထမဆုံး ကော်မန်ဝင်ရေးလိုက်တာပါ

phyophyo said...

now i writing this comment at the same time my tears are out because of your's father care u a lot also his loneliness. I miss him a lot him and his poems. Now in our country, less o really creativity artists are very less already. At the same time, i would like to say please don't stop on your blogging. I really admire ur literature because simple and clear. You can comment me i can not adapt on high class literature, but do not know i really like clear and simple..... thank....

ကောင်းကင်ကို said...

ဆရာကြီးရဲ့ ကဗျာလေး ထိတယ်ဗျာ။

"တို့ နိုင်ငံ တို့ တက္ကသိုလ်မှာ
နုပျိုသူ ငယ်ရွယ်သူကလေးတွေကို
ပိုးမွေးသလို မွေးပါ့မလား။
တို့အရေး တွေ ဟစ်အော်
တကြော်ကြော် တောင်းဆိုရင်း
ကျောင်းထဲကို မရောက်
မြောင်းထဲကို ရောက်သွားကြလေရော့သလား။"

အဲဒီ့ အပိုဒ်လေး ဖတ်ပြီး အရမ်းဝမ်းနည်းမိတယ်။

D Soe said...

အမရေ...ဒီ post လေးဖတ်ပြီး ကျွန်မမှာ ငိုလိုက်ရတာ...။

myanmarpyithar said...

hi
hello
i can read this comment,
now i crying.......please i will try , i can seen one day ...hoping your father..