အချက်များစွာဖြင့်..

ဒီနေ့တော့ တနင်္ဂနွေနေ့။ မနက်ခင်းမှာ ၈လေးလုံး နှစ် ၂၀ပြည့် ဆွမ်းကျွေး တက်တယ်။ မိတ်ဆွေတွေနဲ့တွေ့၊ အရောင်တူချင်း ဆုံကြတော့ ကိုယ်လုပ်ချင်တာတွေ ပြောကြ ဆိုကြ တိုင်ပင်ကြနဲ့မို့ နေ့လည်ကို ရောက်မှန်းမသိ ရောက်သွားတယ်။ ပြီးတော့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ စိတ်ဒဏ်ရာတွေ၊ အမှန်တရားကို ချစ်တဲ့စိတ်တွေ တပွေ့တပိုက်နဲ့ ပြန်လာခဲ့ကြတယ်။ လွတ်လပ်မှ အမျှဝေပါ ဆိုရင်တော့ ကျဆုံးသွားတဲ့ အာဇာနည်တွေကို အားနာမိပါတယ်။

တပတ်မှာ ၅ရက် အလုပ်လုပ်ပြီး ခုလို စနေ၊ တနင်္ဂနွေတွေမှာ ကိုယ့်ကိုယ်ပိုင်အချိန်လေးမို့ ကိုယ်သွားချင်တာသွား၊ ကိုယ်လုပ်ချင်တာလေး အေးအေးဆေးဆေးလုပ်ရတယ်လို့တော့ မထင်ပါနဲ့။ ဘယ်သွားသွား၊ ဘာလုပ်လုပ် သွားသုတ်သုတ်၊ လာသုတ်သုတ်ပဲ။ နဂိုကမှ စိတ်မြန်ကိုယ်မြန် လမ်းလျှောက်မြန် ဆိုတော့ ဒီလဲရောက်ရော စကိတ်လေးနဲ့ သွားနေတာ မတွေ့ရတာပဲ သူများတွေ မျက်စိနောက် သက်သာတာမျိုးပါ။ ပတ်ဝန်းကျင်ကို ညှာလိုက်တာ ဆိုပါစို့။

ဟင်းချက် အ၀တ်လျှော် အကုန် ဒီနေ့တွေမှာမှ စု လုပ်ရတယ်။ ဟင်းကို တပတ်စာ ဒါမှမဟုတ် ၃ရက်စာလောက် ချက်ပြီး ဗူးလေးတွေနဲ့ ခွဲပြီး ရေခဲသေတ္တာထဲ ထည့်ထားရတယ်။ ဟင်းချက်တာကို ပြောရမယ်ဆိုရင်လဲ ကျွမ်းကျင်အဆင့် ဘိတ် လောက် ရှိတော့ကာ (ဘိတ်ဆုံး ကို ပြောတာပါ) တော်တော်ပဲ ပညာပါတယ် ပြောရမှာပေါ့။

စ ချက်တော့မယ်ဆိုရင် လှည့်ပတ် ပျိုးနေတာကိုက အကြာကြီး။ ပတ်ပျိုးဆိုတာ ဒါကို ပြောတာလား မသိ။ ချက်ချင်လာအောင် ကိုယ့်ကိုယ်ကို ချော့ နေတဲ့သဘော။ စတော့မယ် ရယ်ဒီ ဆိုရင် မီးဖိုချောင်မှာ အရင်ဆုံး ကက်ဆက်ဖွင့်လိုက်တယ်။ သီချင်း တပုဒ် နှစ်ပုဒ်လောက် ဆိုလိုက်ရင်း စာအုပ်စင်က ဟင်းချက်နည်းစာအုပ်ကို ယူပြီး (နေ့စဉ်ဖတ်နေကျကို)အခုမှ ဖတ်ရလို့ အသစ်ပဲ ဖြစ်နေသလိုလို နဲ့ လေးလေးစားစားကို ဖတ်လိုက်တယ်လေ။

တချို့ကပြောကြတယ်။ ဟင်းချက်တာများ လွယ်လွယ်လေး၊ စကားထဲ လုပ်ပြောမနေရပါဘူး တဲ့။ ပါရမီရင့်တဲ့လူတွေအတွက်တော့ မှန်မှာပါ။ လေးလဲလေးစားပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တော့ ကံခေတယ်ပဲ ပြောရမလား၊ ပါရမီ နည်းလွန်းပါတယ်လေ။

အိမ်မှာများ ဆွမ်းကျွေး လုပ်ရင် ဘုန်းဘုန်းဘုရားက အရင်ဆုံး မိန့်ရှာတယ်။ ဘယ်ဆိုင်မှာ မှာမလဲဟေ့ တဲ့။ ဒကာမလေးတော့ မချက်ပါနဲ့ လို့ ဆစ်ကနယ်လ် ပြတဲ့သဘော။ ၀င်္က၀ုတ္တိတွေ သိပ်သုံးတဲ့ သဘော။ သွယ်ဝိုက်အားပေးတယ်လို့ ယူသော်ရ၏ ပေါ့။

ဒါပေမဲ့ ကံဆိုးတာလား၊ ကံကောင်းတာလားတော့ မသိ။ ကိုယ်က ချက်ချင် ကျွေးချင် မွေးချင်စိတ်တော့ အတော် ရှိသူပါ။ ဒါကြောင့်မို့ ကိုယ်များ အသိတယောက်ယောက်ကို ဒီဟင်းလေး ဘယ်လို ချက်ရသလဲ လို့ နည်း မေးနေရင် ကိုယ့်အမျိုးသားက ဘေးကနေ မျက်စိ မျက်နှာတော်တော် ပျက်နေပြီ။ ရင်ထဲမှာလဲ တဒိန်းဒိန်း ခုန်နေလောက်ပြီ၊ သူ စမ်းချက်တော့မယ်၊ သူစမ်းချက်တော့မယ် ပေါ့။

တခါတလေများ အဲလို မေးနေတုန်း ကြားဖြတ် ၀င်ပြောသေးတာ (သည်းမခံနိုင်တော့လို့ ထင်ပါရဲ့) အပင်ပန်းမခံပါနဲ့ကွာ၊ ဘာညာပေါ့။ (အဲဒါ ကြားကောင်းအောင်ပြောတာ၊ တကယ်ပြောချင်တာက “ရပ်၊ အခုရပ်၊ စမ်းချက်နေတာတွေ အခု ရပ်” အဲဒီလို ဖြစ်မှာ။) ဒီကလဲ အချင်းချင်းဆိုတော့ သိလိုက်ပြီ။ နေစမ်းပါအုံး၊ မေးနေတဲ့ဟာကို။ ကောင်းကောင်း ချက်မှာပါ ပေါ့။ Let me try one more time ပေါ့။ one more time တွေကလဲ များနေပြီဆိုတော့ကာ..။ အားတော့နာပါတယ်လေ။

ဒါပေမဲ့ အဲဒီလို သူများက အားကြိုးမာန်တက် စမ်းသပ်နေတာကို ဘေးကနေ ကူတယ်များ မထင်လိုက်ပါနဲ့။ မီးဖိုချောင်တောင် ကူရမှာစိုးလို့ ဟင်းချက်နေတဲ့အချိန် သီသီလေးတောင် ဖြတ်မလျှောက်ဘူး။ ဟင်းအရောင်လေး လှနေလို့ ပီတိဖြစ်ပြီး လာကြည့်ပါအုံး ဆိုတာတောင် မနည်းခေါ်ရတာ။ ဒါတောင် သေချာ မကြည့်ဘူး။ စိုက်ကြည့်မိရင် ကြက်သွန်ကူလှီးနေရအုံးမယ် လို့များ ထင်နေသလားမသိ။

ကိုယ်က ဟင်းချက်ရင်းတန်းလန်း ဟိုဟာလေး လုပ်လိုက်ပါအုံး၊ မီးခလုတ်လေး ပိတ်လိုက်ပါအုံးဆိုရင်တော့ အော်ပါပြီ၊ ၇အိမ်ကြား၊ ၈အိမ်ကြားပဲ။ ပိတ်လိုက်ပြီနော် ချိုသင်း..တဲ့။ အကျယ်ကြီးမှ တကယ့်အကျယ်ကြီး။ ဟယ် မီးခလုတ်လေးပိတ်တာ အဲလောက် အော်ပြောရလား ပေါ့။ တခြားအိမ်တွေကြားရင် သူကပဲ ကိုယ်ခိုင်းတာ ဖတ်ဖတ်မောအောင် လုပ်နေရပုံမျိုး။ ဘယ့်နှယ့်ဟာကြီးပါလိမ့် ပေါ့။

မတတ်နိုင်ဘူး။ ဘယ်သူကူကူ မကူကူ၊ ချက်တော့ ချက်ရမှာပဲ လို့ နှလုံးသွင်းထားပါတယ်။ သူငယ်ချင်း အမတွေကလဲ ဖုန်းနဲ့ လက်ချာတွေ အပြတ်ပေးတယ်။ အမ ပြောမယ်၊ အရင် ဆီအိုးတည်လိုက် ဆိုတာက စ တာ။ ကိုယ်ကလဲ ဒီဖက်မှာ ဖုန်းကို ကြိုးတပ်ပြီး နားထောင်ရင်း ချက်ပေါ့၊ တခါတလေတော့လဲ လုလုကွတ်ကင်း ဘလော့ဂ်ကို ဖွင့်ပြီး ကိုင်တာပေါ့။ အမကလဲ ပြောတယ်၊ တို့က လုလုလို မကောင်းတော့ ပုပု ကွတ်ကင်း ပေါ့ဟာ တဲ့။ ဟုတ်ပါပြီလေ။

အခုတော့ တိုးတော့ တိုးတက်လာပြီ ထင်တာပဲ။ သတင်းတွေထဲက အသုံးအနှုန်းနဲ့ ပြောရရင် တိုးတက်မှုဟာ စိတ်မရှည်နိုင်လောက်အောင် နှေးကွေးတယ်လို့ ပြောချင်လဲ ပြောပေါ့။ နှစ်ယောက်တည်းရှိတာ အမြင်မှန်ရပြီး အတူပေါင်းလုပ်ရင် အောင်မြင်နိုင်ပါတယ်လို့ နားလည်တဲ့သူတွေက သုံးသပ်ချင်လဲ သုံးသပ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုအခြေအနေကတော့ very poor ပဲလို့ ပြောရင်လဲ လက်ခံရမှာပဲလေ။ ဟုတ်နေတာကိုး။

မိုးချိုသင်း

11 comments:

လင်း said...

စိတ်မပျက်နဲ့ အမရေ။ လင်းလဲဒီလိုဘဲ ဟိုစမ်း ဒီစမ်း စမ်းသပ်ရင်း တူးတာတူး ပျော့တာပျော့ အဆင့်ဆင့်ကျော်ဖြတ်ပြီးတဲ့အခါ မဆိုးဘူးအဆင့်( ကိုယ့်ဟာကိုယ်ပေးထားတာ) တော့ရောက်နေပြီ။ လင်းကတော့ မလုလုမီးဖိုချောင်တို့ ရှင်မင်းတို့ဆီကနေ သွားဖတ်ပြီးချက်တယ်။
ဟီးဟီး အမအမျိုးသားက မချက်စေချင်ရင် မချက်နဲ့လေ စာပိုရေးဖို့ အချိန်ရတာပေါ့။ ပရိသာတ်တွေ အကြိုက် တနေ့ ကို တပုဒ်မကတင်ပါလား ။ လာရကျိုးနပ်အောင်လေ။
(ဒီတခါတော့ ပထမဆုံး ကွန်မင့်ပေးသူဖြစ်သွားပြီ)

AP said...

hey Cho Thiinn

Very nice and cool post, I love it. keep it up

AyeKhaing said...

Buldozer ကြီးလေ၊ သင်္ဘောပေါ် ဟင်းချက်တာ။
စ,တာပါ။
ဝက်သားဟင်းချက်တာ သိတ်ကောင်းတာပ။ဲ

yannaing said...

ဆောရီးဗျာ..ဒိနေ့အိမ်ပြန်နောက်ကျသွားတယ်
စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ ၉နှစ်ပြည့် အထိမ်းမှတ်
စာအုပ်ရောင်းပွဲတော်ကိုဘော်ဘော်တွေနဲ့သွားမွှေနေလို့
နှစ် ၂၀ ပွဲမှ မမိုးချို ရဲ့ လက်ရာလေးကို ၀င်မြည်းဖို့ အချိန်
မလောက်တော့ဘူး......
မထူးပါဘူးဗျာ..ထုံးစံအတိုင်းပဲ ထမင်းသိုး ဟင်းသိုးပဲ..
ဝင်လွှေးလိုက်တာပေါ့ ၊ လက်ရာတော့ မပျက်သေးပါဘူး
လက်ဖက်ရေကြမ်းပူပူနဲ့ဆိုလိုက်မှာလိုက်ပဲ.. ဟဲ ဟဲ

myatnoe said...

အဟီး..
တူတူပါပဲ အမရဲ့... စားဖို့ပဲ ၀ါသနာပါတာ..
ကိုယ့်ဟာကိုယ်ချက်မှ စားရမှာဆိုတော့ ဒီလိုပဲ ဖုန်းတလုံးနဲ့ ဟိုမေးဒီစမ်းချက်ရတာပါ.. တခါလေ လုလုဆီက နည်းပေါ့.. ဟဲဟဲ..
နည်းမျိုးစုံနဲ့ ကိုယ်ကြိုက်သလိုချက်တယ်ဆိုပါတော့
အခုတော့ .. အင်း.. စားလို့အိုကေပီလို့ ထင်ပါတယ်။
အမကလဲ ရေးတတ်လိုက်တာလွန်ပါရော..။
အရမ်းဖတ်ကောင်းတာပဲ။

တန်ခူး said...

မ ရေ… ဟင်းကလဲ talent ရှိမှဆိုပဲ… အိမ်က အမျိုးသားပြောတာပါ… ကျွန်မလဲ အဲဒီဘက်မှာ talent သိပ်တော့မရှိဘူး… စားဖြစ်ရုံလောက်ပဲ… သူများတွေများ အသုပ်ကလေး ခပ်ကြမ်းကြမ်းသုပ်လိုက်တာတောင် ဆွေမျိုးမေ့တယ်… သတိထားမိတာက ကျွန်မတို့ အညာသူတွေ အောက်ပြည်အောက်ရွာကသူတွေ လောက်ဟင်းချက် မကောင်းတာပဲ… ကိုယ်အိမ်ထောင်ပြုမိတဲ့သူက အောက်ပြည်အောက်ရွာကဆိုတော့ ဒုက္ခကိုရောက်ရော… အမေက ဘယ်လိုချက်တာဆိုတာက စတာပဲ… အားတော့ မလျှော့နဲ့ မ ရေ… တဖြေးဖြေးနဲ့ ကိုယ့်လက်ရာနဲ့  အသားကျလာပြီး တခြားလက်ရာတွေတောင် လျှာမတွေ့ ဖြစ်သွားမယ်…
(ဘိတ်ဆုံးဆိုတဲ့ အသုံးအနှူန်းလေးကိုတွေ့ တော့ ပြုံးမိတယ်… အညာသူဆိုတာ သက်သေပြနေတာလေ… ဆရာမခင်ခင်ထူးဆီမှာလဲ အဲလို မြင်းခြံ၊တောင်သာ၊နွားထိုးကြီးလေသံလေးတွေ တွေ့ ရတယ်… ကိုယ့်ရပ်ကိုယ့်အသုံးမို့  နားထောင်လို့ ကောင်းတာ အမှန်ပဲ)

ပီတိ said...

အမရေ.. စိတ်မပျက်ပါနဲ့ ပါရမီဆိုတာ လိုင်းကား.. အဲ…ဟုတ်ပါဘူး… လေ့ကျင့်ရင်ရပါတယ်။ ကျွန်တော်ဆိုရင် အရင်က ဟင်မချက်ဖူးဘူး၊ အပြင်ရောက်လာတော့ အမေချက်တာစားချင်တော့ အမေ့ကိုမေးပြီး မေးစမ်းချက်တာ၊ တော်တော်ဟုတ်နေပြီ။ အညာချက်တွေချက်တာလေ၊ အမလည်း စားချင်ရင်ပြော နည်းပေးမယ်။ အဲ အကိုကတော့ မျက်ခုံးလှုပ်နေလောက်ပြီ :P….

ကျွန်တော် ကောင်းကောင်းချက်တတ်တာကတော့ အညာပဲကြီးနှပ်…

cohtet said...

ဘလော့ဂ်ဂါကြီး တယ်ဟုတ်နေပါလား ..
လာလည်လိုက်ရင် အသစ်တွေ့တာပဲ
သတိထားမိတာက ချိုသင်းဘလော့ဂ်က အပြင်အဆင်အနည်းဆုံး ဘလော့ဂ် ဖြစ်မယ်ထင်တယ်၊ ကိုယ့် လက်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပုံရတယ် :P

ငထက်

သက်ဝေ said...

ဘာရေးရေး ဖတ်လို့ ကောင်းနေတာပါဘဲ...

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

အမ ရေးသမျှ မျက်စိထဲမှာ မြင်ကြည့်လို့ရပြီး အကုန်ဖတ်လို့ ကောင်းနေတာပဲ။ ဟင်းမချက်တတ်တာတော့ အစ်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီမှာလည်း မြန်မာပြည်က ပါလာတဲ့ ဟင်းချက်နည်းစာအုပ်တွေကို ခုထိ ချက်တိုင်း ဖွင့်ကြည့်ရတုန်း။း)

sandar said...

Sayama,
Whatever u write..I feel very pleased to enjoy it.
I m also very poor in cooking.:P