မေးကြည့်ချင်တယ်..

စာပြန်ရေးတော့ မိတ်ဆွေတွေ၊ ကိုယ့်ဆရာတွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုပြီး အားပေးကြတာ တွေ့လို့ ကျေးဇူးတင်မိပါတယ်။ ဒီလို အားပေးစကားတွေ ကြားရတော့ ကိုယ်ငယ်ငယ်က စာ စ ရေးဖြစ်တဲ့ အကြောင်းတွေကို ပြန်စဉ်းစားမိသွားတယ်လေ။

ကိုယ်က မိသားစုထဲမှာ စာရေးမယ်လို့ မိဘက မျှော်လင့်တဲ့ သားသမီးထဲမှာ မပါခဲ့ပါဘူး။ အဖေနဲ့ အမေက ကိုယ့်ထက်အကြီး အမတွေကိုပဲ စာရေးလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ မျှော်လင့်လောက်အောင်ပဲ သူတို့က အနုပညာကိုလဲ ပိုခံစားတတ်တယ်၊ စာလဲ ပိုဖတ်ကြတယ်။ ကိုယ်ကတော့ အငယ်ဆုံးပီပီ အမေ့နားပဲ ကပ်နေတာ။ ကြောင်တွေနဲ့ပဲ လုံးထွေး ဆော့နေတာ။

ဘယ်အချိန်မှာ စ ပြီး စာရေးချင်စိတ်ဖြစ်လာသလဲ ဆိုရင် ဆယ်တန်း စာစီစာကုံးတွေ ရေးတုန်းကလို့ ထင်တာပဲ။ အဲဒီတုန်းက အဖေက ကိုယ်တို့ သူငယ်ချင်းတွေကို အိမ်မှာ မြန်မာစာ သင်ပေးတယ်။ တပတ်ကို တခါ စာစီစာကုံး ရေးရတယ်။ ခေါင်းစဉ် ပေးလိုက်ပြီး နောက်အပတ်ကျတော့ ပြီးအောင် ရေးလာခဲ့ပေါ့။

အဲလိုအချိန်များ သိပ်ခေါင်းစားတာပဲ။ ဘယ်လိုရေးရမှန်းလဲ မသိတော့ တို့ကျောင်းသား စာစီစာကုံး ပေါင်းချုပ် စာအုပ်ကို ရှေ့ချပြီး ဟိုနည်းနည်း ဒီနည်းနည်း ကူးပြီးမှီးချလိုက်ရင် ကောင်းမလား၊ ဒါလဲ မဖြစ်သေးပါဘူးလေ၊ အဖေက တို့ကျောင်းသား စာစီစာကုံးတွေကို ရွေးချယ်တည်းဖြတ်တဲ့ အဖွဲ့ထဲမှာပါတော့ သူရွေးတဲ့စာ သူမှတ်မိနေမှာပေါ့။ အဲဒါလည်း တွေးရသေးတာ။ နို့မို့ဆို ဟိုစာကြောင်းလေးလဲ တွေ့ဖူးသလိုလို၊ ဒီအပိုဒ်လေးကလဲ ဖတ်ဖူးသလိုလို အဖေ ဖြစ်နေမှာ။

နောက်ပြီး အဖေပေးတဲ့ စာစီစာကုံး ခေါင်းစဉ်တွေက ရိုးရိုးခေါင်းစဉ်တွေလို မဟုတ်ဘဲ သူများနဲ့ မတူတဲ့ ခေါင်းစဉ်မျိုးတွေ။ နောက်တော့ ဦးနှောက်ခြောက်ပြီး ကိုယ့်ဖာသာကိုယ်ပဲ လျှောက်ရေးပစ်လိုက်တော့တာ။ စာစီစာကုံး စည်းမျဉ်းစည်းကမ်းတွေလဲ မသိတော့ဘူး။ အချက်အလက်လဲ မစုဆောင်း၊ မတင်ပြတတ်တော့ စည်းကမ်းနဲ့လဲ ကိုက်ညီမှာ မဟုတ်လို့ အမှတ်လဲ ရမှာ မဟုတ်ပါဘူး ပေါ့။

တကယ်ပဲ အမှတ်က မရပါဘူး။ သူများတွေထက် အများကြီးနည်းပါတယ်။ ဒါပေမဲ့ အဖေက စာစီစာကုံးအောက်မှာ မှတ်ချက်လေးတခု ရေးပေးလိုက်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ “ကိုယ်ပိုင်ဥာဏ်ကို သုံးသည့် သမီးပါပေ” တဲ့..။

အဲဒီကတည်းက သွားတော့တာပါပဲ။ တကုတ်ကုတ်နဲ့ ရေးတော့တာပါပဲ။ အဆင်း ဘီးတပ်ပေးလိုက်သလို ပျော်ပျော်ကြီး လှိမ့်ဆင်းသွားတော့တာ။ ဟိုနည်းနည်း ဒီနည်းနည်း ရေးလိုက်၊ အမေ့ကို သွားပြလိုက်။ အမေက အားပေးလိုက်၊ နောက်တပုဒ် ထပ်သွားရေးလိုက်။

ကိုယ်က အမေကိုကပ်တဲ့ သမီးဆိုတော့ ဘာရေးရေး အမေ့ပဲ ပြတာ။ ဖတ်ခိုင်းတာ။ အဖေ့ကို မပြဘူး။ ဘာဖြစ်လို့ မပြရတာလဲဆိုတာလဲ အကြောင်းရှိတယ်။ ဒီလိုလေ..

အစက ကဗျာပါ ရေးမလိုလို လုပ်လိုက်သေးတာ (စာဖတ်သူတွေ အင်မတန် ကံကောင်း သွားတာပါ။) တနေ့တော့ ကဗျာလေး တပုဒ်ရေးပြီး အဖေ့ကို တိတ်တိတ်လေး သွားခေါ်တယ်။ အဖေ လာဖတ်ကြည့်ပါအုံးပေါ့။ အဖေက ဖတ်တယ်၊ ကဗျာက ၇ကြောင်းလောက် ရှိတာ။ အဖေက ဖတ်တာ မပြီးဘူး။ တော်တော်ကြာတယ်။

ကိုယ်ကလဲ အဖေ့မျက်နှာကို စိုက်ကြည့်နေတယ်။ စိတ်ကလဲ လှုပ်ရှားလို့။ အဖေက ဖတ်ပြီးသွားတော့လဲ ပြန်ထပ်ဖတ်တယ်။ အထပ်ထပ်ဖတ်တယ်။ ကိုယ်ကလဲ ကြည့်နေတုန်းပဲ။ နောက်တော့ အဖေ လက်လျှော့သွားပုံရပါတယ်။ အားပေးချင်စိတ် အပြည့်နဲ့မေးလိုက်တယ်၊ “သမီးဟာက ဘာလဲ၊ မော်ဒန်လား” တဲ့ ...။

“မဟုတ်ဘူး အဖေ၊ ချိုသင်းက သခင်ကိုယ်တော်မှိုင်းတို့ ရေးသလို လေးချိုးကြီးလို ရေးထားတာ..” ဟ ဒါဆို အဖေ နားလည်တဲ့ဟာမျိုးပေါ့လို့ စဉ်းစားသလား မပြောတတ်ပါဘူး။ ခေါင်းတော့ ကုတ်လိုက်တယ်။ ပြီးတော့ ပြန်ဖတ်ပြန်ရော။

ကိုယ်လဲ သဘောပေါက်လိုက်ပါတယ်လေ။ အဲဒါနဲ့ စာတိုပေစတွေပဲ လျှောက်ရေးနေတော့တာ။

ဒီဘလော့ဂ်လေး လုပ်မယ်ဆိုတော့လဲ တချို့ မိတ်ဆွေတွေက အဖေ့ကဗျာနံမည်လေး ဖြစ်တဲ့ ဖန်မီးအိမ်လို့ နံမည်ပေးပါလား ပြောကြသေးတယ်။ ကိုယ့်အမျိုးသားက တခြားဟာ ဘာမှ ၀င်မပြောပေမဲ့ ဒီတခုကိုတော့ အပြင်းအထန် ကာကွယ်ပါတယ်။ “အဖေပါ ရော နံမည်ပျက်နေမယ်၊ ချိုသင်းက စိတ်လိုက်မာန်ပါတွေ လျှောက်ရေးရင် ဒုက္ခ” တဲ့။ ကိုယ့်နံမည်နဲ့ပဲ လုပ်ပါလေ တဲ့။

တနေ့နေ့ကျရင်ပေါ့ ။ သံသရာတကွေ့ကွေ့မှာ ဆုတောင်းပြည့်လို့ ဒီအဖေ၊ ဒီအမေရဲ့ သားသမီး ပြန်ဖြစ်ခွင့်ရရင် မေးစမ်းကြည့်ချင်ပါတယ်။
စာစီစာကုံး ရေးရအုံးမလား၊ လေးချိုးကြီးရော ဖတ်ချင်သေးလား လို့။


မိုးချိုသင်း

13 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ညီမတို့ကတော့ အမရေးတဲ့ စာတိုပေစတွေကိုပဲ ဖတ်ရတာကြိုက်လို့ ပုံမှန်လာဖတ်ဖြစ်နေပြီ။

အောင်သာငယ် said...

စာစီစာကုံးပဲရေးလို့ ပြောမယ်ထင်ပါရဲ့ဗျာ

လင်း said...

နှစ်ရက်တောင်ပျောက်နေတာ အမက လွမ်းနေတာကိုး။ စာရေးမယ်လို့ မိဘကမျှော်လင့်တဲ့အထဲ မပါပေမဲ့၊ သွေးထဲမှာပါလာပြီးသာဆိုတော့၊ နောက်တခါ ဒီအဖေအမေရဲ့ သမီးပြန်ဖြစ်ခွင့်ရရင်လဲ ခုလိုပဲ အဖေ့ ခြေရာနင်းမဲ့သမီးလေးလုပ်လို့ ပြောမှာပေါ့ အမရဲ့။

ပီတိ said...

အမရေးတာလေးဖတ်တော့ ငယ်ငယ်ကလည်း အဲလိုအဖြစ်တွေကို သတိရမိပါတယ်။
မေမေကလည်း ကျွန်တော့်ကို စာရေးလိမ့်မယ်လို့မထင်ဘူး ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကို မြန်မာစာ စာစီကာကုံးကိုရေးခိုင်းရင် ကျွန်တော်ကပျင်းတော့ မရေးဘူး။ နောက်တော့ အတင်းရေးခိုင်းတော့မှ ရေးချင်တာရေးတော့တာပဲ။ ခေါင်းစဉ်ကလည်း မေမေ့စိတ်ထဲရှိတာပေးတာပဲ၊ ကျွန်တော်ကလည်း စိတ်ထဲရှိတာရေးတာပဲ။

မေမေကတော့ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှာ ဆရာကြီးတင်မိုး ဥက္ကဋ္ဌ ၊ ဖြစ်နေတုန်းမှာ အသင်းဝင် တယောက်လို့ပြောဖူးပါတယ်။

အမရေ… သမီးရေးချင်သာရေးပါ လို့ ပြောမှာပါပဲ။

winlatt said...

အမရေ..
ပြောပြချင်တာလေးတွေ အားလုံးကို ရင်ထဲမှာ စုပုံထားပြီး အနားကလူတစ်ယောက်ထဲကိုမဟုတ်ဘဲ အများကို ပါပြောပြတော့ ကျေးဇူးအရမ်းတင်ပါတယ်..။
အမြဲတမ်းလာဖတ်ပါတယ်..။လင့်လုပ်ထားပါတယ်...။
ကျန်းမာပါစေ..။

yannaing said...

ပျောက်နေလို့.. သွေးများတိုးနေလားလို့စိုးရိမ်နေတာ
တုကလိုက်မေးနေတာကို အင်း..ကျွန်တော်အထင်ပေါ့..
ဖေ့မျက်နှာကို အိုးမဲသုတ်နေတယ်လို့ပြောမယ်ထင်တယ်
ဟီး..ဟီး. ( နောက်တာပါ ) အဲဒီ ကဗျာကို တင်လိုက်လေ..

Ko Paw said...

ဆရာတင်မိုးက ကလေးရဲ့ ၀ါသနာကို အားပေးအားမြှောက်ပြုတာ မှန်ကန်တယ်လို့ ယူဆပါတယ်။

ကျနော်ငယ်ငယ် (ခုနစ်တန်းလောက်က) အိမ်သာတွေအကြောင်းကို သဲအိမ်(မောင်နေ၀ါ)တို့ စတိုင်မျိုး ဗလာစာအုပ်ထဲမှာ ကိုယ့်ဟာကိုယ်ရေးထားတာ အစ်မတွေ တွေ့သွားတော့ ဖတ်ကြပြီး အပြတ် ဟားကြတာ၊ တဟီးဟီး၊ တဟားဟားနဲ့။ ဒီကကောင်က ရှက်လွန်းလို့ အညာစောင်ကို ခေါင်းမြီးခြုံပြီး အိပ်ချင်ယောင်ဆောင်နေရတယ်။ အဲသည်နောက် လက်တွန့်သွားပြီး တော်တော်နဲ့ စာပြန်မရေးဖြစ်ဘူး။

myatnoe said...

အမ.. ရေဒတဲ့စာတိုပေစတွေ
ကြိုက်လွန်းလို့ ပါ...။
နေ့တိုင်းလာဖတ်တယ်..
မရောက်ရင်လဲ reader နဲ့ ဖတ်နေဖြစ်တယ်

ဖုန်း မြင်. said...

အမရဲ့ အက်ဆေးလေးတွေက ဆွဲဆောင်မှု ပိုရှိတယ်ဗျ...

မြန်မာ ဘလော့ဂါ ဆိုဆိုက်တီး ထဲမှာ အမတို့ လို လူမျိုးတွေရောက် လာတော့ ဘလော့ လောက ကြီး ပိုမိုစည်ပင် လာ တာပေါ့ဗျာ

linoo2007 said...

အဟဲ..... လေးချိုးကြီးကို ဖတ်ချင်သားဗျ.... လေ့လာဖူးလို့ပါ.....

ကလိုစေးထူး said...

အမရေးပြီး ဆရာကြီး ခေါင်းကုတ်ခဲ့တဲ့ အဲဒီလေးချိုးကိုပါ တင်ပေးပါလား။ :D ဖတ်ကြည့်ချင်တယ်၊ ဆရာကြီး ဒီလောက်တောင် ခေါင်းကုတ်တယ်ဆိုတော့ နှယ်နှယ်ရရ ကဗျာတော့ မဖြစ်နိုင်လောက်ဘူး။

တန်ခူး said...

ကျွန်မလဲ မ လို စာစီစာကုံးက စပြီး စာရေးချင်တဲ့ ပိုးစတာပဲ… မ က ကလောင်စွမ်းထက်တဲ့ စာရေးဆရာကောင်း တယောက်ပါ…

sandar said...

Sayama,
Can u post ur poem (lay-Choe-Gyi) ?
We want to taste it.
:D