လမ်းပျောက် မြေပုံ

သောကြာနေ့ညနေတွေမှာ အဖေရယ်၊ သူရယ် ကိုယ်ရယ် ရုံးအပြန်ဆို ညစာကို အပြင်မှာ ကြုံသလိုစား ၊ ပြီးရင် ကော်ဖီဆိုင် (စတားဘက်ခ်စ် ပေါ့) ကို ညမိုးချုပ်ထိ ထိုင်၊ တနေ့လုံး ကြုံတွေ့ရသမျှတွေ သားအဖတွေ ပြောကြ ပေါ့။ အခုလို နွေရာသီညနေတွေဆို သိပ်ထိုင်လို့ကောင်းတာ။ သိပ်လွမ်းဖို့ကောင်းတာ။ နေကလဲ တော်တော်နဲ့ မ၀င်တော့ ည၈နာရီလောက်အထိ လင်းတုန်း။ နောက်နေ့ဆိုရင် စနေ၊ တနင်္ဂနွေ ဆိုတော့ ညနက်လဲ ကိစ္စမရှိဘူးလေ။

နောက်တော့ အဖေမရှိတော့ တယောက်ပဲ့သွားလို့ နှစ်ယောက်တည်း ကော်ဖီဆိုင် ထိုင်ကြတယ်။ ကိုယ်နဲ့သူနဲ့က အိမ်မှာလဲ အချိန်ပြည့်၊ ရုံးမှာလဲ အတူတူ၊ အလုပ်လုပ်တော့လည်း တခန်းတည်း၊ ပြန်တော့လဲ ကားတစီးတည်းဆိုတော့ တယောက်နဲ့ တယောက် သိပ်မတွေ့ရလေတော့ စကားလက်ဆုံ ပြောမကုန်ဘူး ဆိုပါတော့။ တွမ်တီဖိုး ဆဲဗင်း လေ။ ၂၄ နာရီ ၇ရက် ဂျူတီဆွဲထားသလိုမျိုး။

တညတော့ ကော်ဖီဆိုင်က ညဖက်ကြီးပြန်လာတော့ လမ်းမှာ ဒီနေရာလေးတွေ မြင်ဖူးသလိုလို ရှိတယ်လို့ ထင်မိလို့ သူ့ကို လှမ်းပြောမိတယ်။ ဒီနေရာကို ချိုသင်းတို့ ရောက်ဖူးတယ် မဟုတ်လား၊ မှန်မှန်ပြော ပေါ့လေ။ အဲဒီအခါ သူက ဘာပြန်ပြောသလဲ ဆိုတော့ “အေးဟေ့၊ အဲဒါ အိမ်ဘေးနား ကိုရောက်နေတာ၊ ၄ နှစ်လောက် နေလာတာ ခုထိကို မမှတ်မိသေးဘူး” တဲ့။ ကိုယ်လဲ လန့်သွားတာ၊ တမိနစ် ငြိမ် ပေါ့။

ကယ်လီဖိုးနီးယားမှာ အဆိုးဆုံးက လမ်းပန်းဆက်သွယ်ရေးပဲ။ ဘတ်စ်ကားရှား၊ တက်စီ မတွေ့မိ၊ ရထား ခပ်ကြဲကြဲပဲ။ နယူးယောက်ခ်တို့လို မြေအောက်ရထားလိုင်းတွေလဲ ထားလို့မရတော့ (ငလျင်ဧရိယာဆိုတော့) ဘယ်သွားသွား ကားရှိမှ ခြေထောက်ရှိသလိုပဲ။ ကားမမောင်းတတ်တဲ့သူဆို သူများကို မှီခိုနေရရော။ နောက်ပြီး traffic ဖြစ်တဲ့နေရာမှာလဲ ကမ္ဘာမှာ နံမည်ကြီး။ လမ်းတွေကလဲ ပွစိ ကိုတက်လို့။

အဲဒီလို အရပ်ဒေသမှာ အခြေချမိပေမဲ့လည်း ကိုယ်က ကံကောင်းချင်တော့ ဘယ်သွားသွား သူနဲ့ တခရီးတည်း ဖြစ်နေတော့ ကားမောင်းတဲ့ stressကို ကိုယ်မယူဘဲ သူ့ကို ဦးစားပေးလိုက်လို့ ရနေတယ်။ မြို့တပြန့် တကျယ်ကြီးမှာ ကိုယ်တိုင် လမ်းတွေသိဖို့ လိုအပ်ပေမဲ့ ဒါလဲ သက်ဆိုင်သူ သူ့ကိုပဲ ပေါ့လေ။

အဲဒီတော့ ကိုယ်တိုင် မမောင်းတော့ ဘယ်မှာ မှတ်မိမှာတုန်း။ ကိုယ့်ရဲ့ ကားလိုင်စင် ရက်ကော့ဒ်ကလဲ အရမ်း အရမ်းကို သန့်ရှင်းနေတော့တာပေါ့။ ဘာ စည်းကမ်းဖောက်ဖျက်မှုမှ မရှိ၊ ယာဉ်တိုက်မှု မရှိ၊ တော်လိုက်တဲ့ ဒရိုင်ဘာလေးပေါ့။ တော်မှာပေါ့ ဂွေ မကိုင်တာ သူတို့မှ မသိဘဲ။

အဖေ ရှိစဉ်က အဖေက အရမ်း လမ်းများတော့ ကိုယ့်ကို မျှော်လင့်ချက်ကြီးကြီး ထားခဲ့ဖူးပါတယ်။ ငါ့သမီးကို မောင်းခိုင်းပြီး ငါသွားချင်ရာ သွားလိုက်မယ်ပေါ့လေ။ ကိုယ် လိုင်စင်ရတော့ ပထမဆုံး ပြောတာက ကဲ သမီးရေ အဖေတို့ ဗမာပြည်ကို ကားမောင်းသွားကြတာပေါ့ တဲ့။ ဘုရား ဘုရား။

ဒါနဲ့ အဖေနဲ့သမီး ကားမောင်းထွက်ကြတာပေါ့။ ဗမာပြည်ကိုတော့ မဟုတ်ဘူး၊ အိမ်နား တ၀ိုက်ပါပဲ။ အဖေက အင်မတန် မှတ်ဥာဏ်ကောင်းသူပါ။ ဘေးမှာ ကိုယ့်လို ထိုင်လိုက်သူ ဖြစ်ပေမဲ့ အကုန် မှတ်မှတ်သားသား ရှိတယ်။ လမ်းတွေ အကုန်လုံး သိတယ်။

လမ်းတလျှောက်မှာ အဖေက အရမ်းကို စေတနာထားပြီး သူမှတ်ထားတဲ့လမ်းတွေ အကုန်လုံး ရွတ်ပြီး လမ်းပြလာပါတယ်။ ဒါကတော့ ဗယ်လီပဲ သမီး၊ ဒါကတော့ ဂါးဖီးလ် တဲ့။ ကိုယ်ကလဲ ဗယ်လီကို ကျော်လို့ အတ္တလန်တိတ်လမ်းမကြီးကို ရောက်လာရင်ပဲ “ဗယ်လီလမ်းမကြီးက တော်တော်ရှည်တာပဲနော်” ဆိုပြီး အလိုက်အထိုက် လုပ်လိုက်မိတယ်။ အဲဒီတော့ အဖေက “ကျော်လာပြီဟ၊ ကျော်လာပြီ၊ ငါ့နှယ် သင်လိုက်ရတာ တလမ်းလုံး အာ ကိုပေါက်လို့” တဲ့။

အဲဒီကတည်းက အဖေက ကိုယ်ကားမောင်းဖို့ စကား ဟ ဟ မပြောတော့ပါဘူး။ အရည်အချင်းကို အသိအမှတ်ပြုသွားပြီ ဆိုပါတော့။ ပျိုပျိုမေ အလည်အပတ်ထွက်မယ်၊ မော်တော်ကားလေးနဲ့ကွယ် ဆိုတဲ့ သီချင်းများ အဖေ့ရှေ့ ဆိုမိရင် ဟောက် များထုတ်မလား မသိ။

တခါကလဲ အလုပ်မှာ ဖုန်းလာတော့ ရုံးကိုလာဖို့ လမ်းမေးတာ ဖြစ်နေတယ်။ သူများကို ဖုန်းလွှဲပေးဖို့လဲ ဘယ်သူမှ အဆင်မပြေတော့ သူပြောပြောနေလို့ ကြားဖူးနားဝဖြစ်နေတဲ့ လမ်း နှစ်ခု နံမည် ပြောပြီး အဲဒီထောင့်ပဲ လို့ ပြောပြီး မြန်မြန်ပဲ ဖုန်းချလိုက်တယ်။

ပြီးမှ မှန်မမှန် မေးကြည့်တော့ ကိုယ်ပြောလိုက်တဲ့ လမ်း နှစ်လမ်းက မျဉ်းပြိုင်သဘောမျိုး ဖြစ်နေတာမို့ ဆုံမှတ်မရှိဘဲ ရှိနိုး ရှိနိုးနဲ့ ကားဆရာ လျှောက်မောင်းနေရရှာမှာ တွေးပြီး ချွေးတောင် ပျံပါတယ်။ တကယ်တော့ ချွေးပျံတာ ကိုယ်မဟုတ်ဘဲ ကားဆရာ ဖြစ်နေတာပါ။ မနက်ကတည်းက လမ်းရှာလိုက်တာ နေ့လည်လောက်မှ မောကြီးပန်းကြီးနဲ့ ရုံးကို ရောက်လာပါတယ်။ အံကြိတ်ထားပုံပါပဲ။ ချွေးတွေလဲ ရွှဲလို့ပါ။ ကိုယ်လဲ ပုန်းပြီး ကြည့်လို့ သိတာပါ။

အဲဒီတော့ သူများတွေ လမ်းပြမြေပုံတို့ ဘာတို့လုပ်ကြတာလဲ ဟုတ်မှာပါပဲလို့၊ ခုထိ အနှစ်နှစ်ဆယ်လောက် ကြာတာတောင် လိုရင်းကို မရောက်နိုင်သေးတာလဲ ငါ့လို ငတုံးတွေမို့ ဖြစ်မှာပါပဲလို့ တွေးမိပါတယ်။


မိုးချိုသင်း

14 comments:

ပီတိ said...

အမရေးတာဖတ်ရတာ အင်မတန်ကောင်းတာပဲ။ လွမ်းစရာကောင်းသလို၊ ဟာသကလည်း အင်မတန်မြောက်၊ နောက်ဆုံးစာကြောင်းလေးကလည်းထိ။
နေ့စဉ်လာဖတ်မိနေတာသာ ကြည့်တော့…

လင်း said...

အမရေ ဖတ်ရင်းနဲ့ ရယ်ရတာ အူတက်တော့မယ်။ မထိန်းနိုင်ပဲအကျယ်ကြီးတောင် အော်ရယ်မိလို့ ရုံးမှာ နည်းနည်းတောင် ဒုက္ခရောက်သွားတယ်။
အမတို့ သားအဖ ကားမောင်းတဲ့ ဟာက တကယ့်ကို ဟာသ။

M.Y. said...

ရေးတတ်ပလေတယ် ချိုသင်း ရယ်..
လိုရင်းမရောက်တာ နဲ့ တုံးတာ ချင်းအတူတူ …
့အဲဒိ တစ်ချို့ သောငတုံးများရဲ့  ရကော့ဒ်ကတော့ နှစ်နှစ်ဆယ်အတွင်း..သန့် ရှင်း နေလိမ့်မယ်မထင်ဘူး…

မောင်ရင်

wai lin said...

အညာနေမှာ တမာပင်ရိပ် ခိုလိုက်ရသလိုပဲ။ အရိပ်တင် အေးတာမဟုတ်၊ တမာရွက်နံ့ကလေးကလည်း သင်းနေသေးတာ။
မိုးချိုသင်းစာတွေ ဖတ်ရတာ အဲဒီလိုပဲ။
နှုတ်မဆက်ဖြစ်တောင် အမြဲရောက်ဖြစ်နေမှာပါဗျာ။
ရွှင်လန်းချမ်းမြေ့ပါစေ။

Kay said...

မချိုသင်းရေ..ဖီးလ် ထဲမှာ လိုပေါ့.. ခုနေသာ..ကွင်းဆင်းရရင်...GPS လေး နဲ့ဆို.. ဇိမ်ပဲ။

အသစ်လည်းတင်ထားပီ။ အမြဲလာအားပေးတာလည်း..၀မ်းသာတယ်။ တွေ့ကြအုံးမယ်လေ..ပျော်၂ပါး၂ ပေါ့
း))

ဂျစ်တူး - gyit_tu said...

မချိုသင်းရေ .. အမ မေငြိမ်းဘလောဂ့်မှာ အမဘလောဂ့်အကြောင်း တွေ့ ပြီးတည်းက လာဖတ်ဖြစ်နေတာ ။ ဟာသအငွေ့ အသက်လေးရောပြီး ရေးထားတဲ့ အမပို့စ်တွေကို ကြိုက်တယ် ။ ဖတ်၂ပြီး ရယ်ရတယ် ။ အမြဲဖတ်နေပေမယ့် ကွန်မန့် ၀င်မရေးဖြစ် ။

ခုပို့စ်ကတော့ အောက်ဆုံးပိုဒ် စာကြောင်းလေးဆွဲယူထားတာ ကြိုက်လွန်းလို့း)

အမြဲအားပေးလျက်ပါ ။

အောင်သာငယ် said...

ကောင်းလိုက်တဲ့ စာဗျာ။
ဆရာ့ကဗျာ တပုဒ်ကိုပါ သွား သတိရလိုက်မိတယ်။

အကျိုးတနဲ
ဘော်လုံးပွဲ
အံ့ဖွယ်သူရဲ စံပါပဲ။

ချမ်းမြေ့ပါစေဗျာ။

yannaing said...

မမိုးချို..
အောက်ဆုံး စာနှစ်ကြောင်းက အတော်ခရီးရောက်ပါ
တယ်ဗျာ..မှန်တယ်လို့ယူဆရရင်တော့ မှန်တယ်ပေါ့ဗျာ
မှားမှမမှားတာပဲနော့

MyowinZaw said...

ဗမာတွေ အိုဟင်နရီတယ်ကြိုက်တာဘဲ ပြီးကာနီးအလှည့်အပြောင်းတွေချည်းဘဲ ဟာဟား ကိုပေါ ပိတောက်ရိပ်လဲဒီပုံစံမျိုးလေးဘဲ အလွန်ကောင်းပါသည် မမိုးချိုသင်း စောင့်မျော်ဖတ်ရှုလျက်ပါ။

Kotharr said...

Hey Monk Cho Thwin (oh, sorry) Moe Cho Thinn,

I have read all of your posts and like all of them. Thank you very much for your beautiful writings.Please keep your good words.

Take care, Aung Din

myatnoe said...

အမရေ..
အရမ်းရီရတယ်
အောက်ကစာကြောင်းကလဲ ထိတယ်။
ပိုင်ပ .. ပြောချင်တဲ့စကားကွက်တိပဲ..

သက်ဝေ said...

ထိပါ့ဗျာ...

တန်ခူး said...

ဒါတွေကြောင့်လဲ ဒီblogလေးကို မလာရ မနေနိုင် စွဲလန်းနေတာပေါ့… မ ရေ ကောင်းလွန်းလို့  ပညာတွေ ယူသွားတယ်…ဒါထက်… ကျွန်မလဲ လမ်းမှတ်တဲ့နေရာမှာ အတော်ညံ့တယ်… မ ကမှ ကားမောင်းတတ်သေး… ကျွန်မဆို ကားတောင် ဖြောင့်အောင် မမောင်းတတ်…

မေငြိမ်း said...

ထိတယ်ဟေ့.. ဂွပ်ကနဲပဲ..။